ခမ်းနားသိုက်မြိုက် ထိခိုက်ကြေကွဲဆုများ

၂၀၁၇ခုနှစ်အတွက် 7Day Hero ဆုရှင်သုံးဦးနှင့် ကိုယ်စားဆုလက်ခံရယူပေးသူနှစ်ဦးတို့ကို တွေ့ရစဉ်

သာမန်ပြည်သူဖြစ်သည်။ သာမန် လူလိုပင် နေထိုင်သည်။ ဆယ်လ်လီမဟုတ်။ လွတ်လွတ်လပ်လပ်၊ ဘာသိဘာသာပင် နေထိုင်သည်။ သို့သော် အရေးကြုံပါက ကိုယ် ကျိုးစွန့်၍ ဆောင်ရွက်သည်။ အ နစ်နာခံ၍ စွမ်းစွမ်းတမံလှုပ်ရှား သည်။ ကိုယ့်ဆီက မည်သည့်အ ရာပါသွားမည်နည်း။ အသက်ပါ သွားမလား။ ဂရုမစိုက်။ မည်သည့် အရာကိုမျှ မမျှော်ကိုးဘဲ လုပ် ဆောင်သည်။

သူ့ရင်ထဲမှာ သူရဲကောင်း စိတ်ဓာတ်နှင့် အသည်းနှလုံးရှိနေ ၏။ နီရဲတောက်ပ၏။ လူသားအား လုံး အများအကျိုးအတွက် သူရဲ ကောင်းစိတ်ဓာတ်နှင့် ရှင်သန်နေ ကြလျှင် ကျွန်တော်တို့တိုင်းပြည် သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် မည်။

ကျွန်တော်တို့က မသိလိုက် မသိဘာသာ နေထိုင်ခဲ့ကြသည်။ 7Day ကတော့ လူသားထဲမှာ မည်သူသည် အများအတွက် မည် မျှအကျိုးဆောင်ခဲ့သနည်း။ တစ် နှစ်တစ်နှစ် စောင့်ပြီး မှတ်တမ်း တင်၏။ ဂုဏ်ပြုသည်။ သူတို့သည် တစ်နှစ်အတွင်း နေ့စဉ်အဖြစ်အပျက်များကို စောင့်ကြည့်မှတ် တမ်းတင်ထားပါလိမ့်မည်။ တစ် နှစ်ကုန်သောအခါ သူတို့ရွေးချယ် ထားသော သူရဲကောင်းစာရင်းက ထွက်လာသည်။ ကြီးကျယ်သော ဟိုတယ်တွင် သူရဲကောင်းများကို ခမ်းနားစွာ ဆုပေးသည်။ သူရဲ ကောင်း၏လုပ်ဆောင်မှုကို ဗီဒီယို မှတ်တမ်းတင်ပြီး ကြွရောက်လာ သော ဧည့်ပရိသတ်ကို တစ်ကွက် စီ တစ်ကွက်စီ ပြသတတ်သေး၏။ ကျွန်တော်တို့သည် ကြည့်ရင်း ကြည်နူးရ၏။ ကြည့်ရင်း ကြေကွဲ ရ၏။ ကြည့်ရင်း လေးနက်ရ၏။

