မြောင်အထပ်ထပ်မှာ ပြောင်စပ်စပ်မလုပ်ကြေး

(တစ်)

လေအတိုက်မှာ ကြွေလိုက် တဲ့သစ်ရွက်တွေများ ဗျာ ဖွေးဖွေးကို လှုပ် လို့။ ရိုးတံပြိုင်းပြိုင်း သစ်ပင်သစ် ကိုင်းတွေနဲ့။ စုံနံ့သာမြိုင်ဟာ တစ်နှစ်ပြီးတစ်နှစ် ပိုပိုပြီး ပူချစ်လို့လာလိုက်တာ။


‘‘ပူလိုက်တာဗျာ အဆွေတို့ တောက’’

အနို့ကလိုကလေးမျှသာပဲ ဂျက်ကွမ်းခြံကုန်းက ညည်းတွားမိ တာပါ။ မျက်နှာတွေများ ပျက် သွားလိုက်ကြတာများဆိုတာ လေ။ ဘယ်သတ္တဝါတွေ ရှိရမတုံး။ ဂျက်နဲ့ တောင်မြောက်လေးပါး စကားထိုင်ပြောနေကြတဲ့ ဇီးကွက်ကြီးတစ်ကောင်ရယ်၊ မျောက်ဝံကြီးတစ်ကောင်ရယ်၊ သိုးကလေးတစ်ကောင်ရယ်။ အကုန်လုံးမျက်စိပျက်၊ မျက်နှာပျက်။ ဘေးဘီဝဲယာ တောင်ကြည့်၊ မြောက်ကြည့် တစ်ခုခုကို စိုးရိမ်မိတဲ့မျက်နှာထားတွေနဲ့။

‘‘အနို့ နေပါဦး ပူလို့ပူပါတယ် ပြောမိတာ။ ဘဇာကိုများ အဆွေတို့က စိုးရိမ်ထိတ်လန့် ပူပင်ကြောင့်ကြ သောကဖြစ်နေရသတုံးဗျာရယ်’’

အဲသလိုပဲ ဂျက်က ပြောချ လိုက်မိတော့တယ်။ မှတ်ကရော။ အဲသမှာကျတော့မှ မျောက်ဝံကြီး က သူ့နှုတ်ခမ်းရှေ့မှာ လက်ညှိုး ကလေး ကန့်လန့်ခံကာ ရှူးတိုးတိုး ဆိုတဲ့ အမူအရာမျိုးနဲ့ စကားကို ခပ်တိုးတိုးပြောတာပါ။

‘‘တောခေါင်းဆောင်တွေကို အကြည်ညိုပျက်အောင် ပြုမှု’’ တဲ့။

အောင်မယ်လေး မြတ်စွာ ဘုရား။ ကြီးလေးလိုက်တဲ့ ပြစ်မှု။ ပူတာကိုတောင်  ပူတယ်လို့မပြောရတော့ဘူးတဲ့လား ဗျာတို့။

‘‘ပူတယ်ဆိုတော့ တောဟာ နေဖို့မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်။ သည်တော့ တောခေါင်းဆောင် တွေ အသုံးမကျလို့ဆိုတဲ့ အဓိပ္ပာယ်။ ဒါ့ကြောင့် တောခေါင်း ဆောင်တွေကို အကြည်ညိုပျက် အောင် ပြောသလိုဖြစ်နေတယ်။ စကားကို ဆင်ခြင်ပါ ဆရာကြီး ဂျက်ရဲ့’’

ပြင်းထန်လိုက်တဲ့ တော ဥပဒေ။ တောခေါင်းဆောင်ကြီး တွေကို ချစ်ခင်တွယ်တာ မြတ်နိုး ကြည်ညိုမှု ကတိမ်းကပါးမဖြစ် စေရေး ဥပဒေတဲ့။

