ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ပြည်လမ်းတွင်သာ ဆောက်လုပ်ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်နေ

ခွင့်ပြုမဏ္ဍပ်အရေအတွက်နည်းပါက ပါမစ်ဈေးနှုန်းမြင့်နိုင်ဟု ကန်ထရိုက်အချို့ဆို
ရန်ကုန်မြို့ ပြည်လမ်းရှိ သင်္ကြန်မဏ္ဍပ်တစ်ခုတွင် ရေကစားနေကြသူများကို ယမန်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ရန်ကုန်သင်္ကြန်မဏ္ဍပ် များ ပြည်လမ်းတွင်သာ ဆောက်လုပ်ခွင့်ပြုမည်ဟု သတင်းထွက်ပေါ်နေပြီး ခွင့်ပြုသည့် မဏ္ဍပ်အရေအတွက်နည်းပါက ပါမစ်ဈေးနှုန်းမြင့်နိုင်ကြောင်း သင်္ကြန်မဏ္ဍပ်ကန်ထရိုက်အချို့ကပြောသည်။

ပြည်လမ်း အေဒီလမ်းဆုံမှ အင်းလျားကန်ရှေ့အထိ မဏ္ဍပ် ရှစ်ခု ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် နီးစပ်သူများထံမှ သတင်းများ ထွက်ပေါ်နေသည်။


‘‘ကမ္ဘာအေးဘုရားလမ်းကို တော့ မဏ္ဍပ်ဆောက်ခွင့်မပေးဘူး။ ပြည်လမ်းမှာတော့ မဏ္ဍပ်ရှစ်ခု ဆောက်ခွင့်ပေးဖို့ လျာထားတယ်ဆိုပြီး အတွင်းလူတွေဆီက စုံစမ်းလို့သိရတယ်။ တရားဝင်မထုတ်ပြန်သေးတာကြောင့် ဘာမှကြိုတင်ပြီး ပြင်ဆင်ထားလို့တော့မရဘူး’’ဟု နှစ်စဉ်သင်္ကြန်မဏ္ဍပ်စီစဉ်သည့် အမည်မဖော်လိုသူ ကန်ထရိုက်တစ်ဦးက ပြော သည်။

ယခင်က သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခြင်းများအတွက် မတ်လ ၁၅ ရက်ခန့်တွင် နောက်ဆုံးလျှောက်ထားခွင့်ပြုပြီး မတ်လကုန်၌ ဆောက်လုပ်ခွင့်ရရှိသူစာရင်းကြေညာကြောင်း ကန်ထ ရိုက်လုပ်ကိုင်သူများကဆိုသည်။

ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်းမရှိသေးသဖြင့် မဏ္ဍပ်ဆောက်ရန် အချိန်မလုံလောက်သည့် အခက်အခဲများ ကြုံလာနိုင်ကြောင်း ၎င်းတို့ကပြောသည်။

‘‘လကုန်လောက် ဆောက် လုပ်ခွင့်ရရှိသူကို ကြေညာနိုင်မှ သင်္ကြန်မတိုင်ခင်  ၁၀ ရက်လောက်မှာ မဏ္ဍပ်ဆောက်ဖို့အတွက်ကို အချိန်လုံလုံလောက်လောက် ရ နိုင်မှာလေ’’ဟု ကန်ထရိုက်လုပ်ကိုင်ဖူးသူ ကိုဇော်နိုင်က ပြော သည်။

 သင်္ကြန်မဏ္ဍပ် အရေအတွက် အနည်းအကျဉ်းသာ ခွင့်ပြုမည်ဆိုပါက မဏ္ဍပ်ဆောက်လုပ်ခွင့်ပါမစ်ဈေးနှုန်းများ ကြီးမြင့်နိုင်သည်ဟု သင်္ကြန်မဏ္ဍပ်ကန်ထရိုက်လုပ်ကိုင်သူအချို့က ခန့်မှန်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရသစ် စတင်တာဝန်ယူသည့် ၂၀၁၆ ကစ၍ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များ တားမြစ်ခဲ့သည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ပထမဆုံးလမ်းလျှောက်သင်္ကြန်နှင့် အတူ စီးပွားဖြစ် ကုမ္ပဏီသင်္ကြန်မဏ္ဍပ်များ ပြန်လည်ခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

သို့သော် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုမည့် အစီအစဉ်နှင့် သင်္ကြန်ပွဲတော်ကျင်းပရေး အစီအစဉ်များကို တိုင်းဒေသကြီး အစိုးရက တရားဝင်သတင်းထုတ် ပြန်ခြင်း မရှိသေးသကဲ့သို့ အစိုးရ အဖွဲ့ တာဝန်ရှိသူများထံ ဆက် သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

Top News