ထိုသူများသည် ကျွန်တော် တို့ မျက်စိအောက်မှ လူများဖြစ် နေတတ်သလို ရန်ကုန်မြို့ပြနှင့် ဝေးကွာသော အရပ်မှ လူသား လည်း ဖြစ်နေတတ်သည်။ ဓမ္မစေတီလမ်းနှင့် လင့်လမ်း ထောင့်မှ ယာဉ်ထိန်းတာဝန်ထမ်း ဆောင်သူ ဒုတပ်ကြပ်ခင်မြင့် မောင်ဆိုလျှင် ကျွန်တော်က နေ့ တိုင်း မြင်တွေ့နေရသည်။ ယာဉ် ထိန်းရဲဆိုလျှင် ယာဉ်မောင်းထံမှ ငွေတောင်းသူဟု ပြည်သူက ထင် မြင်နေမှုကို ဒုတပ်ကြပ်ခင်မြင့် မောင်က နေ့စဉ်အလုပ်ဖြင့် တော် လှန်ခဲ့၏။ နေပူမိုးရွာမရှောင် ခရာမှုတ်သံတရွှီရွှီဖြင့် သူသည် အထူးကြိုးစားစွာ တာဝန်ထမ်း ဆောင်သည်။ မည်သူ့ကိုမှ မရစ်၊ မည်သူ့ထံကမှ ပိုက်ဆံမတောင်း။ လမ်းပေါ်မှာ ကားများ မပိတ်ဆို့ အောင် သူ ကြိုးစားစွမ်းဆောင် သည်။ ယာဉ်ပိုင်ရှင်တို့၏စေတနာ ဖြင့် သူ့ထံမှာ စားစရာတွေ၊ ရေ သန့်ဘူးတွေ တစ်ပုံကြီး။ သူ့မေတ္တာကိုယ့်မေတ္တာဖြစ်သည်။ သူ့ကို ကျွန်တော် နေ့စဉ် မြင်တွေ့ရ သည်။ တက္ကစီဆရာအမျိုးမျိုးက လည်း ‘‘သူပေါ့။ ဆဲဗင်းဒေးက ပေးတဲ့ သူရဲကောင်းဆုတောင် ရ ထားတာ’’ဟု အမြဲပြောကြသည်။

၂၀၁၁ ဒီဇင်ဘာ ၂၉။ မင်္ဂလာတောင်ညွန့် မေတ္တာမွန်ဂိုဒေါင် များ မီးလောင်ပေါက်ကွဲမှု။ ထိုည က ကျွန်တော်တို့လည်း အသံကြား ရသည်။ တိုက်အချို့ပင် အက် ကြောင်းထသွားခဲ့၏။ ဓာတု ပစ္စည်းများ ပေါက်ကွဲလောင်ကျွမ်း မှု။ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များသည် အသက်ကို ပေးဆပ်၍ စွန့်စားခဲ့ကြ၏။ ငြှိမ်း သတ်ခဲ့ကြ၏။ တကယ်လည်း မီးသတ်တပ်ဖွဲ့ဝင်ငါးဦး ထိုလောင် ကျွမ်းမှုထဲမှာ သေဆုံးခဲ့ရသည်။ ကျန်တပ်ဖွဲ့ဝင် ၃၈ ဦးက ဒဏ်ရာ ကြီးကျယ်စွာ ရရှိခဲ့ကြ၏။

မီးသတ်တပ်ဖွဲ့သည် သေ မင်းနှင့်ရင်ဆိုင်လျက် အများပြည် သူအတွက် တာဝန်ထမ်းဆောင်ခဲ့ ကြသည်။ ထိုလုပ်ဆောင်မှုကို ကျွန်တော်တို့က နှုတ်ကသာ ချီး ကျူးမိခဲ့၏။ 7Day ကမူ ၂၀၁၁ 7Day News Hero ဆုချီးမြှင့်ခဲ့ သည်။ ကျဆုံးခဲ့သော တပ်ဖွဲ့ဝင် များ၏မိသားစုများ၊ ဒဏ်ရာရသူ များကို 7Day က ဆုငွေများပေးခဲ့ သည်။ ကျွန်တော်မှတ်မိနေသည်။

မွန်ဂါခရမ်အသင်းတော်မှ ဓမ္မဆရာဦးမျိုးလတ်၊ ကချင်ပြည် နယ်မှ စစ်ဘေးရှောင်ပြည်သူများ ကို မိမိ၏မိသားစု အရင်းအချာသ ဖွယ် ကူညီစောင့်ရှောက်ခဲ့သည်။ 7Day သည် သူ့ကို မျက်ကွယ်မပြု ခဲ့ပါ။ သူသည် ၂၀၁၁ 7Day NewsHero ဆု ရရှိခဲ့ဖူးသည်။

