ဓာတုဗေဒဘာသာရပ် မေးခွန်းတွင် သင်ရိုးမှ ပယ်ထားပြီးသား သင်ခန်းစာများ ထည့်မေးထား

တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကိုဖြေဆိုပြီး ပြန်ထွက်လာသော ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 တက္ကသိုလ်ဝင် စာမေးပွဲတွင် ဓာတုဗေဒဘာသာ ရပ်မှ ပယ်ဖျက်ထားသည့် သင် ခန်းစာများကို ယခုနှစ် စာမေးပွဲ၌ ထည့်သွင်းမေးထားသည်။

ဓာတုဗေဒ ဘာသာရပ် သင် ရိုးကို ၂၀၁၅ က အနည်းငယ် ပြောင်းလဲပြီး သင်ခန်းစာအချို့ကို ပယ်ဖျက်ခဲ့ရာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ရပ် မေးခွန်း နံပါတ် 1(f)နှင့် 8.(a).(i) ပါ သင်ခန်းစာများလည်း ပါဝင်သည်။

ပယ်ဖျက်ပြီးသား သင်ခန်း စာများ မေးခွန်းတွင်ပါလာခြင်း ကြောင့် ကျောင်းသား၊ ကျောင်း သူများအနေဖြင့် ထိုမေးခွန်းကို ရှောင်လွှဲဖြေဆိုခဲ့ရပြီး အခက် တွေ့ခဲ့ရကြောင်း ဓာတုဗေဒဆရာ အချို့ကဆိုသည်။

‘‘မေးခွန်းနံပါတ် ၈ မှာက လေးပုဒ်ရွေးဖြေရတာ။ (a)မှာ (i)၊ (ii) နှစ်ပုဒ်တွဲပေးထားတယ်။ (ii)က လွယ်တယ်။ ကလေးတွေ ရတယ်။  ဒါပေမဲ့ (i) က Text ထဲ မှာ ဖြုတ်ထားပြီးသား သင်ခန်းစာ ကြီးဆိုတော့ တချို့ကလေးတွေက ဒါကို မရွေးတော့ဘဲ တခြားသူတို့ မပိုင်တဲ့အပုဒ်တွေ ရွေးဖြေတဲ့ အခါ နစ်နာကုန်တာပေါ့။ ပယ်ပြီး သားတွေ ပြန်မေးတာက အရမ်း ရုပ်ပျက်ဆင်းပျက်နိုင်တာပေါ့’’ဟု ဓာတုဗေဒဘာသာရပ်သင် ကိုယ် ပိုင်ကျောင်းဆရာဦးသူရ (ဓာတု ဗေဒ)က ပြောသည်။

ပယ်ဖျက်ပြီးသား သင်ခန်း စာများ ထည့်မေးခြင်းကြောင့် ကျောင်းသားများအတွက် နစ်နာ မှုရှိသည့်အပြင် နိုင်ငံတော်အဆင့် စာမေးပွဲမေးခွန်း ထုတ်သူက သင်ရိုးပြောင်းသည်ကိုပင် မသိရှိ ခြင်းက ပေါ့ပျက်လွန်းသည်ဟု ယူဆမိကြောင်း မကွေးတိုင်း ဒေသကြီးမှ ဓားသွေးကျောက် ကိုယ်ပိုင်အထက်တန်းကျောင်း CEO ဆရာဓား(ကုန်းဇောင်း)ကဆိုသည်။‘‘ဒီပုစ္ဆာကိုဖြေဖို့ နံပါတ်တပ် တဲ့ကလေးလည်းရှိတယ်။ ဒါကို ရှောင်ပြီး တခြားအပုဒ်သွားဖြေလို့ မဖြေလာနိုင်တဲ့ ကလေးလည်းရှိ တယ်။ အဲဒီတော့ ဒါတွေအတွက် အမှတ်ပေးကို ပေးရမယ်’’ ဟု ဓာတုဗေဒဆရာဆရာဓား (ကုန်း ဇောင်း)က တောင်းဆိုသည်။

