မှော်ရုံတောမှာ လူတွေကောကုန်မှာစိုးလို့

(တစ်)

ကမ္ဘာပေါ်၌ မွေးဖွားလာခြင်း က ပျော်ရွှင်စရာကောင်းသ လောက် သေဆုံးခြင်းက စိတ်ထိ ခိုက်စရာ ကောင်းပါသည်။ လူ အပါအဝင် သက်ရှိသတ္တဝါတို့ မွေး ကြသည်။ ထို့နောက် သေကြ သည်။ ဘယ်တော့မှ သူတို့နောက် ထပ်တစ်ခါ ပြန်မလာကြတော့ ဘူးဟု တွေးမိသောအခါ လူတိုင်း မချိအောင် ခံစားရစမြဲဖြစ်ပါသည်။


တကယ့်တကယ်က လူ သတ္တဝါတွေမှ မဟုတ်ရလေပါ။ သေဆုံးသွားနိုင်စရာတွေက အ များကြီး။ မီးတောင်တွေ သေကြ လေသတဲ့။ ပင်လယ်တွေ သေကြ လေသတဲ့။ သစ်တောတွေ သေ ကြလေသတဲ့။ ဆည်တွေ၊ မြောင်း တွေ၊ ချောင်းတွေ၊ ကန်တွေ သေ ကြလေသတဲ့။

ကျွန်တော်ကဖြင့် ဧရာဝတီ မြစ်ကြီးကို ဘယ်သောအခါတွင်မှ မသေဆုံးစေ့ချင်သလို ကချင်ပြည် နယ်ထဲက ရတနာမြေကို ကွေ့ ဝိုက်ဖြတ်သန်းသွားသည့် ဥရု ချောင်းကိုလည်း ထာဝရ ရှင်သန် နေစေ့ချင်ပါသည်။

ဥရုချောင်း၏ အဖျားသို့ ဆရာနေဝင်းမြင့်၊ ဆရာမခင်ခင် ထူးတို့နှင့်အတူ ရောက်ဖူးပါသည်။ ဖားကန့်မှသည် မြစ်ကြီးနားဘက် သို့ လေးငါးခြောက်မိုင်ခန့် ဥရု ချောင်းနှင့်ယှဉ်၍ ပြန်ဆုတ်လိုက် သည့်အခါ လုံးခင်း။ လုံးခင်းကနေ လမ်းခွဲကာ ဥရုနှင့်အတူ ကိုးမိုင်ခန့် သွားလျှင် ချောင်းဖျားသို့ရောက်ပါ ပြီ။

ယခင်က ဥရုချောင်းဖျားသို့ သွားဖို့က စွန့်စားခန်းဖြစ်ပုံရပါ သည်။ ယခုမူ ဥရုချောင်းအဖျားသို့ မသွားမီ ကားတစ်စီးစာ ထိုးထား သည့် ကြိုးတံတားကလေး မလှမ်း  မကမ်း၌ ဗျူဟာမှူးရုံးထိုင်ပေရာ တပ်မတော်အရာရှိတချို့က စာ ရေးဆရာများကိုလည်း အများ နည်းတူ စစ်ဆေး၍ မှတ်တမ်းယူပါ သည်။

ကြိုးတံတားကတို၍ ကား တစ်စီးစာပဲ ကျယ်ပါသည်။ အောက်တွင် ဥရုက တိမ်တိမ်ပါး ပါးကလေး။ သို့သော် အေးစိမ့် လျက်။ ပကတိကြည်စင်လျက်။ ချောင်းစပ်ဝဲယာတွင် စိုက်ခင်းတွေ က မြရောင်လွှမ်းကာ တောင် တန်းပြာပြာကြီးများ၏ ခြေရင်း၌ အနားသတ်လျက်။

ဥရုချောင်းဖျားရှိ ကံဆီးရွာ မှာက ကံဆီးစော်ဘွား၏ ဟော် နန်းနေရာရှိပါသည်။ ဟော်ကမူ အစအနပင် မကျန်တော့။ ဥရုက ကျောက်စရစ်ခဲကလေးများပေါ်မှ ဖြတ်ကာ တသွင်သွင်စီးမြဲ။

သည်နေရာမှာ ရွှေနှင့် ကျောက်စိမ်း ပေါများပုံမရ။ ထို့ ကြောင့် ဥရုက လုံးခင်းအထိ ပြစ် မျိုးမှဲ့မထင်။ သို့သော် လုံးခင်းမှာ က ရတနာမြေစပြီ။ အလိုဆန္ဒတို့၊ လောဘတို့၊ ရမ္မက်တို့၊ စားကျက် တို့၊ သြဇာတို့၊ အာဏာတို့၊ လုပ် ပိုင်ခွင့်တို့စပြီ။ ထို့ကြောင့် ဥရုက ရုတ်ခြည်းဆိုသလို မျက်နှာထား ပြောင်းသွားပါသည်။