၂၀၁၁ အောက်တိုဘာ ၁၉၊ မုံရွာခရိုင်၊ မြောက်ယမားချောင်း ရေကြီးမှု။ ယင်းမာပင်မြို့နယ် ရွှေ ပန်းခိုင်ကျေးရွာတွင် ရေများသည် ကြီးမားသော အရှိန်ဖြင့် စီးဝင်ခဲ့ ၏။ ဦးအောင်နိုင်လင်းနှင့် တူ မောင်ထွန်းထွန်းဝင်းတို့က ကျွန်း လှေကြီးတစ်စီးဖြင့် ရွာထဲက သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ ကလေးသူငယ်များကို အန္တရာယ် မှ လွတ်ကင်းအောင် ကယ်တင်ခဲ့ ကြ၏။ ကိုယ်ကျိုးစွန့်၍ အများအ တွက် ဆောင်ရွက်မှုဖြစ်သည်။ 7Day က မှတ်တမ်းတင်ထား သည်။ တူဝရီးနှစ်ဦးစလုံး ၂၀၁၁ 7Day News Hero ဆုရှင်များဖြစ် ခဲ့ကြ၏။

One More ပရဟိတအဖွဲ့ သည် ၂၀၁၁ 7Day News Hero ဆုကို ရဖူးသည်။

၂၀၁၂ ဧပြီ ၁၁။ ရန်ကုန်- မော်လမြိုင်အစုန်ရထားအမှတ် (၁၇၆)သည် သူ့မောင်းနှင်အားနှင့် သူ ဒါးပိန်ဘူတာသို့ဝင်နေသည်။

အသက်(၆၂)နှစ်အရွယ် အဘွားနှင့် (၈)နှစ်အရွယ် မြေးတို့ သည် ရထားနှင့်မျက်နှာချင်းဆိုင် ချောင်းကူးတံတား ရထားသံလမ်းပေါ်တွင် ကြောက်ရွံ့တုန်ရီစွာ ခြေစုံရပ်လျက် ရှိနေကြ၏။ သူတို့သည် မည်သို့ လွတ်လမ်းရှာရမည်ကို မသိနိုင်အောင် ထူပူနေကြသည်။ စက်ခေါင်းမောင်းသူက အရေးပေါ်ဘရိတ်ကို အုပ်လိုက် ပြီ။ ရထားက လုံးဝရပ်တန့်နိုင်ခြင်း မရှိခဲ့။ တစ်နာရီ ခုနှစ်မိုင်နှုန်းဖြင့်ရှေ့သို့ သွားနေဆဲ။ မြေးအဘွားမှာ မျက်လုံးများ ပြူးကျယ်လျက်။ တုန်ရီထိတ်လန့်လျက်။ လက် ထောက်စက်ခေါင်းမောင်း ဦးဌေး နိုင်သည် စက်ခေါင်းပေါ်မှ ပြေး ဆင်းချလိုက်၏။ မြေးအဘွားကို ရထားသံလမ်းပေါ်မှ တွန်းထုတ် ဖယ်ရှားပစ်လိုက်၏။ သုံးဦးသား သည် ရထားသံလမ်းတံတားပေါ် မှ ချောင်းထဲသို့ ပြုတ်ကျသွားခဲ့၏။ ဤနည်းဖြင့် အသက်ဘေးမှ လွတ် မြောက်ခဲ့ရသည်။ ဦးဌေးနိုင်၏ သူရဲကောင်းစိတ်ဓာတ်ကို 7Day က အလေးအနက်ထားခဲ့၏။ ၂၀၁၂ 7Day News Hero ဆုကို ဦးဌေးနိုင် ရရှိခဲ့ပါသည်။ သည်း ထိတ်ရင်ဖိုဖြစ်ရပ်ဖြစ်ပါသည်။

လေယာဉ်မှူး ဦးသန်းထွေး သည် ထားဝယ်လေဆိပ်မှ ဆိုင် ကယ်မတော်တဆဖြင့် ဒဏ်ရာရ နေသည့် (၁၅)နှစ်သားတစ်ဦးကို လေယာဉ်လက်မှတ်မပါဘဲ လေ ယာဉ်ပေါ် ပေးတင်ခဲ့သည်။ ထို (၁၅)နှစ်သားနှင့် အခြားသူများပါ လက်မှတ်မပါဘဲ မိမိကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် တင်ဆောင်ခဲ့သည်။ လူသားအသက်ဆက်လက်ရှင် သန်ရေးအတွက် လူ့သဘာဝစိတ် ဓာတ်ဖြင့် အစဉ်အလာစည်းကမ်း ကို ဆန့်ကျင်ကာ သူတင်ဆောင်ခဲ့ သည်။ ဦးသန်းထွေးသည် ၂၀၁၂ 7Day News Hero  ဖြစ်လာခဲ့၏။

