ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများ မောင်တောနယ်စပ်သို့ ထွက်ပြေးလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် နေထိုင်သော ရခိုင်နှင့် ရခိုင် မျိုးနွယ်စုဝင် ၂၆၀ ကျော်သည် ဘင်္ဂါလီများ၏ ခြိမ်းခြောက်မှု ကြောင့် မောင်တောနယ်စပ်သို့ ထွက်ပြေးလာကြောင်း ထွက်ပြေး လာသည့် မိသားစုများကို ကူညီ ဆောင်ရွက်ပေးနေသူများက ပြောသည်။

အဆိုပါ မိသားစုဝင်များ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ခေါင်တိုင်ခရိုင် တန်းဆိပ်မြို့နယ် ရှိ ကျေးရွားများကဖြစ်ပြီး ဖေဖော် ဝါရီ တတိယပတ်က စတင်ထွက် ပြေးလာကြောင်း၊ မတ်လ ၉ ရက် အထိ ထွက်ပြေးလာသူ ၂၆၀ ကျော်ရှိကြောင်း ကူညီဆောင် ရွက်နေသူ ကိုကျော်ဝင်းက ပြော သည်။

‘‘မောင်တောက ဘင်္ဂလား ဒေ့ရှ်ကို ထွက်လာတဲ့ ဘင်္ဂါလီတွေ က ပြဿနာရှာတယ်။ လုပ်စား ကိုင်စားလို့မရအောင် ခြိမ်း ခြောက်တယ်။ ဘင်္ဂါလီတွေ ခြိမ်း ခြောက်တာကို ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အရေးယူမှု ဘာမှ မလုပ်ဘူး’’ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်းဆိပ်မြို့နယ် လမားကျေးရွာ နေသူတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင် တောဒေသသို့ ထွက်ပြေးလာသူ များသည် လောင်းဒုံ၊ သစ်တုံးနား ခွဆုံကျေးရွာနှင့် အောင်သပြေ ကျေးရွာအနီး ယာယီတဲများ တည် ဆောက် နေထိုင်ပြီး စားဝတ်နေရေးအတွက် အကူအညီများ လို အပ်နေကြောင်း ကိုကျော်ဝင်းက ဆိုသည်။

ထွက်ပြေးလာသူ မိသားစု ဝင်များကို ဌာနဆိုင်ရာ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် လူမှုကူညီရေးအဖွဲ့အချို့က စားသောက်မှု ယာယီအဆင်ပြေ ရန် ဆောင်ရွက်ပေးကြောင်း မိသားစုဝင်များက ပြောသည်။

‘‘လောလောဆယ်တော့ တတ်နိုင်သလောက် ကူညီပေးနေ ပါတယ်။ အဓိက လုပ်ရမှာက အစိုးရက လုပ်ပေးရမှာပါ။ သူတို့ အတွက် နေရေး၊ ထိုင်ရေး၊ စား သောက်ရေးတွေပေါ့။ အရင်တုန်း ကလည်း သက်ဆိုင်ရာ၊ ဌာနဆိုင် ရာတွေကတစ်ဆင့် အစိုးရကို တင်ပြပြီးတော့ ဆောင်ရွက်ပေးခဲ့ပါ တယ်’’ဟု မောင်တောမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမောင်အုန်းက ပြော သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေ ထိုင်နေသည့် ရခိုင်နှင့် ရခိုင်မျိုး နွယ်စုဝင်များသည် ၂၀၁၂ ရခိုင်ပဋိပက္ခဖြစ်ပွားပြီး နောက် မောင် တောဒေသသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး ၂၀၁၆ တွင် မောင်တော၌ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် တွင်လည်း ပြန်လည်ဝင်ရောက် မှု များပြားခဲ့သည်။

Top News