ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲမှု တစ်ရာကျော်ရှိလာကြောင်း ‘အသံ’ အဖွဲ့ ထုတ်ပြန်

ဆက်သွယ်ရေးဥပဒေ ဖြင့် တရားစွဲဆိုမှု ၁၁၈ မှု ရှိလာ ကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ)က သတင်းထုတ်ပြန်ထားသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆက် သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံ ရမှု ၁၁ မှုရှိပြီး လက်ရှိ NLD အစိုးရလက်ထက်၌ ဆက်သွယ်ရေး ဥပဒေ မပြင်ဆင်ရသေးချိန်တွင် တရားစွဲဆိုခံရမှု ၈၇ မှုနှင့် ယင်း ဥပဒေပြင်ဆင်ပြီးမှ တရားစွဲဆိုခံ ရမှု ၂၁ မှုရှိကြောင်း အဆိုပါအဖွဲ့ က မတ်လ ၈ ရက် ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။


ထို့ကြောင့် ဒီချုပ်အစိုးရ လက်ထက်၌ တရားစွဲဆိုခံရမှု ၁၀၈ မှုရှိသည်။

‘‘ဒီဥပဒေက ပြင်ဆင်ထား ပေမယ့် အသရေဖျက်မှုမမြောက် ဘဲ မှန်တာပြောရင် တရားစွဲဆိုခံ ရတာတွေ အခုအချိန်အထိ ရှိနေ တုန်းပဲ။ ပြင်ထားတဲ့ ဥပဒေက ပြည်သူကို ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်သေး ဘူး’’ဟု အသံ(A Than) အဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင် ဆောင်းခက ပြောသည်။

ရာဇသတ်ကြီးတွင် အသရေ ဖျက်မှုကို တရားစွဲမည်ဆိုပါက ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုနိုင်သော်လည်း အမှန်တရားကို ပြောဆိုခြင်းနှင့် အများအကျိုးအတွက် ပြောဆိုခြင်းဖြစ်ပါက ယင်းပြောဆိုမှုကို အသရေဖျက်မှုမှ ကင်းလွတ်ခွင့် ရရှိရမည်ဟု ပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေးဥပဒေတွင် အဆိုပါကင်း လွတ်ခွင့်အချက်မျိုး ထည့်သွင်း ရည်ညွှန်းထားခြင်း မရှိကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာအထိ တရားစွဲဆို ခံရမှု ၁၀၆ မှုရှိကြောင်း အသံအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းဥပဒေဖြင့် တရားစွဲဆို ခံရမှုများအနက် ဗေဒင်ဆရာ အောင်ချစ်ပိုက ၎င်းအကြောင်းကို အွန်လိုင်းတွင် ရေးသားတင်ပြ သည့် အမျိုးသမီးတစ်ဦးကို တရားစွဲဆိုထားမှုကိုလည်း အဆိုပါအဖွဲ့ ၏သုတေသနစာတမ်းတွင် ထည့်သွင်းထားကြောင်း မောင်ဆောင်း ခက ဆိုသည်။

 ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရမှုများ၌ တပ်မတော်က တရားစွဲဆိုမှု ခုနစ်မှု၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တရားစွဲဆိုမှုခုနစ်မှုနှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ်သက်၍ ကြားလူများက တရားစွဲဆိုမှု ၁၀ မှု ပါ ဝင်သည်။

ထို့ပြင် သတင်းမီဒီယာသ မားများအပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားသော ၁၄ မှုရှိပြီး သတင်းသမား ၂၂ ဦးတရားရင်ဆိုင်နေရကြောင်း ယင်းအဖွဲ့ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး စာရေးဆရာ မုံရွာ အောင်ရှင်က ‘‘ဆက်သွယ်ရေးဥပ ဒေက အမျိုးမျိုးပဲ စွဲချက်တင်နေကြတာလေ။ ကိုယ်နဲ့ထိခိုက်မှုရှိ တယ်ဆိုတာနဲ့ စွဲချက်တွေက အမျိုးမျိုးတင်နေကြတာ။ ဒီဥပဒေက တကယ်တမ်းတော့ အတော်အသင့်ပြင်ဆင်နေကြတာလည်း ရှိတယ်။ ဒီထက်ပိုကောင်းအောင် ပြင်ဆင်တာ (သို့မဟုတ်) ဖျက်သိမ်းတဲ့အထိ လုပ်သင့်တယ်လို့ ထင်တယ်’’ဟု 7Day Daily သတင်းစာအား ပြောကြားထား သည်။

လက်ရှိ ပြင်ဆင်ထားသည့် ဆက်သွယ်ရေးဥပဒေတွင် ထောင်ဒဏ် ၂ နှစ်ဟု ပြင်ဆင်ပြောင်းလဲ ခြင်းကြောင့် အာမခံရရှိခြင်းနှင့် တရားစွဲဆိုပါက ယခင်ဥပဒေကဲ့ သို့ ကြားလူက ဝင်ရောက်တရား စွဲဆိုပိုင်ခွင့်မရှိခြင်း စသည့်အချက် များ ပါရှိလာသော်လည်း အရပ် ဘက်အဖွဲ့အစည်းများနှင့် ဥပဒေ ပညာရှင်များ ထောက်ပြဝေဖန်နေ သော ဒီမိုကရေစီစံချိန်စံညွှန်းနှင့် မကိုက်ညီသည့် အချက်အချို့ကို ပြင်ဆင်ခြင်း မရှိသေးကြောင်း အသံ(A Than) အဖွဲ့က ထောက် ပြထားသည်။

Top News