လက်နှစ်ဖက်နှင့် ခြေတစ် ဖက်မသန်စွမ်းသော မစုပုံချစ် သည် ခြေထောက်ဖြင့် စာရေးကာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး လေးဘာသာဖြင့် အောင်မြင်ခဲ့၏။ သူမ၏စွမ်းဆောင်မှု၊ ကြိုးစားမှုမှာ ကျောင်းသားလူငယ်များအတွက် နမူနာစံပြဖြစ်သည်ဟု 7Day က ယူဆကာ မစုပုံချစ်အား ၂၀၁၂ 7Day News Hero ဆုချီးမြှင့်ခဲ့ဖူး ၏။ ၂၀၁၂။

၂၀၁၂ 7Day News Hero ဆုရှင်များသည် ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် အဖွဲ့။

ဘ/ကကျောင်းများ အဆင့် မြှင့်တင်ရေးအတွက် အထူးအား သွန်ကြိုးစားခဲ့သော ဖောင်တော် ဦးဆရာတော် ဦးနာယက၊ စာရေး ဆရာ ကိုတာ။ ထိုသင်တန်းများ  တည်ထောင်လုပ်ကိုင်နေသော အဖွဲ့နှစ်ဖွဲ့သည်လည်း 7Day က 7Day News Hero များအဖြစ် ဆု ချီးမြှင့်ခဲ့သည်။ ၂၀၁၂ အတွက် 7Day ၏ဆုများ။ သူရဲကောင်းဆု များ။

အသားအရောင် ကွဲပြား ခြင်း၊ ကိုးကွယ်ဘာသာ ခြားနား ခြင်းအတွက် လူသားသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု မုန်းတီးရန် အ ကြောင်းမရှိ၊ ရန်လိုရန်အကြောင်း မရှိ၊ တိုက်ခိုက်ရန်အကြောင်းမရှိ။ ပဋိပက္ခဖြစ်စရာအကြောင်းမရှိ။

သို့သော် မိတ္ထီလာမြို့တွင် ၂၀၁၃ မတ်လ ၂၀ တွင် အကြမ်း ဖက်မှုကြီး ဖြစ်ပွားခဲ့သည်။ ပြေး ကြလွှားကြ၊ ရိုက်ကြနှက်ကြ။ မီး တောက်များ၊ မီးခိုးများ၊ မီးလောင်ရာ လေပင့်မှုများ၊ တစ်ဦးနှင့်တစ် ဦး နားလည်မှုလွဲနေခြင်းများ။

မိတ္ထီလာမြို့ ရတနာဦး ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓသည် အသက်ကို ဖက်နှင့်ထုပ်ပြီး စွန့်စားပြေး လွှားနေကြရသော ဒုက္ခသည် ၈၀၀ ကျော်ကို ကျောင်းတိုက်အတွင်း သွင်းကာ လုံခြုံမှုပေးခဲ့သည်။ ထို ၈၀၀ ကျော်သည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြသည်။ ထုတ်ပေးရန်သာ ပြောကြသူများကိုလည်း ‘‘ဘုန်းကြီးကို အရင်သတ်ပါ၊ ပြီးမှ ဒုက္ခသည်တွေကို သတ်ပါ’’ဟု ရဲဝံ့စွာ ရင်ဆိုင်ပြောကြားခဲ့သည်။

ဆရာတော်ဦးဝိသုဒ္ဓ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအတွက် စွမ်းဆောင်ချက်တွင် နမူနာကောင်းဖြစ်သည်။ အသက်များစွာကို ကယ်တင်ခဲ့သော ရဟန်းဖြစ်သည်။ ထို့အတွက် 7Day News က ၂၀၁၃ အတွက် 7Day News Hero ဆု ဆက်ကပ်ဂုဏ်ပြုခဲ့ သည်။ ဤဖြစ်ရပ်မှာ ကျွန်တော် တို့ သာဓုခေါ်ရသည်။ 7Day သူရဲ ကောင်းဆု ဆက်ကပ်ခြင်းအပေါ်မှာလည်း ကြက်သီးထစွာ ကျေနပ် ကြည်နူးရသည်။ ဝမ်းသာမိသည်။