လုံးခင်းမှစကာ ဖားကန့်၊ ဆိုင်းတောင်၊ ကသိုဏ်းတောင်၊ တာမခန်၊ ဟောင်ပါး၊ ဆယ်ဇင်း စသည်ဖြင့် ဟိုး...ချင်းတွင်းမြစ်ထဲ ကိုရောက်သည်အထိ ညိုညစ်နီ စွေးကာ သွေးပွက်ပွက်အန်နေ သည့် ရောဂါသည်ကြီးအလား။
 


(နှစ်)


ကျောက်စိမ်းကမ္ဘာထဲက စာ ပေဟောပြောပွဲလာ ပရိသတ်က အနယ်နယ် အရပ်ရပ်မှ ရောက် လာသူတွေပဲ များပါသည်။

ဆရာနေဝင်းမြင့်က ကျောက် စိမ်းကမ္ဘာထဲမှာ ဘဝကိုလာရောက် အရင်းထည့်ထားကြပြီး ကျောက် စိမ်းလက်စွပ်ကလေး တစ်ကွင်း တလေမှ ဝတ်ထားကြတာ မတွေ့ ပါလားဟု ကျီစားလိုက်တော့ ပရိ သတ်က အရှိုက်ကို အထိုးခံလိုက် ရသလို အသက်ရှူတန့်သွားပုံရပါ သည်။

မှန်ပါသည်။ အများစုက ဝမ်းတစ်ထွာအတွက် ရောက်လာ ကြသူတွေ။ ညလုံးပေါက်အောင် ပင် တောင်လောက်မြင့်သည့် မြေ စာပုံကြီးများပေါ်မှ မြေစာများကို တစ်စီးဝင် တစ်စီးထွက်ဖြင့် မြေ သယ်ကားကြီးများက သွန်၍ချနေ ရာ မီးပွင့်ကလေးများ တလက် လက်နှင့် ကျောက်ရှာနေသည့် လူ ငယ်လေးတွေက လောဘဖြင့် မှောင်နေသည့် တောင်ကြီးတွေ ကြားမှာ ရမ္မက်ဖြင့် အသူတစ်ရာ နက်အောင်တူးထားသည့် ဧရာမ ချိုင့်ကြီးကျင်းကြီးတို့ကြားမှာ ပိုး စုန်းကြူးကလေးများပမာ။

သန်းခေါင်ကျူးပြီဆိုတော့မှ အမြဲတမ်း နားခိုရာဆီ ပြန်ကြရ သည့် ဥရု၏ ညများမှာ ကားက ဖင်ထောင်သွားလိုက်၊ ဦးမော့သွား လိုက်။ ဆရာမခင်ခင်ထူးက လူ ငယ်တွေ အခုလိုရှာစားနေရတာ စိတ်ထဲမှာ တစ်မျိုးကြီးပဲဆိုသည့် စကားကို မကြာခဏ ပြောနေ လိုက်။

သည်ဒေသမှာက မူးယစ် ဆေးဝါးပြဿနာက အများကြီး။ လိင်ကိစ္စတွေကလည်း အများကြီး။ လမ်းဘေးတစ်နေရာ၌ ဆေးထိုး အပ်ကလေးတွေ ကိုယ်စီကိုင်ကာ ကျီးလန့်စာစားထိုင်ရင်းက ကျွန် တော်တို့ကို လှမ်းကြည့်နေသူများ ကို ဖုန်တထောင်းထောင်းကြားက နေ လှမ်းကြည့်နေမိသည်။ တချို့ မြေစာပုံကြီးနှစ်ခုကြားက သစ်ပင် စုစုကလေးဆီ ဆေးထိုးအပ်ကိုယ် စီဖြင့် ပြေးဝင်ပျောက်ကွယ်သွား လိုက်ကြ၊ ပြန်ထွက်လာလိုက်ကြ။

အဲဒါ ကျွန်တော်တို့ ပြည် ထောင်စုကြီး၏ အနာဂတ်ပဲလား။

 

(သုံး)


ရိုက်တာ (Reuters) သတင်း ဌာနက မင်းဇေယျာဦး၊ Andrew R.C. Marshall နှင့် Ben Blanchard တို့ ရေးသည့် Myan- mar Old  Guard Clings to $ 8 Billions Jade Empire စာတမ်းကို ခင်မေဇော် (ဝါရှင်တန်ဒီစီ) ဘာ သာပြန်သည့် ကျောက်စိမ်းအင်ပါ ယာက ဒေါ်လာသန်းရှစ်ထောင် စာမူကလေး 7Day မှာပင် ဖတ်ခဲ့ ဖူးပါသည်။ ၂၀၁၁-၁၂ က ကျောက်စိမ်း ကီလိုဂရမ် ၄၃ သန်း ထုတ်ခဲ့ကြောင်း၊ ဒေါ်လာသန်း ၄,၃၀၀ ဖိုး အရောင်းအဝယ်ဖြစ် ကြောင်း၊ နိုင်ငံတော်က တရားဝင် ၃၄ သန်းဖိုးသာ ရကြောင်းစသည်။ ၂၀၁၁ တွင် ဒေါ်လာသန်း ၈,၀၀၀ ဖိုး အရောင်းအဝယ်ဖြစ်ကြောင်း စသည်။

