တိုးတက်မှုတွေရှိပေမယ့် လက်တွေ့အသုံးတည့်ဖို့ ခက်ခဲနေတဲ့ မိုးပျံကား နည်းပညာ

မိုးပျံကားတွေအပေါ် အရူးထခြင်းနဲ့ပတ်သက်ရင် အနာဂတ် နည်းပညာ တွေအကြောင်း စိတ်ကူးရေးဆွဲတဲ့ ကာတွန်းဇာတ်ကောင် George Jetsonကို အပြစ်တင်ချင်ကြပါလိမ့်မယ်။ တကယ်တော့ လူတွေဟာ ပျံသန်းနိုင် တဲ့ မိသားစုသုံး ယာဉ်ငယ်လေးတွေ ဖန်တီးဖို့ ကြံဆခဲ့တာ ၁၈၄၁ လောက်ကတည်းကလို့ ဆိုပါတယ်။ အဲဒီအချိန်မှာ Henson Aerial Steam Carriage က မိုးပျံကားနဲ့ အခြေခံစိတ်ကူး တူညီတဲ့နမူနာ Concept ဒီဇိုင်းကို မှတ်ပုံတင်ခဲ့ဖူးပါတယ်။

အခုတော့ ရာစုနှစ်တစ်ခုခွဲလောက် ကာလကို ဖြတ်သန်းခဲ့ပြီးပါပြီ။ မိုးပျံကားတွေဆိုတာဟာ စိတ်ကူးယဉ်အဆင့်ကို ကျော်လွန်ပြီး လက်တွေ့ တည်ဆောက်နိုင်တဲ့ အခြေအနေကို ရောက်လာပြီ။ အမှန်တကယ် စမ်း သပ်ပျံသန်းတဲ့ မိုးပျံကားတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့ အရေးပါတဲ့ မေးခွန်းတစ်ခုက မိုးပျံကားတွေဟာ လက်တွေ့လူမှုနယ်ပယ်မှာ အမှန်တကယ် အသုံးကျမှာလား၊ အသုံးတွင်ကျယ်မှာလား ဆိုတာပါပဲ။

Google ကို ပူးပေါင်းထူထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ လယ်ရီပေ့ဂ်ျဟာ မိုးပျံကားအသစ်တစ်မျိုးကို အခုသီတင်းပတ်ထဲမှာ ထုတ်ဖော်မိတ်ဆက် ခဲ့ပါတယ်။ ပေ့ဂ်ျရဲ့ အထောက်အပံ့ကို ရရှိနေတဲ့ Kitty Hawk ကုမ္ပဏီက Cora ဆိုတဲ့ မိုးပျံကားငယ်လေးကို နယူးဇီလန်မှာ လက်တွေ့အသုံးပြုခွင့် အတွက် စတင်လျှောက်ထားလုပ်ဆောင်နေပြီလို့ ပြောပါတယ်။ Cora ဟာ ကားတစ်စီးထက် ချစ်စရာလေယာဉ်ငယ်လေးနဲ့ ပိုတူတယ်။ လူနှစ်ဦး လိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီ မိုင် ၁၁၀ မြန်နှုန်းထိ ပျံသန်းနိုင်တယ်။ အရေးအကြီးဆုံးအချက်တစ်ခုက ကွန်ပျူတာဉာဏ်ရည်တု အထောက်အပံ့စနစ်တွေကို အသုံးပြုပြီး မောင်းသူမဲ့နည်းပညာနဲ့ ပျံသန်းနိုင်ခြင်း ဖြစ်ပါတယ်။ Kitty Hawk က Cora တွေကို အငှားယာဉ်ဝန်ဆောင်မှုအတွက် ရည်ရွယ် တည်ဆောက်ထားတယ်လို့ပြောပါတယ်။

Google နဲ့ Uber တို့ကလည်း ပြီးခဲ့တဲ့နှစ်ကစလို့ လူတစ်ဦးချင်း လိုက်ပါ စီးနင်းနိုင်တဲ့ အသေးစားယာဉ်ငယ်တွေကို ထုတ်ပြခဲ့တယ်။ ဂျီနီဗာ ကားပြပွဲမှာတုန်းကဆိုရင် Audi နဲ့ Porsche တို့အပါအဝင် ကုမ္ပဏီသုံးခုကမိုးပျံကား Concept စိတ်ကူးသစ်တွေကို ခင်းကျင်းပွဲထုတ်လာကြပါ တယ်။ ကုမ္ပဏီအားလုံးလိုလိုက တူညီမှတ်ချက်ပေးခဲ့တာက ဒီကားလေး တွေဟာ လက်တွေ့ဖြစ်မြောက်တဲ့အဆင့်ရောက်ဖို့ အချိန်သိပ်မလိုတော့ ဘူးဆိုတဲ့ အချက်ပါ။