ဂစ်တာသမားကြီး ဦးရဲလွင်။ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွေး ဖြူဖြူရှည်ရှည်။ ဂစ်တာတစ်လုံး။ ကောင်းဘွိုင်ဦးထုပ်ကြီးကို ဆောင်းလျက်၊ ဂစ်တာတီးလျက်၊ သီချင်းဆိုလျက် သူ့အဖွဲ့နှင့်အတူ အလှူခံသည်။ ဒုက္ခရောက်သူ များ၊ ချို့တဲ့သော အဖွဲ့များ၊ စစ် ဘေးသင့်နေရသူများထံသို့ ဂီတ ဖြင့် ရရှိခဲ့သော ငွေကြေးများကို ပြန်လည်လှူဒါန်းသည်။

ကျွန်တော်တို့အားလုံးက ချစ်သော ဦးရဲလွင်။ ငြိမ်းချမ်းရေးမြတ် နိုးသူ၊ မေတ္တာတရားအားကောင်း သူ၊ အတ္တကင်းစင်သူ။ ထိုဦးရဲလွင် အား 7Day News က ၂၀၁၃ အ တွက် 7Day News Hero ဆု ရွေးချယ်ချီးမြှင့်ခဲ့သည်။ ကျွန်တော်တို့ ၏ချစ်ခြင်းမေတ္တာနှင့် ထပ်တူကျခဲ့ ပါသည်။

ပင်းတယဆေးရုံအုပ် ဒေါက် တာ သန်းမင်းထွဋ်၊ မသန်စွမ်းရေ ကူးအားကစားသမား အောင်ငြိမ်း ဦးတို့သည်လည်း ၂၀၁၃ 7Day News Hero ဆုများ ရရှိခဲ့ကြ၏။

၂၀၁၄ 7Day News Hero များမှာ ကွမ်းလုံဒေသ ပရဟိတလူ  ငယ်များအဖွဲ့အစည်း။ လောက် ကိုင်ဒေသ တိုက်ပွဲကြား၊ ကျည် ဆန်တွေကြားကနေ စစ်ဘေး ရှောင်ပြည်သူ တစ်သောင်းဝန်း ကျင်ကို မော်တော်ယာဉ်များဖြင့် လူးလာခေါက်တုံ့ ကယ်တင်ခဲ့ကြ ခြင်း။

ရာဇာမင်း ခရီးသည်ယာဉ် မိုင်တိုင် ၁၉၇ မိုင် ၆ ဖာလုံတွင် မီးရထားခုံးကျော်တံတားပေါ်မှ အောက်သို့ ဇောက်ထိုးကျတိမ်း မှောက်စဉ် ဒုက္ခရောက်နေသူများ ကို လူသားချင်း စာနာထောက် ထားစွာ ကူညီခဲ့သူ ဦးစိုးမင်းလွင်။ ၂၀၁၄ 7Day News Hero ဆု။

အစိုးရ၏ လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးကာ တိုင်း ဒေသကြီး လွှတ်တော်ထဲတွင်အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအနေဖြင့် မေးခွန်း ပေါင်း ၂၀၀ ကျော် မေးမြန်းခဲ့ပြီး အဆို ၂၀ ကျော် တင်သွင်းခဲ့သူ ဒေါက်တာညိုညိုသင်း။ သူမ၏ တာဝန်ကို အကောင်းဆုံး၊ အထူး ခြားဆုံး၊ သတ္တိအကောင်းဆုံး လုပ် ဆောင်ပြသနိုင်ခဲ့သောဒေါက်တာ ညိုညိုသင်း။ 7Day News က ၂၀၁၄ ၏ 7Day News Hero ဆုရှင်အဖြစ် ရွေးချယ်ခဲ့၏။ ဒေါက်တာ ညိုညိုသင်းကို ၂၀၁၈ မှာ လည်း ပြည်သူလူထုက အလွန် တောင့်တနေပါသည်။

ဒုက္ခရောက် ပြည်သူများကို ခိုလှုံသက်သာခွင့်ပေးခဲ့သူ သဘာ ဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရ။ ၂၀၁၄ 7Day News Hero ဆု။

