ရေရှားပါးသည့် အောင်သာကုန်းတဲတိုက်တွင် လူကယ်ပြန် ထောက်ပံ့ငွေဖြင့် စက်ရေတွင်း တူးဖော်အောင်မြင်

အောင်သာကုန်းတဲတိုက်တွင် စက်ရေတွင်းတူးဖော်အောင်မြင်ပြီးနောက် ရေတင်လှည်းများရောက်ရှိလာစဉ် (ဓာတ်ပုံ − မိုးကျော်)

 နွေရာသီတွင် ရေရှားပါး မှု ဆိုးရွားစွာ ရင်ဆိုင်ရသည့် မကွေးမြို့နယ် ကြာကန်ကျေးရွာ အုပ်စု အောင်သာကုန်းတဲတိုက်၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ထောက်ပံ့ငွေဖြင့် စက်ရေ တွင်း တူးဖော်ခြင်း အောင်မြင်မှု အခမ်းအနားကို လူကယ်ပြန် ဒုဝန် ကြီး ဦးစိုးအောင်က ဖွင့်လှစ်ခဲ့ သည်။ အောင်သာကုန်းတဲတိုက် တွင် မတ်လ ၁၀ ရက်၌ ဖွင့်လှစ် ခဲ့ပြီး လူကယ်ပြန်ဝန်ကြီးဌာန၏ ထောက်ပံ့ငွေ ကျပ်သိန်း ၁၉၀ ဖြင့် တူးဖော်ဖွင့်လှစ်ခြင်းဖြစ်သည်။

မကွေးတိုင်းတွင် နွေရာသီ ၎င်း နှစ်စဉ် ရေရှားပါးမှု ပြဿနာ ဆိုးရွားစွာ ရင်ဆိုင်နေရခြင်းကို လူကယ်ပြန်ဝန်ကြီးဌာန အနေဖြင့် မကွေးတိုင်းအစိုးရ အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်ဆွေးနွေး၍ ပထမဦးစားပေး  အရေးကြီးနေရာများကို စက်ရေတွင်း တူးဖော်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဦးစိုးအောင်က ပြောသည်။‘‘ရေရှားပါးတဲ့ အညာဒေသ မှာ ပြောလေ့ရှိတဲ့ စကားကြီးတစ် ခွန်းရှိပါတယ်။ ရွှေကိုမလို ရေကို သာလိုသည် ဆိုသည့် စကားနဲ့အ ညီ နွေရောက်ရင် အညာဒေသ တွေမှာ ရေရှားပါးမှုကို ကြုံတွေ့ ရတယ်။ အဲဒီအတွက် နိုင်ငံတော် အနေနဲ့ ဆောင်ရွက်ပေးနေပါ တယ်’’ ဟု  ဒုဝန်ကြီးက ဆိုသည်။

အဆိုပါစက်ရေတွင်း တူး ဖော်ရာတွင် ရေထိပ်ပေ ၃၃၀၊ ပန့်ချ ပေ ၄၄၀ နှင့် ရေချိုရသည် အထိ စက်ရေတွင်းအနက်ပေ ၆၀၀ တူးခဲ့ရသည်။ ထို့အပြင် စက် ရေတွင်းအပြင် ဂါလန် ၅,၀၀၀ ဆံ့ ရေလှောင်ကန်ကိုပါ တည် ဆောက်ခဲ့သည်။

‘‘နွေရောက်ပြီဆိုရင် ရေအ ခက်အခဲကို အများကြီး ရင်ဆိုင်ခဲ့ ရပါတယ်။ စိမ့်စမ်းတွေကလည်း အကုန် ခန်းခြောက်ကုန်တယ်။ရွာနဲ့ သုံးမိုင်ကျော်လောက်ဝေးတဲ့ စက်ရေတွင်းရှိတဲ့ ရွာဆီကို နွား လှည်းနဲ့ သွားတိုက်ရတယ်။ နွားလှည်းမရှိတဲ့သူဆိုရင် ရေပုံးနဲ့ သွားဖို့က မလွယ်တော့ဘူး။ တော်တော် ခက်ခဲလွန်းပါတယ်’’ ဟု အောင်သာကုန်းတဲတိုက်တာဝန်ခံ ဦးမြင့်အေးက ပြောသည်။

ယခုစက်ရေတွင်း တူးဖော် ရာတွင် အောင်မြင်ခဲ့သော အောင်သာကုန်းတဲတိုက်၌ အိမ်ခြေ ၁၂၇ လုံး၊ အိမ်ထောင်စု ၁၅၂ စု၊ လူဦး ရေ ၇၅၅ ဦး နေထိုင်ကြောင်း ဦးမြင့်အေးက ပြောသည်။

Top News