Audi ဆိုရင် လေကြောင်းနည်းပညာကုမ္ပဏီကြီး Airbus၊ ယာဉ်ဒီဇိုင်းဌာန Italdesign တို့နဲ့ ပူးပေါင်းပြီး မိုးပျံကား ဒီဇိုင်းကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ Volkswagen လုပ်ငန်းစုကြီးရဲ့ လက်အောက်မှာပဲ Audi နဲ့အတူရှိနေတဲ့ Porsche ကလည်း မိုးပေါ် ပျံသန်းနိုင်ပြီး မလိုလားအပ်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို အလွယ်တကူရှောင်လွှဲနိုင်မယ့် မြို့တွင်းသုံး ကား Concept တစ်မျိုးကို မိတ်ဆက်ခဲ့ပြန်ပါတယ်။

မိုးပျံကားတွေ အသုံးချလိုခြင်းရဲ့ ပင်မရည်ရွယ်ချက်က ရှုပ်ထွေး လွန်းတဲ့ မြို့တွင်းလမ်းတွေကို ရှောင်လွှဲဖို့ ဖြစ်ပါတယ်။ လမ်းပေါ်မှာ မောင်းမနေဘဲ လေထဲပျံသွားရင် အချိန်ကုန်ပိုသက်သာလိမ့်မယ်ဆိုတဲ့ အခြေခံစိတ်ကူးက အဓိကအကျဆုံးပါပဲ။ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ မိုးပျံကား တွေ စပြီးခေတ်စားလာပါတယ်။ ကုမ္ပဏီတချို့က Concept အဆင့် ကားငယ်လေးတွေ ထုတ်လုပ်လာတယ်။ ဒါပေမဲ့ ကားတစ်စီးထက် လေယာဉ်ငယ်လေးတွေပုံစံနဲ့ ပိုဆင်တူနေတာ တွေ့ရပါတယ်။ မိုးပျံကား စမ်းသပ် ထုတ်လုပ်တဲ့ ကုမ္ပဏီအများစုကတော့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင် ထိ လုံးဝမရောက်ခဲ့ကြပါဘူး။

နောက်ကျတော့ Google ရဲ့ အောင်မြင်မှုတွေနဲ့အတူ မောင်းသူမဲ့ ကား နည်းပညာခေတ်စားလာတယ်။ အဲဒီအခါမှာ ကားကုမ္ပဏီကြီးတွေ အများစုရဲ့ အာရုံက မိုးပျံကားတွေဆီကနေ ရှောင်ဖယ်ပြီး ဉာဏ်ရည်တုနဲ့ အလိုအလျောက် ထိန်းချုပ်မောင်းနှင်နိုင်တဲ့ မောင်းသူမဲ့ကားတွေဆီ ရောက်သွားပါတယ်။ မိုးပျံကားတွေအကြောင်း အတော်လေး အသံတိတ် သွားခဲ့တယ်။ ဒါပေမဲ့ လုံးဝချုပ်ငြိမ်းသွားတာတော့ မဟုတ်ပါဘူး။

အခုအခါမှာတော့ Boeing နဲ့ Airbus တို့လို လေကြောင်းကုမ္ပဏီ ကြီးတွေကပါ တစ်ကိုယ်ရေသုံး မိုးပျံကားတွေ ထုတ်လုပ်ဖို့ စီမံကိန်းတွေ ရှိနေကြောင်း အသီးသီးအတည်ပြုလာကြပါတယ်။ အရင်ကဆိုရင် မိုးပျံကားမောင်းနှင်သူဟာ အပျော်တမ်းလေယာဉ်မောင်းနိုင်တဲ့ လိုင်စင် မျိုးရှိဖို့လိုတယ်။ မောင်းသူမဲ့ကား နည်းပညာတဖြည်းဖြည်း ရုပ်လုံးပေါ် လာတဲ့အခါမှာတော့ မိုးပျံကားတွေဟာ ကိုယ်တိုင်မမောင်းဘဲ ဝင်ထိုင်ပြီး ဇိမ်နဲ့ လိုက်သွားရုံဆိုတဲ့ အဆင့်မျိုးဆီ ဦးတည်လာပါတယ်။ ဒါကြောင့် အငှားယာဉ်ဝန်ဆောင်မှုဆန်တဲ့ လုပ်ငန်းမျိုးအတွက် ပိုအံဝင်လာပါ တယ်။