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေးကို စွမ်းစွမ်း တမံ ဆောင်ရွက်နေသော FED အဖွဲ့ကိုယ်စားပြု ဦးထူးချစ်။ MATခေါ် ထိုင်းရောက် မြန်မာလုပ်သား များအဖွဲ့ ကိုယ်စားပြု ဦးကျော် သောင်း။ ၂၀၁၄ 7Day News Hero ဆု။

 ရခိုင်ပင်လယ်ပြင်တွင် သင်္ဘောနစ်မြုပ်စဉ် ပင်လယ်ပြင် အတွင်းမှ ခရီးသည် ၁၆၉ ဦး၏ အသက်ကို သက်စွန့်ဆံဖျားကယ် တင်ခဲ့သူ အုန်းချောင်းရွာမှ တံငါ သည်ငါးဦး။ ဦးသန်းအောင်၊ ဦးကျော်ဆန်းမြင့်၊ ကိုဇော်မျိုးသန်း၊ ကိုအောင်မျိုးသန့်၊ ကိုသန်းကျော်မြင့်။ 7Day News က ၂၀၁၅7Day News Hero ချီးမြှင့်ခဲ့သည်။

 ဘေးအမျိုးမျိုးသင့်သူများ ကို အကူအညီပေးသော ဝေဠု ကျော် ဖောင်ဒေးရှင်း။ ၂၀၁၅ ၏ 7Day Hero ဆု။

 လောက်ကိုင်တိုက်ပွဲတွင် ဆေးရုံမှာ အချိန်ပြည့်အသင့်အ နေအထားဖြင့် အကူအညီပေးခဲ့၊ ဆေးဝါးကုသပေးခဲ့သည့် ကွမ်းလုံ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ်း မြို့နှင့် ဆေးရုံဝန်ထမ်းများ။ 7Day Hero ဆု။ ၂၀၁၅။

၂၀၁၅ နိုဝင်ဘာ ၈။ အ ပြောင်းအလဲအတွက် နိုင်ငံသစ်ကို ပုံဖော်ခဲ့ကြသော၊ သတ္တိရှိရှိ၊ အမြော်အမြင်ရှိရှိ မဲပေးခဲ့ကြသော ပြည်သူများအားလုံးကို 7Day News က လေးနက်စွာ၊ လှိုက်လှဲစွာ အသိအမှတ်ပြုခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် စိတ်အားထက်သန်စွာ မဲပေးထောက်ခံခဲ့သော ပြည်သူများကို 7Day News က 7Day Hero ဆု ချီးမြှင့်ခဲ့ပါသည်။ သမိုင်းတွင်သည့် ရွေးကောက်ပွဲ။ သမိုင်းတွင်သည့် လက်သန်းများ။ သမိုင်းကို ပိုမိုထင်လင်းစေသော 7Day Hero ဆု။ ၂၀၁၅။ ပြည်သူများ။ ကျွန်တော် မျက်ရည်ကျရသော 7Day Hero ဆု။

၂၀၁၆ ဇွန် ၁။ ကူးတို့လှေ သည် တောဖျားချောင်းပေါ် ပိုးရွှီ ပြင်မြစ်အလယ်တွင် နစ်မြုပ်သွား ခဲ့သည်။ ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းမြို့နယ် ဂန့်ဂါရွာမှ ဖူးသစ် နုပျိုကျောင်းသူကျောင်းသားလေး များ ပါဝင်သည်။ ဇွန် ၁ ကျောင်း စဖွင့်သည့်နေ့မှာ မြစ်ရေထဲက အဆိုးကြမ္မာ။ ကျောင်းအပြန်အ ဖြစ်အပျက်။ ၉ တန်းကျောင်းသား ကလေး မောင်စိုးအောင်လင်းနှင့် မောင်ရီဝေလင်းတို့က ကမ်းစပ်မှ ပေ ၅၀ အကွာမှ ရေထဲနစ်မွန်းနေ သော ကျောင်းသူကျောင်းသား ညီမငယ်၊ ညီငယ်လေးများကို သွားချည် ပြန်ချည် ရေကူးလျက် ကယ်တင်ခဲ့ကြ၏။ မောင်ရီဝေ လင်းသည် နောက်ဆုံးကျောင်းသူ ကို ကယ်တင်ရင်း သူပါ ရေထဲ နစ်မြုပ် အသက်ဆုံးပါးခဲ့ရရှာ၏။ ကိုယ့်အသက်ကို ကြွေပျက်ခံပြီး ကယ်တင်ခဲ့ခြင်း။ 7Day News က မောင်ရီဝေလင်းနှင့် မောင်စိုး အောင်လင်းတို့ကို 7Day Hero ဆုချီးမြှင့်ခဲ့သည်။ ၂၀၁၆။ ကျွန်တော်စိတ်ထိခိုက်ရ၏။