မယုံနိုင်ပါဘူးဗျာရယ်။ ဂျက် ကွမ်းခြံကုန်း မယုံနိုင်ပါဘူး။ ဟုတ်ပါ့မလားဗျာလို့ ပြောမိတော့ ဇီးကွက်ရော၊ မျောက်ဝံရော၊ သိုး ရော သုံးကောင်စလုံးက စိတ်မ ရှည်တဲ့အမူအရာတွေနဲ့  အနီးဆုံး သစ်ပင်ကြီးတစ်ပင်မှာ လိုက်ပြမ တဲ့။

သြော်...အိမ်ခြေငါးဆယ်ရှိ တဲ့ရွာမှာ ကျောက်စာတိုင်တစ် တိုင် လိုက်စိုက်တဲ့ ပုဂံခေတ်က ကျစွာမင်းကြီး ကျနေတာပဲ။ စုံနံ့ သာမြိုင်ကလည်း ဥပဒေအသစ် ပြဋ္ဌာန်းပြီဆိုတာနဲ့ သစ်ပင်ကြီး တွေမှာ လိုက်ကပ်တော့တာ။ ဒါမှ သတ္တဝါအနန္တ မြင်ကြ၊ တွေ့ကြရ မှာကိုး။

(နှစ်)

ဟုတ်သဗျ။ မမှားဘူး။ ဇီး ကွက်တို့၊ မျောက်ဝံတို့၊ သိုးတို့ ပြောတဲ့အတိုင်းပဲ။ သစ်ပင်မှာ ဥပဒေ ထုတ်ပြန်ချက်စာရွက်။ ထင်းထင်းရှင်းရှင်းကြီး။

တောခေါင်းဆောင်ကြီးများ အပေါ် ချစ်ခင်တွယ်တာ မြတ်နိုး ကြည်ညိုမှု ကတိမ်းကပါး မဖြစ် စေရေးဥပဒေတဲ့။ နှုတ်နဲ့ပြောတာ၊ စာနဲ့ရေးတာ၊ အမူအရာနဲ့ သရုပ် ဆောင်တာ၊ လက်နဲ့အရုပ်ရေး တာ၊ မျက်လုံး၊ အပြုံး၊ မျက်နှာအမဲ့အရွဲ့ကအစ မထိတထိ၊ ကလိတိတိ၊ ရိတိတိ လုပ်သည်ဟုယူဆရသော် ထောင်ဒဏ်တစ်သက်တဲ့။

သောက်ပလုတ်တုတ်။ အ ဆွေတို့ စုံနံ့သာမြိုင်က မကြမ်း လွန်းဘူးလားလို့ ဂျက်ကမေးမိ တော့ အဲဒီ့သတ္တဝါသုံးကောင်က မနက်ဖြန် တိရစ္ဆာန်တရားရုံးမှာ အမှုစစ်တာကလေး လာကြည့်ပါ လားတဲ့။ ဗဟုသုတပေါ့တဲ့။

အဲဒါနဲ့ တိရစ္ဆာန်တရားရုံးရှိ ရာ ရောက်သွားခဲ့ရပြန်ပါလေ ရော။

(သုံး)

တရားခွင်ထဲမှာ တရားသူ ကြီးက ဖွတ်ကြီးပါပဲ။ လျှာနှစ်ခွ ပြူတစ်ပြူတစ်နဲ့ အမှုကိုစစ်နေ လိုက်တာ။

ပထမအစစ်ခံနေရတဲ့ သတ္တ ဝါက တောင်ဆိတ်ကလေး။ မုတ် ဆိတ်ဖွားရရားနဲ့။

‘‘အနို့ အမောင် တောင်ဆိတ် က အခင်းဖြစ်ပွားစဉ်မှာ ရုပ်မြင် သံကြား ကြည့်နေတယ်နော်’’

‘‘ဟုတ်ကဲ့’’

‘‘အဲ...ရုပ်မြင်သံကြားမှာ တောခေါင်းဆောင်က မိန့်ခွန်းလည်းပြောနေတယ်နော်’’