‘‘မေးခွန်းက လွယ်ပါတယ်။ မေးခွန်းဟောင်းပါတာများတယ်။ 8(a) ပဲရွေးခဲ့တာ။ နှစ်ပုဒ်မှာ တစ် ပုဒ်က မေးခွန်းဟောင်းမှာ လေ့ ကျင့်နေကျ အပုဒ်မို့ရတယ်။ အပေါ်က Definition ကတော့ မသိလို့ နံပါတ်ပဲ တပ်ခဲ့တယ်’’ဟု အထက (၆)ဗိုလ်တထောင်တွင် ဖြေဆိုသည့် မောင်ဟိန်းကိုက ပြောသည်။ ထို့အပြင် ယခုနှစ် ဓာတုဗေဒ ဘာသာရပ်မေးခွန်း သည် ၂၀၁၄ က ရခိုင်ပြည်နယ် စာစစ်ဌာနများ၏ မေးခွန်းနှင့် ၉၀ ရာခိုင်နှုန်းခန့် တစ်ထပ်တည်းတူ နေကြောင်း ဓာတုဗေဒဘာသာ ရပ်သင် ဆရာအချို့က သုံးသပ် ပြောကြားသည်။

‘‘မေးခွန်းတစ်ခုလုံး ပေါင်း လိုက်ရင် ၁၄၄ မှတ်ဖိုးရှိတယ်။ အဲဒီမှာ ၂၀၁၄ ရခိုင်ပြည်နယ် မေးခွန်းနဲ့ ၁၁၆ မှတ်ဖိုး တစ်သဝေ မတိမ်း တူနေတယ်ဆိုတာ ဘယ် လိုမှ မဖြစ်သင့်ဘူး’’ဟု ဦးသူရ (ဓာတုဗေဒ)ကဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးခွန်းဟောင်းများ ထည့်မေး လေ့ရှိသော်လည်း ယခုနှစ် ဓာတု ဗေဒမေးခွန်းကဲ့သို့ မေးခွန်းနံပါတ် ပါ တစ်ထပ်တည်းတူအောင် မေးမြန်းခြင်းမျိုး မရှိခဲ့ဟုဆိုသည်။ ထိုသို့ တူနေသည့်အပြင် မှား၊ မှန် ရွေးချယ်ဖြေဆိုရသည့် မေးခွန်း နံပါတ် 1.(e) နှင့် ယှဉ်တွဲဖြေရ သည့် မေးခွန်းနံပါတ် 4.(d) သည် အကြောင်းအရာ တစ်ခုတည်း ဖြစ်နေရာ မေးခွန်းထပ်သည်ဟု ဆိုနိုင်ကြောင်း ဓာတုဗေဒသင် ဆရာအချို့ ထောက်ပြသည်။

တက္ကသိုလ်ဝင်စာမေးပွဲမေး ခွန်းများကို ဘာသာရပ်အလိုက် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခများ (စာစစ်မှူးချုပ်များ) က မေးခွန်းတစ်စုံစီ ထုတ်ပြီး ယင်းတို့အနက် တစ်စုံကို မဲနှိုက် ရွေးချယ်ခြင်းဖြစ်သည်။

ဓာတုဗေဒမေးခွန်းနှင့်ပတ် သက်ပြီး အဆင့်မြင့်ပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆက်သွယ်မေးမြန်းရာ ၎င်းအနေ ဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း တုံ့ပြန်သည်။

၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာဘာသာရပ် မေးခွန်း၌ အဖြေမထွက်သည့် ပုစ္ဆာ မေးမြန်းမှုကြောင့် ကျောင်း သားများ အခက်တွေ့ခဲ့ရသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာ မေးပွဲ ဓာတုဗေဒဘာသာရပ်ကို မတ်လ ၁၂ ရက်တွင် စစ်ဆေးခဲ့ ရာ စာရင်းရှိ ၇၄၀,၀၀၀ ကျော် အနက် ပျက်ကွက်သူ ၄၇,၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနက ထုတ်ပြန်သည်။

More in News Section