ကမ္ဘာပျက်ပြီလား။

၂၀၁၆ အောက်တိုဘာ ၁၅၊ နံနက် ၅ နာရီ။ ချင်းတွင်းမြစ်ထဲ တွင် အောင်စိုးမိုးကျော်အမြန်ရေ ယာဉ်တိမ်းမှောက်ခြင်း။ ရာနှင့်ချီ သော ခရီးသည်များသည် ငယ်သံ ပါအောင် အော်ဟစ်နေကြ၏။ ငရဲ။ ဟုမ္မလင်းမှ မုံရွာအစုန်။ မိကျောင်းတွင်းကျေးရွာအနီး။

ရေယာဉ်ပါ ၁၅၄ ဦး၏ အ သက်ကို မိကျောင်းတွင်း၊ အထက်ကင်း၊ ကင်းကျေးရွာရှိ ရွာသူရွာ သားများက ညီညွတ်တက်ကြွစွာ ကယ်ဆယ်နိုင်ခဲ့ကြ၏။ ၇၃ ဦး အလောင်းရှာတွေ့။ ခုနစ်ဦးပျောက်။

လူအများကို ကောင်းသော စိတ်ထားဖြင့် ကယ်ဆယ်ခဲ့သော ရွာသုံးရွာကို 7Day News က ၂၀၁၆ အတွက် 7Day Hero ဆု ချီးမြှင့်ခဲ့ပါ၏။

၂၀၁၆ အတွက် 7Day Hero ဆုကို ပညာရှင်ပီသသော ဒေါက်တာ ထွန်းလွင်၊ တာဝန်သိသစ္စာရှိသော သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် Myanmar Now၊ နာဂဒေသမှာ ရောဂါဆိုးထိန်းချုပ် နိုင်ရေး အကောင်းဆုံးစွမ်းဆောင် ခဲ့သူ ကျန်းမာရေးမှူး ကိုသန့်ဇင်ဦး တို့လည်း ရရှိခဲ့၏။

‘လူနာကို လူနာကဲ့သို့ ကြည့် ပါ’ ဟူသော ခံယူချက်ဖြင့် လူမျိုး ဘာသာမခွဲခြားဘဲ ဆေးကုသနေ သူ ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ခင်သူဇာကိုလည်း 7Day မှ ၂၀၁၆ 7Day Hero ဆု ချီးမြှင့်ခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကြမ်းဖက်သေ နတ်သမားသည် NLD ၏ ဥပဒေ အကြံပေး ဥပဒေပညာရှင် ဦးကိုနီ၏ ဦးခေါင်းသေနတ်ဖြင့် တေ့ပြီး ပစ်ခတ်လိုက်ပြီ။ လူသတ်သမား မှာ ကြည်လင်းဟုခေါ်၏။ အငှား ယာဉ်မောင်း ကိုနေဝင်းသည် လေ ဆိပ်တက္ကစီဝင်းထဲမှ ပြေးထွက် လိုက်သည်။ အုတ်ခဲကျိုးကို ကောက်ကိုင်ပြီး လူသတ်သမား နောက်သို့ အပြေးလိုက်၏။ သေနတ်သမားကို အုတ်ခဲဖြင့် လှမ်းပစ်သည်။ အုတ်ခဲမှန်ခံရသော ကြည်လင်းကလည်း ကိုနေဝင်းကို သေနတ်ဖြင့် လှည့်ပစ်ခဲ့၏။ ထိုသေနတ်ဒဏ်ရာဖြင့် ကိုနေဝင်းသည် ဦးကိုနီနည်းတူ သေဆုံးခဲ့ရ၏။

