ပါတီကြမ်းပိုး

(၁)အင်းဆက်ပိုးမွှား တစ်မျိုးဖြစ်သည့် ကြမ်းပိုးကို ကျွန်တော် အ လွန် မုန်းသည်။ ကြမ်းပိုးသည် သွေးစုပ်ဖုတ်ကောင်သဖွယ် မမြင် ရသည့်နေရာတွင် နေသည်။ လူခန္ဓာကိုယ်ပေါ်တွင် မနေသော် လည်း လူနှင့်အနီးစပ်ဆုံးနေရာ တွင်နေသည်။ ပေါက်ဖွားနှုန်းက လည်း အရမ်းမြန်ပြီး အုံနှင့်ကျင်း နှင့်တိုက်ခိုက်တတ်သည်။ လူ့ခန္ဓာ ကိုယ်ထဲမှ သွေးကို စက္ကန့်ပိုင်း အတွင်း နှမ်းတစ်စေ့လောက်ရ အောင် စုပ်ယူနိုင်သည်။

ကြမ်းပိုး(Bug)ကို ကြမ်းပိုး ဟု အမည်ပေးခဲ့ခြင်းမှာ လူနေအိမ်များ၏အခင်းကြမ်းကြားထဲတွင် နေသော ပိုးကောင်းများဖြစ်၍ဟု ယူဆနိုင်သည်။ ကျွန်တော်တို့ငယ် စဉ်ကတော့ ကြမ်းပိုးအများဆုံး နေရာအရပ်သည် ရုပ်ရှင်ရုံ၊ စာ သင်ကျောင်းနှင့် မီးရထားဘူတာ ရုံတို့ဖြစ်သည်။ သန့်ရှင်းမှုအား နည်းသော လူအများအသုံးပြု သည့် ထိုင်ခုံ၊ ခုံတန်းများတွင် ကြမ်းပိုးများသည် ပျော်ပျော်ကြီး နေထိုင်ကြ၏။

၁၉၇၀ ကျော်တစ်ဝိုက်တွင် ကြမ်းပိုးနှင့်ပတ်သက်၍ ‘သူခိုး ကြမ်းပိုး’ ဟု ခေါ်သည့် ဝေါဟာရ သစ်တစ်ခုကို ကြားရသည်။ ရပ် ကွက်ထဲရှိ ခိုးဆိုးလုနှိုက်တွေကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ လူကြီးသူ မတွေက လူငယ်တွေကို ‘သူခိုး ကြမ်းပိုးတွေနဲ့ မပေါင်းနဲ့၊ ကြည့် ရှောင်’ ဟု သတိပေးလေ့ရှိသည်။ လူငယ်တွေကလည်း သူခိုးကြမ်း ပိုးများနှင့်မပေါင်းကြပါ။ ထိုသူ များကိုလည်း အားမကျ၊ အတုမ ခိုးကြပါ။ သို့သော် ထိုအချိန်တွင် စတီရီယိုလောက၌ Love Bug ဟုသော သီချင်းတစ်ပုဒ်က ခေတ် စားလာလေသည်။ လူငယ်လူရွယ် တို့သည် Love Bug ကို ပါးစပ်ဖျားမှ မချ။ အချစ်ကြမ်းပိုးသည် စတီရီယိုတေးသွားဖြင့် သူတို့နှလုံးသားကို စစ်ခနဲ စစ်ခနဲ ထိုးလေပြီ။ နာလို့နာရမှန်းမသိ။ ထိုကြားထဲ လမ်းသရဲဇာတ်လိုက်တို့၏ရုပ်ရှင် တွေကလည်း လူငယ်ပရိသတ်ကို ဆွဲဆောင်လာသည်။ လမ်းသရဲ တွေက ဆံပင်အရှည်ထားပြီး ခေါင်းလောင်းဘောင်းဘီဝတ်ကာ  လျှာတိုဦးထုပ်လေးတွေဆောင်း ၍ သရုပ်ဆောင်သည်။ ထိုလျှာတို ဦးထုပ်လေးတွေကို အချစ်ကြမ်း ပိုးအထိုးခံရသူများက လိုက် ဆောင်းကြ၏။ ထို့ကြောင့်လည်း  ကြမ်းပိုးဦးထုပ်ဟု ခေါ်ကြပြန် သည်။ ဤတွင် ကြမ်းပိုးဋီကာကို ခေတ္တရပ်နားရန်သင့်ပြီဖြစ်သည်။