ဒူဘိုင်းမှာဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မောင်းသူမဲ့ မိုးပျံကားတွေနဲ့ အငှားယာဉ်ဝန်ဆောင်မှု ပေးနိုင်ဖို့ အမှန်တကယ် ကြိုးစားနေပါပြီ။ လူလိုက်ပါ စီးနင်းတဲ့ ပျံသန်းမှုတွေ ပြုလုပ်ရာမှာလည်း ရလဒ်တွေက အပေါင်းလက္ခဏာ ဆန်နေပါတယ်။ ဒါတွေဟာ မောင်းသူမဲ့ကား နည်းပညာကျယ်ပြန့်လာရေး တွန်းအားပေးနေတဲ့ ပညာ ရှင်တွေ၊ ကုမ္ပဏီတွေအားလုံးအတွက် အားတက်စရာ သတင်းတွေပါ။

ဒါပေမဲ့ ဆန့်ကျင်ဘက် မေးခွန်းထုတ်စရာတွေလည်း ရှိပါတယ်။ မြို့ခံလူတွေအနေနဲ့ ကိုယ့်ခေါင်းပေါ်မှာ တဝီဝီပျံသန်းသွားလာနေတဲ့ မောင်းသူမဲ့ကားတွေအပေါ် ဘယ်အတိုင်းအတာထိ ယုံကြည် စိတ်ချမှာလဲ။ တကယ်လို့ စက်ချွတ်ယွင်းပျက်ကျခဲ့ရင် ဘယ်လောက်တောင် အထိ အခိုက်များသွားမလဲ။ မိုးပျံကားတွေက မြို့ပြလေကြောင်းသွားလာမှု စနစ်တွေမှာ အရှုပ်အထွေးတွေဖြစ်လာစေမလားဆိုတာတွေ အများကြီး ထောက်ပြစရာ ရှိနေပါတယ်။

ဒါကြောင့် မိုးပျံကား တီထွင်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီမေးခွန်းတွေ ကို သက်ဆိုင်ရာ နိုင်ငံအလိုက် စံသတ်မှတ်ချက်တွေနဲ့အညီ သင့်တော် အောင် ဖြေဆိုပြဖို့ ဦးဆုံးကြိုးစားရပါလိမ့်မယ်။ မိုးပျံကားတွေဟာ လက်ရှိခွင့်ပြုထားတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနည်းတူ လုံခြုံရေး စိတ်ချရပြီး လူနေမှုဘဝအတွက် ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့တွေ ပေးနိုင်ကြောင်း လက်တွေ့ပြသရပါဦးမယ်။ ဒီကိစ္စတွေက အပြောလွယ် သလောက် လက်တွေ့လုပ်ပြဖို့ ခက်နေဦးမှာပါ။

နောက်ထပ် ကန့်သတ်ချက်တစ်ခုက ဈေးနှုန်းပါ။ Terrafugia Transition ဆိုတဲ့ မိုးပျံကားဟာ တော်တော်လေး ဆွဲဆောင်မှု ရှိနေပေ မယ့် တစ်စီးကို ဒေါ်လာနှစ်သိန်းရှစ်သောင်းလောက် ကျသင့်ပါလိမ့်မယ်။ တော်ရုံလူ စိတ်မကူးရဲတဲ့ ငွေပမာဏပါပဲ။

ဒါကြောင့် စဉ်ဆက်မပြတ် တီထွင်မှုတွေ ထုံမွမ်းနေတဲ့ နည်းပညာ ခေတ်မှာ မိုးပျံကားတွေဟာ စိတ်ကူးယဉ်အဆင့်ကနေ လက်တွေ့ အခြေ အနေထိ ရောက်လာတာကို ကြိုဆိုရမှာဖြစ်ပေမယ့် တကယ်တမ်း အသုံး ချဖို့၊ အသုံးဝင်ဖို့၊ အသုံးတွင်ကျယ်ဖို့ဆိုတာကတော့ သံသယတွေ၊ မေးခွန်းထုတ်မှုတွေနဲ့ စောင့်ကြည့်ရမယ့် အနာဂတ်တစ်ခုအဖြစ် ရှိနေဆဲပါပဲ။

—Ref: PC Magazine