ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း နှစ် (၃၀)ပြည့်ပြီ

မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ရန်တောင်းဆို
ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးသည့် နှစ်(၃၀)ပြည့်အခမ်းအနားသို့ ပေးပို့သည့် လွမ်းသူ့ပန်းခွေများကိုတွေ့ရစဉ်(ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသားကိုဖုန်းမော် နှင့် ကိုစိုးနိုင်ကျဆုံးသည့် နှစ် (၃၀)ပြည့်တွင် ပထမဆုံးအကြိမ် အဖြစ် လွမ်းသူ့ပန်းခွေချအလေး ပြုခြင်းကို မတ်လ ၁၃ ရက်တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ပြုလုပ်ခဲ့သည်။

 အဆိုပါ အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက ပထမဆုံးအကြိမ် ကျင်းပပြီး ယခင်နှစ်များ တွင် ကျောင်းသားဟောင်းများ ဦးစီးသည့်ကော်မတီက ကျင်းပခဲ့သည်။ ကိုဖုန်းမော်တို့နှစ်ဦး ကျဆုံးခြင်း (၂၉)နှစ်ပြည့် နှစ်ပတ်လည်ကစ၍ နည်းပညာ တက္ကသိုလ်ဝင်းအ တွင်း ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး လွမ်းသူ့ပန်းခွေချဂုဏ်ပြုခြင်းမှာ ယခုနှစ် (၃၀)မြောက်တွင်မှ ပြုလုပ်နိုင်ခြင်းဖြစ် သည်။


‘‘တစ်နေ့ကျရင်တော့ မောင် ဖုန်းမော်ဟာ အစ်မတို့အမျှဝေ တာကို ရမယ်လို့ယုံကြည်ပါ တယ်’’ ဟု ကိုဖုန်းမော်၏အစ်မ ဒေါ်မာမာ ၀င်းကပြောသည်။

သမိုင်းဖြစ်ရပ်ကို အမှန်အတိုင်းသိရှိရန်နှင့် အေးချမ်းသောတိုင်းပြည် ဖြစ်ပေါ်တည်ဆောက် ရေးတွင် လူငယ်များ၏ စိတ်အားထက်သန်မှုကို ပြသလိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း နှစ်ပတ်လည်အခမ်း အနားကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

‘‘ကိုဖုန်းမော်လို သေဆုံးခဲ့ တဲ့ အကြမ်းဖက်မှုမျိုး မပေါ် ပေါက်ဖို့အတွက် ဥပဒေတွေအ ကာအကွယ် ရှိဖို့လိုတယ်။ နောက်အစိုးရအသီးသီးကလည်း ငြိမ်း ချမ်းစွာ ဆန္ဒပြခွင့်တွေ၊ ဆန္ဒပြမှု ကို ကိုင်တွယ်ဖြေရှင်းတာတွေ ဟာ  သိမ်သိမ်မွေ့မွေ့နဲ့ ဥပဒေ ကြောင်းအရပဲ ဆောင်ရွက်ဖို့လို တယ်။ နောက်နောင် ဒီလိုအကြမ်း ဖက်မှုတွေဖြစ်ရင် ကျောင်းသား တွေဘက်ကလည်း ဒီလိုတုံ့ပြန်မှု မျိုးတွေ ဆက်ပေါ်ပေါက်နေဦး မှာပဲ’’ဟု ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်ဦးကိုကိုကြီးက ယမန်နေ့ အခမ်းအနားတွင် ပြော သည်။

မဆလအစိုးရသည် ၁၉၈၇ စက်တင်ဘာ ၅ ရက်ကစ၍ ငွေ စက္ကူများကို တရားမ၀င်ကြေညာ ရာမှ အစပြု၍ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြခဲ့သည်။ ယင်းသို့ အခြေအနေ တင်းမာနေရာမှ ၁၉၈၈ မတ်လ ၁၃ ရက်တွင် ရန်ကုန်စက်မှုတက္က သိုလ်ကျောင်းဝင်းအတွင်းသို့ လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ကိုဖုန်းမော် ကျဆုံးခဲ့ရပြီး ကိုစိုးနိုင်သည်လည်း ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီးနောက် ကျဆုံးခဲ့ သည်။

‘‘ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့ ကျဆုံးခဲ့ရတာဟာ အထွေထွေ အကျပ်အတည်းကြောင့် အ ပြောင်းအလဲကို  လိုလားနေတဲ့ ပြည်သူတစ်ရပ်လုံး အတွက် ပြောင်းလဲချိန်တန်ပြီး ပြောင်းလဲမှ ရတော့မည်ဟု တပ်လှန့်လိုက်သ လိုပါပဲ။ တစ်ပါတီအာဏာရှင် စနစ်လက်အောက်မှ ရုန်းထွက်ပြီး ဒီမိုကရေစီခရီးလမ်းကို စတင် လျှောက်လှမ်းကြဖို့ အချိန်တန်ပြီ လို့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတစ်ရပ်လုံးကို အသိပေး နှိုးဆော်ခဲ့ပါတယ်’’ဟု ယမန်နှစ် က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင်ရေး သားထားသည်။

ယမန်နေ့ အခမ်းအနားတွင်  သံဃာတော်အပါး ၃၀ ကို ဆွမ်းကပ်လှူဒါန်း၍ ပရိတ်တရားနာ ယူခဲ့ပြီး ကျောင်းသားသမဂ္ဂများ၊ ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ထို့ပြင် ကျောင်းသားခေါင်း ဆောင်ကိုဖုန်းမော် ကျဆုံးပြီး ဒီမို ကရေစီလှုပ်ရှားမှု အစပျိုးခဲ့သည့် မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် အစိုးရက တရားဝင်သတ်မှတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများကတောင်းဆိုခဲ့သည်။

ယခင်စစ်အာဏာရှင်ခေတ် တွင် NLD ပါတီက မတ်လ ၁၃ ရက်ကို လူ့အခွင့်အရေးနေ့အဖြစ် ကျင်းပခဲ့သော်လည်း အစိုးရပြောင်းလဲသည့်အခါတွင် ငြိမ်သွား ကြောင်း ၎င်းတို့ကပြောသည်။

 ‘‘ နိုင်ငံတကာက အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်ကို ခြိမ့်ခြိမ့်သဲ ကျင်းပနေကြပြီး မြန်မာနိုင်ငံကျ သတ်မှတ်တာမျိုး မရှိဘူးဆိုရင် တော့ တော်တော်ဝမ်းနည်းစရာ ကောင်းတယ်လို့ မြင်ပါတယ်’’ ဟု Triangle Women Support အဖွဲ့မှ မခင်လေးက ပြောသည်။

အဆိုပါနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် လက် ရှိအစိုးရလက်ထက်တွင် သတ် မှတ်ခွင့်ရသင့်ကြောင်း ၎င်းကဆို သည်။

မတ်လ ၁၃ ရက်အား မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးနေ့အဖြစ် သတ်မှတ်ရန်မှာ အများစု၏ဆန္ဒဖြစ်ကြောင်း၊ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ စောင့် ရှောက်ရေးအဖွဲ့မှ ဦးထွန်းကြည် က ပြောသည်။

‘‘ဒီမိုကရက်တစ်တွေ၊ နိုင်ငံ ရေး အကျဉ်းသားဟောင်းတွေ အများစုပါဝင်တဲ့ လွှတ်တော်တွေ လည်း အသီးသီးပေါ်လာပြီ။ ဒီနေ့ ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ဖို့ လွှတ်တော် က ပြဋ္ဌာန်းဖို့လိုတယ်’’ဟု ၎င်းက ပြောသည်။