(၂) ပါတီ(Party)ဆိုလျှင် အချို့သည် ယခုအချိန်ထိ နာမည် ကြားရုံနှင့် ကြောက်နေတတ်သူ များရှိသည်။ အာဏာရှင်တို့လက် ထက်တွင် ပါတီနှင့်အာဏာရှင်တို့ မှာ စိမ်းစားဥနှင့် ချိချဉ်၊ နွားနို့နှင့် သံပရာတို့ကဲ့သို့ တွဲဖက်မစားသုံး သင့်သောအရာတွေဖြစ်၏။ Partyကို အဓိပ္ပာယ်ဖွင့်မည်ဆိုလျှင် ရွေး ကောက်ပွဲတွင် ပါဝင်အရွေးခံ သည့် နိုင်ငံရေးအုပ်စု၊ ဧည့်ခံပွဲ အပြင် အလုပ်အတူလုပ်သူများ၊ ခရီးအတူ သွားသူများဟုလည်း အနက်အဓိပ္ပာယ်ရသည်။ အာ ဏာရှင်တို့သည် ပြည်သူများနှင့် အလုပ်အတူ မလုပ်လို၊ ခရီးအတူ သွားသူများဟုလည်း မသတ်မှတ် ချင်၊ ရွေးကောက်ပွဲဟူသည့် စကားကိုလည်း မကြားချင်ကြ။ ထိုသို့နှင့် ပါတီဟူသော စကား သည် ၎င်းတို့အတွက် ရွံ့မုန်းစရာ ဖြစ်သွားကြသည်။

ယခုနှစ်ပိုင်းတွင် နိုင်ငံတော် တည်ဆောက်ရေးအတွက် အလုပ် အတူလုပ်သူများ၊ ဒီမိုကရေစီဖက်ဒရယ်စနစ်သို့ ခရီးအတူသွား သူများကြားတွင် ကြမ်းပိုးများစွာ တွေ့လာရသည်။ ‘ကြမ်းပိုးများတဲ့ အိပ်ရာပေါ် မောင်ချောနွယ် ပျော် တာဆန်းတယ်’ ဟူသည့် ကဗျာဆရာ မောင်ချောနွယ်၏ ကဗျာသွားလေးကိုလည်း ပြန်သတိရမိ သည်။ ကျွန်တော်တို့ ကြမ်းပိုးများ တဲ့ အိပ်ရာပေါ်မှာ ပျော်နေမိသ လား။

ပါတီကြမ်းပိုးဆိုသည်မှာ ယခုမှမဟုတ် ပါလီမန်ဒီမိုကရေစီ ခေတ်တွင်လည်း ရှိခဲ့သည်။ အ တိုက်အခံအင်အားကြီး ကွန်မြူ နစ်ပါတီတွင်း၌လည်း ရှိခဲ့သည်။ လမ်းစဉ်ပါတီခေတ်တွင်လည်း ရှိခဲ့သည်။ ပါတီကြမ်းပိုးသည် နိုင်ငံတော်အရေးကို ကြွေးကြော်သည်၊ ပါတီအမိုးအောက်တွင်နေသည်။ သို့သော် မိမိ၏ကိုယ်ကျိုးအတွက် မျက်ခြည်မပြတ်နေသည်။ ကွန်မြူ နစ်အရင်းကျမ်းကြီးများကို အ လွတ်ကျက်မှတ်ရေရွတ်ပြီး ဘနဖူးသိုက်တူးမည့်သူတွေ ရှိခဲ့သည်။ လမ်းစဉ်ပါတီ၏ လူတို့၏အည မညသဘောတရားများကို မစားရ ဝခမန်းပြောကာ သမဝါယမဆိုင် က ပစ္စည်းမှောင်ခိုရောင်းစားသူ တွေလည်း တွေ့ဖူးသည်။

