မွန်ပြည်နယ်ရှိ ကျေးရွာများ နွေရာသီရေရှားပါးမှု လျော့နည်းမည်ဟုဆို

 မွန်ပြည်နယ်တွင် ယခု နွေရာသီကာလ ရေရှားပါးမှု ကြုံတွေ့မည့် ကျေးရွာများ လျော့ နည်းမည်ဟု မွန်ပြည်နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ညွှန်ကြား ရေးမှူး ဦးမျိုးကြည်က ပြော သည်။

ပြီးခဲ့သည့်နှစ်က ခုနစ်မြို့ နယ်ရှိ ကျေးရွာ ၅၀ ၌ ရေရှားပါးမှု ကြုံတွေ့၍ ရေပေးဝေရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်  ငါးမြို့နယ်ရှိ ကျေးရွာအုပ်စုသာ ၃၇ စု ရေရှားပါးမည်ဟု ခန့်မှန်း ထားကြောင်း ဦးမျိုးကြည်က ဆို သည်။

‘‘ဒီနှစ်မှာ ရေရှားပါးတဲ့ ကျေးရွာတွေ လျော့နည်းသွား မယ်။ ဒီဘဏ္ဍာနှစ်ထဲမှာ ကျွန် တော်တို့ ကျေးလက်ကနေပြီး မြေသားရေကန်တွေ တူးဖော်ပေး ထားတယ်။ ရေတွန်းပို့တဲ့စနစ် တွေ လုပ်ထားတယ်။ အခုအချိန် အထိ ရေရှားနေတဲ့ သတင်းတွေ မကြားသေးဘူး။ မြို့နယ်တိုင်းမှာ ရေတွေ တော်တော်ကျန်နေသေး တယ်။ မြို့နယ်တိုင်းမှာ ရေဖြန့်ဝေ ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင် ထားပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

ရေရှားပါးသည့် ကျေးရွာ အများစုသည် ပင်လယ်ကမ်းခြေ ဒေသများနှင့် လယ်ကွင်းအတွင်း ရှိ ကျေးရွာများဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် နှစ်စဉ် ဧပြီ နောက်ဆုံးပတ်ကစ၍ ရေရှားပါး တတ်ကြောင်း ဦးမျိုးကြည်က ဆိုသည်။

ရေတွင်း၊ ရေကန်များ တူး ဖော်၍မရသည့် ကျေးရွာများဖြစ် သော ပေါင်မြို့နယ်တွင်ခြောက် ရွာ၊ ဘီးလင်းမြို့နယ်တွင်လေးရွာ နှင့် သထုံမြို့နယ်တွင် သုံးရွာ၌ ယခုနှစ် ရေရှားနိုင်ကြောင်း ဦးမျိုး ကြည်ကပြောသည်။

‘‘မနှစ်ကဆို မတ်လထဲမှာပဲ ပေါင်မြို့နယ်တို့၊ ဘီးလင်းမြို့နယ် တို့မှာ ရေတွေရှားနေပြီ။ ဒီနှစ်က ဘာသတင်းမှ မကြားသေးဘူး။ သတင်းကြားတာနဲ့ ရေလှူမယ့် ကိစ္စ ကြိုတင်ပြင်ဆင်ထားပြီးပါ ပြီ’’ဟု ပေါင်မြို့နယ်ရှိ လူမှုရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ် ရေပေးရေးလုပ် ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၃၃၈ ဒသမ ၂၅၂ သန်းရ ထားပြီး ရေရှားပါးသည့် ကျေးရွာ များတွင် ရေတွင်းတိမ်၊ ရေတွင်း နက်များ၊ လက်တူးတွင်းများ၊ မြေသားရေကန်များ လုပ်ငန်း ပမာဏ ၄၆ ခု အကောင်အထည် ဖော် ဆောင်ရွက်ထားကြောင်း ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနစာရင်း တွင် ဖော်ပြထားသည်။