‘‘ဟုတ်ကဲ့’’

‘‘ဒါဆို...ဘာ့ကြောင့် အဲ သည့်အချိန်မှာမှ ဗြဲဟဲဟဲဟဲဆိုပြီး ထ,ရယ်ရပါသတုံး’’

‘‘ကိုယ့်အတွေးနဲ့ကိုယ် ရယ် စရာလေး ပေါ်လာလို့ပါ’’

‘‘ဒါဆို အချိန်လွှဲပြီး ရယ်လေ ...အမောင်တောင်ဆိတ်ရဲ့။ အခု တော့ ချစ်ခင်တွယ်တာ မြတ်နိုး ကြည်ညိုမှုကို ယွင်းယိုအောင် လုပ်ဘိသကဲ့သို့ ဖြစ်နေ’’

တရားရုံးတစ်ရုံးလုံး တိတ် ဆိတ်လို့။ နောက်ထပ် အစစ်ခံရ တဲ့ သတ္တဝါက မျောက်ကလေး။

‘‘အမောင် မျောက်ငယ်၊ နာမည်’’

‘‘ဣနြေ္ဒ’’

‘‘သတင်းစာကို ပုံမှတ်ဖတ် ပါသလား’’

‘‘ဖတ်ကြောင်းပါ’’

‘‘သတင်းစာဖတ်စဉ် ဘာ့ ကြောင့် တခွိခွိနဲ့ ရယ်သနည်း’’

‘‘သတင်းစာကို မရယ်ပါ။ ကိုယ့်အကြောင်းကိုယ် ရယ်ခြင်း ပါ’’

‘‘ဒါဆို ဘယ့်နှာကြောင့် မိမိ တစ်ကောင်တည်း မရယ်ဘဲ လက်ဖက်ရည်ဆိုင်ထဲ၌ သတ္တ ဝါပေါင်းစုံ ရှိနေကြစဉ် သတင်းစာ ကိုကြည့်ပြီး တခွိခွိနှင့် လုပ်နေရ သနည်း’’

စုံနံ့သာမြိုင်ကို ချစ်ခင်၊ တွယ်တာ၊ မြတ်နိုး၊ ကြည်ညိုသမှု ဖျော့တော့ယွင်းယိုစေတဲ့ အမှုနဲ့ တရားစွဲခံရတဲ့ မျောက်ကလေး ဣနြေ္ဒ ငိုင်ကျသွားလေရဲ့။

ဂျက် သဘောပေါက်ပြီ။

(လေး)

ဂျက်က တောကြီးပူလို့ ပူ တယ်ပြောတာကို သတ္တဝါကလေး တွေ မလုံမလဲဖြစ်ရတဲ့အကြောင်း ရင်းကို ဂျက် သဘောပေါက်ပြီ။

ပူလို့ပူတယ်ပြောတာ။ အေး လို့အေးတယ်ပြောတာ။ ရယ်စရာ တွေ့လို့ရယ်တာ။ ပြုံးစရာတွေ့ လို့ပြုံးတာ။ စားကျက်မြေတွေ ကျဉ်းလို့ကျဉ်းတယ်ပြောတာ။ တောလမ်းက ကြမ်းလို့ကြမ်းတယ် ပြောတာ။ တောချောင်း၊ တော ကန်တွေ ခန်းလို့ခန်းတယ်ပြော တာ။ အဲသဟာ တောခေါင်း ဆောင်တွေကို ချစ်ခင်မြတ်နိုး တွယ်တာ ကြည်ညိုသမှု ယွင်းယို အောင် ဥပါယ်တံမျဉ်နဲ့ လုပ်တာ တဲ့။

အဲဒါကြောင့် လူတွေက တောကို ကြည့်ကြည့်ပြီး ပြုံးတာ။ တခွိခွိနဲ့။   ။  

(ဖော်ပြပါသရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

Top News