(၃) ဆရာဝင်းဖေ၏ ‘ချက် ကြီးအတွက် အရက်’ ဝတ္ထုတိုကို ဖတ်ဖူးသူများ သတိရလိမ့်မည် ထင်သည်။ ဝတ္ထုတိုမှာ ကျောင်း ဆရာ ဘမင်းနှင့် သူ့အားလွှတ်အ ထင်ကြီးလေးစားသော ချက်ကြီး တို့ အကြောင်းဖြစ်၏။ တော ကျောင်းဆရာဖြစ်သော ဆရာ ဘမင်းမှာ ရွာတွင် ကျောင်းထိုင် ဆရာတော်ပြီးလျှင် သြဇာအရှိဆုံး ဖြစ်သည်။ ချက်ကြီးအပေါ် ဆရာ ဘမင်းက ကျေးဇူးရှိသည့်အပြင် ဆရာဘမင်း ဗဟုသုတများ၍ ချက်ကြီးက လေးစားသည်။ တစ်ရက် ယခင်ကဲ့သို့ ချက်ကြီးတို့အိမ်သို့ ဆရာဘမင်း ရောက်လာသည်။ ချက်ကြီးကို အရက်ရှိ၊ မရှိ မေး သည်။ အရက်မရှိကြောင်း ဖြေ၍ သွားဝယ်မည်ပြောသောအခါ နေ ပူထဲ အရက်သွားမဝယ်စေလို သည့်အပြင် မစောင့်နိုင်သော ဆရာဘမင်းက အရက်ပုလင်းခွံ တောင်းသည်။ သန့်ရှင်းအောင် ဆေးထားသော ပုလင်းခွံပေးလိုက် ရာ ဆရာဘမင်းက ရေအိုးစင်သို့ ကိုယ်တိုင်သွား၍ ပုလင်းခွံထဲ ရေ အပြည့်ထည့်သည်။ ထို့နောက် ပုလင်းထဲမှ ရေကို အရက်စစ်စစ် နမ်းသည့်အတိုင်း နမ်းကြည့် သည်။

ထို့နောက် အမြည်းတောင်း ၍ ချက်ကြီးက ပဲလှော်နှင့် ကြက် သွန်သုပ်ပေးသည်။ ထို့နောက် အရက်သောက်ရင် လုပ်သကဲ့သို့ ဖန်ခွက်နှင့် ရေထည့်ရန် မတ်ခွက် တောင်းပြန်သည်။

ထို့နောက် ပုလင်းထဲက ရေ ကို ဖန်ခွက်ထဲသို့ အရက်အစစ်ကို ငှဲ့သကဲ့သို့ ငှဲ့သောက်သည်။ ပြီး နောက် မတ်ခွက်ထဲက ရေတစ် ကျိုက်ကို သောက်သည်။ ရေနှင့် ရေရောသောက်နေသော ဆရာ ဘမင်းကို ကြည့်၍ ချက်ကြီး ရယ် ချစ်စိတ်၊ အံ့သြစိတ်ဖြစ်သော် လည်း ကြောက်၍ အံ့သြဟန်မပြ ရဲ။ အရက်သောက်သကဲ့သို့ပင် နာရီဝက်ခန့်ကြာသောအခါ ပုလင်းတစ်ဝက်ကျိုးသွားပြီး ဆရာ ဘမင်းမျက်နှာနီရဲလာသည်။ တစ် ပုလင်းကုန်ပြီးနောက် တစ်ပုလင်း ထပ်ပေးရန် ပြော၍ ရေအိုးစင်မှ ရေထပ်ထည့်ပေးရသည်။ ပုလင်း ပြန်ပေးစဉ် ကရော်ကမည်ဖြစ်၍ ဆရာဘမင်းက ချက်ကြီးကို ဆဲ သည်။ အရက်မူးလျှင် ဆဲသည့်အ တိုင်းပင်။ သည်လိုပင် ရေကို ရေ နှင့်ရောသောက်လိုက်၊ အမြည်း စားလိုက်ဖြင့် အတော်မူးလာသည့် ဟန်ပြကာ ချက်ကြီးကို မကြာခဏဆဲ၏။

