Facebook ကြောင့် အမုန်းစကားဖြန့်ဝေမှုများ ပိုမိုဆိုးရွားခဲ့ဟု ကုလသမဂ္ဂ စွပ်စွဲ

မြန်မာနိုင်ငံ၌ ဖေ့စ်ဘွတ်ခ်သည် ပြည်သူနှင့် ပုဂ္ဂလိက ဘ၀တွင် ကြီးမားသောအစိတ်အပိုင်းဖြစ်ဟု ကုလ စုံစမ်းစစ်ဆေးသူများကပြောသည်။(Karen Bleier/AFP/Getty Images)

ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍ အမုန်းတရားပျံ့နှံ့မှုများ ပိုမိုဆိုးရွားအောင် တွန်းအားပေးရာတွင် Facebookက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂက စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေမငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂါလီမျိုးနွယ်စုအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြသည်။ ထိုအတောအတွင်း Facebookပေါ်၌ လူမျိုးရေးတိုက်ခိုက်မှု၊ အမုန်းစကားဖြန့်ဝေမှုများ တွင်ကျယ်စွာရှိခဲ့ပြီး အခြေအနေဆိုးများကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့ကြောင်း ကုလသမဂ္ဂ၏ စုံစမ်းရေးအရာရှိများက ပြောကြားသည်။

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက်မီဒီယာကြီးဖြစ်သည့် Facebook ကမူ ကုလသမဂ္ဂ၏ စွပ်စွဲချက်များကို မတ်လ ၁၃ ရက် ညနေပိုင်းအထိ မှတ်ချက်ပေးတုံ့ပြန်မှုမရှိသေးချေ။ ယခင်ကမူ Facebookသည် မြန်မာနိုင်ငံအတွင်း အမုန်းစကား ဖြန့်ဝေမှုများကို ဝက်ဘ်ဆိုက်ပေါ်မှ ဖယ်ရှားခြင်း၊ အမုန်းစကားဖြန့်ဝေသူများကို အသုံးပြုခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်နေကြောင်း ပြောကြားခဲ့ဖူးသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ယုံကြည်ရလောက်သော အခြေအနေများရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က မှတ်ချက်ပေးခဲ့သည်။ ယင်းနောက်တွင် ထိုပြဿနာများနှင့် ဆက်စပ်၍ Facebook၏ ကိုင်တွယ်ဆောင်ရွက်ပုံကို ကုလသမဂ္ဂက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်စွာ အချက်အလက်ရှာဖွေမှု မစ်ရှင်အကြီးအကဲ မာဇူကီ ဒါရူစ်မန်က လူမှုကွန်ရက်၏ တွင်ကျယ်ပျံ့နှံ့မှုသည် ယခုဖြစ်ရပ်များတွင် ထင်ရှားသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ယှက်နွှယ် ပါဝင်နေကြောင်း သတင်းထောက်များကို ပြောကြားသည်။

‘‘လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခတွေ ဖြစ်နေပါတယ်။ အဲဒီမှာ အမုန်းစကားတွေက သေချာပေါက်ပတ်သက် ပါဝင်လာတော့တာပါပဲ။ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေက လူမှုကွန်ရက် သုံးတယ်ဆိုတာက Facebookသုံးတာကိုဆိုလိုပြီး Facebookကပဲ လူမှုကွန်ရက်တစ်ခုတည်းအသွင်ရှိနေတာပါ’’ဟု ၎င်းက မှတ်ချက်ပေးသည်။

ကုလသမဂ္ဂ၏ မြန်မာ့အရေး စုံစမ်းရေး အရာရှိတစ်ဦးဖြစ်သော ယန်ဟီးလီကလည်း Facebookသည် မြန်မာနိုင်ငံတွင် အများပိုင်နှင့် ပုဂ္ဂလိကပိုင်လူမှုဘဝတွင် အလွန်ကြီးမားသည့် အစိတ်အပိုင်း တစ်ခုအဖြစ်ရှိနေကြောင်း ဆိုသည်။ ‘‘မြန်မာနိုင်ငံမှာက ကိစ္စအားလုံး Facebookကနေတစ်ဆင့် လုပ်နေတာပါ’’ဟု သူမက သတင်းထောက်များကို ပြောကြားသည်။ Facebook ကြောင့် ကောင်းကျိုးများရှိသော်လည်း အမုန်းစကားဖြန့်ဝေမှုများ အတွက်လည်း တွင်ကျယ်စွာ အသုံးချနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ယန်ဟီးလီက ဝေဖန်ခဲ့သည်။

‘‘Facebookက လူတွေကို သတင်းအချက်အလက်ပေးဝေဖို့ အဓိကရည်ရွယ်ထားတာပါ။ ဒါပေမဲ့မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒီ တချို့က သူတို့ ကိုယ်ပိုင်ပုံစံနဲ့ Facebookကို အသုံးချနေပါတယ်။ ပဋိပက္ခတွေဖြစ်အောင် အမှန်တကယ် မီးမွှေးနေတာတွေရှိတယ်။ ပြီးတော့ ဘင်္ဂါလီတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အမုန်းစကား ဖြန့်ဝေနေကြပါတယ်’’ဟု သူမက ဆိုသည်။

ယန်ဟီးလီက ‘‘အခုတော့ Facebook ဟာ ဆိုးသွမ်းသတ္တဝါကြီးတစ်ကောင်အသွင်မျိုး ပြောင်းလဲသွားမှာကို စိတ်ပူနေမိပါတယ်။ ဒါဟာ Facebookရဲ့ မူလ ရည်မှန်းချက်မဟုတ်ဘူးလေ’’ဟုလည်း သတင်းထောက်များကို ပြောကြားခဲ့သည်။

—Ref: Guardia

Top News