ကိုနေဝင်းနှင့် လေဆိပ်မှ တာဝန်သိ ပြည်သူများကို 7Day က 7Day Hero ဆုချီးမြှင့်ခဲ့သည်။ ၂၀၁၆ အတွက်။

၁၂ ဘီး ကုန်တင်ကားကြီး သည် အရှိန်ပြင်းပြင်းမောင်းနှင် လာနေ၏။ ကျောင်းသားငယ်လေး တစ်ဦးကို ထို ၁၂ ဘီးကားကြီးက တိုက်မည့်ဆဲဆဲ လက်မတင်လေး အလို။

ဆပ်သွားတော မူလတန်း ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဝေသည် ကလေး ဆီသို့ အပြေးလာနေ၏။ ကလေး ကို ကားဘီးအောက် မရောက် အောင် တွန်းတိုက်ဖယ်ရှားနိုင်ခဲ့ ၏။ ဆရာမ ဒေါ်သန်းသန်းဝေ ကိုယ်တိုင်မူ ကလေးအစား ၁၂ ဘီးကားအောက်တွင် အသက်ပျောက်သွားခဲ့ရရှာ၏။

ဆရာမ ဒေါ်သန်းသန်းဝေ အား 7Day News က ၂၀၁၇ 7Day Hero ဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့် လိုက်သည်။ ကျွန်တော်တို့သည် ထိခိုက်ကြေကွဲရပါ၏။

လူကောင်သေးလှသော ကိုထွန်းထွန်းအောင်က ၂၀၁၇ ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ဆွတ်ခူး ပေးခဲ့သည်။ 7Day က သူ့ကို ၂၀၁၈ မတ်လ ၇ ရက်နေ့က 7Day ဆု ချီးမြှင့်ခဲ့၏။

နိုင်ငံရေး အကျဉ်းသားများ အတွက် မီးအိမ်ရှင်ဖြစ်သူ ဒေါက် တာ ခင်သန်းအေးကိုလည်း 7Day က 7Day Hero ဆုချီးမြှင့်ခဲ့သည်။

ကမ္ဘာကျော် အောင်လအန် ဆန်။ ၂၀၁၇ အတွက် 7Day Hero အဖြစ် 7Day က ဆုချီးမြှင့်သည်။

၂၀၁၇ နိုဝင်ဘာ ၅။ သာစည်၊ ကွမ်းခြံရိုးဘူတာအနီးက ကန်ထဲ တွင် မီးရထားဝန်ထမ်းဖခင်နှင့် (၅)နှစ်သား ကလေးတစ်ဦးသည် ရေချိုးရင်း ရေနစ်သွား၏။

တံငါတဲအတွင်းမှ အစ္စလာမ် ဘာသာဝင်လည်းဖြစ်၊ ကိုယ်ဝန် ဆောင်လည်းဖြစ်သော အသက် (၃၄)နှစ်အရွယ် မသီတာဦးက ပြေးထွက်လာ၏။ သူမသည် ရေထဲသို့ ဆင်းကူးကာ (၅)နှစ်သားလေးကို ခဲရာခဲဆစ် ကယ်တင်နိုင်ခဲ့၏။ အစ္စလာမ်ဘာသာဝင်က ဗုဒ္ဓဘာသာဝင်ကလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ မသီတာဦး၏ ဝမ်းဗိုက်ထဲက သန္ဓေသားကမူ ထိုလှုပ်ရှားမှုကြောင့် ပျက်စီးဆုံးရှုံးသွား၏။ သို့သော် မသီတာဦးက ကျေနပ်သည်။ မသီတာဦးကို 7Day News က ၂၀၁၇ အတွက် 7Day Hero ဆုချီးမြှင့်ခဲ့ပါ၏။ ၂၀၁၈ မတ်လ ၇ ရက်က မသီတာဦးက ဆုယူပြီး စကားပြောစဉ်မှာ ကျွန်တော်တို့သည် ထိခိုက်ကြေကွဲရ၏။ ခမ်းနားသိုက်မြိုက်စွာထိခိုက်ကြေကွဲရပါ၏။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

Top News