Global Witness ကလည်း ၂၀၁၅ အောက်တိုဘာ ၂၃ က သတင်းစာ ရှင်းလင်းပွဲလုပ်ရာ ၂၀၁၄ ခုနှစ် တရုတ်သို့ပို့သည့် ကျောက်စိမ်းက ဒေါ်လာ ၁၂ ဘီ လီယံဖိုးဟုဆိုကာ နာမည်ကျော် လူပုဂ္ဂိုလ်တို့၏ စာရင်းကိုပင် ယှဉ် တွဲ၍ ထုတ်ပြန်ခဲ့ပါသေးသည်။

သေချာသည်က ထိုဧရာမ သဘာဝသယံဇာတ မုဆိုးကြီးများ စွန့်ပစ်လိုက်သည်များထဲက သွားကြားညပ်သဖြင့် သွားကြားထိုးတံ ဖြင့် ထိုးထုတ်လိုက်သည့် အသားစ ကလေးများကို ဝမ်းတစ်ထွာလူထု က လိုက်ရှာနေကြခြင်းပင် ဖြစ်ပါ သည်။

 ဥရုက လုံးခင်းမှသည် ဟောင်ပါးလောက်အထိ ရတနာ မြေ သတ်မှတ်ထားပြီး ချောင်းဝသို့ နီးလေလေ ကျောက်စိမ်းထက် ရွှေက ထွက်လေလေ ဖြစ်ပါသည်။

‘‘နေဦးဗျ...ခင်ဗျားတို့ ဖား ကန့်ကိုယ်တိုင်က ကျောက်စိမ်းတုံး ကြီးပေါ် ထိုင်နေမိတာ မဖြစ်နိုင် ဘူးလား’’

‘‘သိပ်ဖြစ်နိုင်တာပေါ့ ဆရာ ရယ်။ နောင်တူးချင်တဲ့ ကုမ္ပဏီက လူတွေကို လျော်ကြေးပေး ဖယ် ခိုင်းပြီး တူးချင်တူးနေမှာ’’

ဒေသခံက တဟားဟားရယ် ရင်း ပြောနေပြန်ပါသည်။ မြေပြင် အညီဟူ၍မရှိဘဲ အမြဲတမ်း တောင်တက်သမားလို သွားနေရ သဖြင့် အနည်းဆုံး ဆိုင်ကယ် ကလေးမှ မရှိလျှင် ခရီးမတွင်သော ဥရုချောင်းဘေးမှာ ကျွန်တော်က ပြုံးမိပါသည်။

‘‘ဒါနဲ့ နေပါဦး ခင်ဗျားတို့ တူးစရာ၊ ဆွစရာတွေက နောက် အနှစ် ၅၀ ခံပါဦးမလား’’

‘‘အဲ...အဲဒါကတော့ မခံနိုင် ဘူးဗျာ။ အခုတောင် ကျောက်က ရှားစပြုလာတဲ့ဥစ္စာ’’

မှန်ပါသည်။ သယံဇာတဆို သည်က တစ်နေ့တွင် ကုန်ခန်း သွားကြစမြဲ။ သို့ဖြစ်ရာ သယံဇာတ ကို ခွထိုင်ခဲ့ကြသည်ဆိုသည့် လူ တွေနှင့် လူ့အဖွဲ့အစည်းက မည်မျှ ပြောင်းလဲ တိုးတက်သွားကြလေ သလဲ။ 

 လူတစ်စုလား။ လူထုလား။ ခြံထွက်အသီးအပွင့်ဆိုသည်က ခြံ ထဲရှိ လူများအားလုံးအတွက် ဖြစ် သင့်စတမ်း။

အခုတော့ အရပ်လေးမျက် နှာက ရောက်လာသည့် သူတွေ အရင်းအနှီးကလေးပိုက်ကာ ပြန် သွားသူတွေလည်းရှိ၊ ရောဂါဝေဒ နာ ဗရပွနဲ့ ပြန်သွားသူတွေလည်း ရှိ၊ ဥရုချောင်းဘေးမှာပင် သင်္ဂြိုဟ် ပစ်လိုက်ရသူတွေလည်းရှိ။ ရေ မဆေးတချို့ကမူ သူတို့လုပ်ငန်း ခွင်နှင့် မလှမ်းမကမ်းရှိ ခြောက် ကောင်ဂျင်ဝိုင်းရှိရာသို့ ချွေးနှဲစာကလေးများ ကျစ်ကျစ်ပါအောင် ဆုပ်ကာ အသော့နှင်နေဆဲ။သြော် ...ကံကိုပုံ၍ ခြေစုံပစ်ကာ ရောက်လာကြသူများ။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)