ထိုသို့ဖြင့် ဆရာဘမင်း ရီဝေ ဝေဖြင့် တော်တော်မူးနေကာ ဒယီးဒယိုင်ဖြင့် ပြန်သွားလေသည်။ ချက်ကြီးလည်း ဆရာဘမင်းကို ကြည့်၍ အံ့အားသင့်နေကာ ဆရာ ဘမင်းကျန်ခဲ့သော ပုလင်းမှ ရေ ကို ငှဲ့၍ တစ်ခွက်သောက်လိုက် သည်။ ပြီးနောက် မတ်ခွက်ထဲက ရေသောက်လိုက်၊ အမြည်းစား လိုက်ဖြင့် လက်ကျန်ရှင်းလိုက် သည်။ ခဏအကြာတွင် ဇနီးသည် မြမေပြန်ရောက်လာရာ မိန်းမ ကြောက်ရသော ချက်ကြီးက မူးလျှင် လုပ်နေကျအတိုင်း ဇနီးသည် ဆဲ၍ လင်မယားရန်ဖြစ်ကြရာ ချက်ကြီးနောက်စေ့ကွဲမှ ပွဲပြီးလေသည်။  ဇာတ်လမ်းက ဤမျှသာ။

 ကျွန်တော်တို့ လူ့အဖွဲ့အ စည်းအသိုင်းအဝိုင်းတွင် အရက်သောက်သောက်၊ ရေသောက် သောက် သောက်ချင်ရာသောက် ကာ မူးပြပြီး ကိုယ်လိုရာ နားချမည့်သူတွေရှိနေသည်။ ပါတီများ၌ ဖြစ်စေ၊ အရပ်ဘက်လူ့အဖွဲ့အ စည်းများ၌ဖြစ်စေ ထိုသူတွေ အုံနှင့်ကျင်းနှင့် ရှိနေသည်။ သူတို့သည် အဖွဲ့အစည်း၏ခေါင်းဆောင်များ လည်းမဟုတ်သလို နောက်လိုက် ကောင်းလည်း မဟုတ်ကြ။ အဖွဲ့အစည်းအမိုးအောက်ရှိ ကြမ်းကြားထဲတွင် နေထိုင်ကြပြီး ဆာလောင်မွတ်သိပ်မှ ထွက်လာကြ သည်။ အပ်ဖျားလောက်သာရှိ သော အစက်ကလေးက သွေးစုပ် လိုက်သည်နှင့် ခဏအတွင်း ကြီး ထွားလာသည်။ ဒီနေရာမှာ စုပ်မရလျှင် ဟိုနေရာပြောင်းစုပ်သည်။ သွေးစုပ်စရာမရှိလျှင် ပြန်ပိန်လှီ သွားပြန်သည်။ သို့သော် အချိန် ကောင်းကို စောင့်နေသည်။ သူတို့အတွက် နေရာမလိုပေ။ နေရာ ကောင်းရဖို့အတွက်လည်း သူတို့ တွင် မျှော်လင့်ချက်မရှိ။ သူတို့ သည် ပါတီနှင့်အဖွဲ့အစည်း၏အ တိုက်အခံကောင်းလည်း မဟုတ်။ ခလုတ်တံသင်းအဖြစ်နှင့် သာနေ သည်။ ပြည်သူလူထုရှေ့တွင် နိုင်ငံတော်အရေးကို ကြွေးကြော် သည်။ စွန့်လွှတ်အနစ်နာခံသူ၊ အများအကျိုးသယ်ပိုးသူများအ ဖြစ် ဟန်ရေးပြသည်။

ကြမ်းပိုးများတဲ့ အိပ်ရာပေါ် က ကျွန်တော်တို့မပျော်သင့်တော့ ဟု ထင်သည်။ ကြမ်းပိုးများကို သုတ်သင်ချေမှုန်းကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News