အားလပ်ရက်မှာဖတ်စရာ
ကမ္ဘာ့ကဗျာနေ့ ကဗျာများ
လာမယ့် မတ်လ ၂၁ ရက် (ဗုဒ္ဓဟူးနေ့)ဟာ ကမ္ဘာ့ကဗျာနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ မြန်မာအ ပါအ၀င်ကမ္ဘာတစ်ဝန်းက ကဗျာ ဆရာတွေဟာ ကဗျာရွတ်ဆိုခြင်း၊ ကဗျာအကြောင်း ဆွေးနွေးခြင်းနဲ့ ကဗျာနဲ့ပတ်သက်တဲ့ ပွဲအသီးသီး ဆင်နွှဲလေ့ရှိပါတယ်။ ရန်ကုန်မှာ ဆိုရင်လည်း ယုဒဿန်ခန်းမမှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကဗျာနေ့ ကျင်းပလေ့ရှိပါတယ်။ 
ဒါကြောင့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ထွက်လာ တဲ့ အမှတ်တရကဗျာစာအုပ်တစ် အုပ်ကို ဒီတစ်ပတ်အားလပ်ရက် မှာ ဖတ်စရာအဖြစ်ဖော်ပြလိုက် ပါတယ်။
တကယ်တော့ ကမ္ဘာ့ကဗျာ နေ့ဆိုတာ ကဗျာခရေဇီတွေရူးရူး နှမ်းနှမ်းအရမ်းကာရော သတ် မှတ်ထားတာ မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၉ ခုနှစ်ကတည်းက အသိအ မှတ်ပြုထုတ်ပြန်ထားတဲ့ နေ့ထူး နေ့မြတ်တစ်ရက်ပါ။ အဲဒီနေ့မှာ နိုင်ငံတကာကဗျာဆရာတွေ နိုင်ငံ အနှံ့အပြားမှာ ကဗျာနဲ့ပတ်သက် တဲ့ လှုပ်ရှားမှုတွေအသီးသီးပြု လုပ်ကြပါတယ်။ ကော်ဖီဆိုင်၊ ဘားဆိုင်တွေမှာ ကဗျာရွတ်ဆို ကြသလို တချို့မြို့ကြီးတွေမှာ တော့ ခမ်းခမ်းနားနား ကြီးကြီး ကျယ်ကျယ် ကျင်းပမြဲဖြစ်ပါ တယ်။ မြန်မာပြည်မှာဆိုရင် စစ် အာဏာရှင်တွေ အုပ်စိုးချိန်က ဒီလိုပွဲမျိုးကို ကျိတ်ပုန်းကျင်းပ ခဲ့ရတာပါ။ ယနေ့ခေတ်မှာတော့ ပေါ်ပေါ်ထင်ထင်ကျင်းပခွင့်ရလာ ပါပြီ။ ဒါကြောင့် ကမ္ဘာ့ကဗျာနေ့ မတိုင်ခင်နဲ့ ကမ္ဘာ့ကဗျာနေ့ဝန်း ကျင်မှာ ကဗျာချစ်သူတွေ ကဗျာ ကောင်းလေးတွေ ဖတ်ရှုနိုင်ဖို့ယခု စာအုပ်ကို ညွှန်းဆိုရတာပါ။ စာ အုပ်မှာ ကိုလေး (အင်းဝဂုဏ် ရည်)၊ ကိုငြိမ်း (မန္တလေး)၊ ပိုင်စိုး ဝေ၊ နေမျိုး၊ စံညိမ်းဦး၊ ငြိမ်းသစ် အစရှိတဲ့ ကဗျာရေးသက်ကြာမြင့် တဲ့ ဆရာတွေရဲ့ ကဗျာတွေပါဝင် သလို ဥက္ကာကျော်၊ A မွန်၊အောင် ခိုင်မြတ်၊ မော်မင်းသန်း၊ ကိုဒြပ် အစရှိတဲ့ ခေတ်ပေါ်ကဗျာရေးသူ တွေရဲ့ ကဗျာအပုဒ်ရေ ၁၅၈ ပုဒ် အထိပါဝင်ပါတယ်။ ဆရာမောင် သင်းခိုင်ရဲ့ ‘မြစ်ကိုနာခံနေတယ်’ ကဗျာမှာ ......
 ငါ့အိမ်ကို ပြန်ရောက်တော့
 မနက် တုံးမောင်း ခေါက်သွားပြီ။
 ငါ အိမ်တံခါးခေါက်နေတာကို
 တစ်ယောက်မှ မကြားကြဘူး
 ငါ့ကလေး ဟောက်နေလိုက်ပုံက
 မိုးခြိမ်းသံလိုပ။
 ငါတောင်ဝှေးကို ထောက်ပြီး
 ငါမြစ်ကို နာခံနေတယ်
 ငါ့ဘ၀ (ငါ့ကိုယ်ငါ)မပိုင်လို့
 ငါ အမြဲ ၀မ်းနည်းနေမိရဲ့
 သုညနောက်က လိုက်ရင်း
 အလောတကြီး
 ဘယ်တော့မှ မေ့ပျောက်နိုင်မှာလဲ
 နက်ရှိုင်းတဲ့ ညထဲ
 လေက အိပ်ပျော်နေရဲ့
 ပိုးသားဖြူဖြူ 
 ပက်လက် လှဲနေတယ်
 သူ့ဘ၀ လက်ကျန်တွေကို
 မြစ်တွေ
 ပင်လယ်တွေမှာ 
 ကုန်ဆုံးစေတော့မယ်
 လှေငယ်ကလေး မကြာမီ
 အဝေးကို 
 ထွက်ခွာသွားတော့မယ်....လို့ ရေးထားတာ ဖတ်ရပါမယ်။ ဒီလို ပဲ ခက်ရှားရဲ့ ‘ကြယ်မျော’ မှာ....
 ညတွေအကြောင်း ပြောတဲ့အခါ
 ဘ၀တွေ ပြောင်းသွားတယ်
 ကိုယ်ဟာ မင်းအတွက်
 မလင်းတဲ့ ကြယ်
 လမင်း အလင်းတွေ
 မလောက်ငတဲ့အခါ
 ကိုယ်ဟာ မင်းဆုတောင်းပြည့်ဖို့
 ကြွေကျပြရ
 အလင်းမဲ့ နယ်မြေထဲ
 လေဟာနယ်ထဲ ဘယ်ချိန်ထိ
 မျောနေပေးရမလဲ....လို့ ခပ်ရှရှ နဲ့ထိထိမိမိလေး ဖွဲ့ထားပါတယ်။ ထွန်းလင်းသစ်(ကန့်ဘလူ)ရဲ့ ‘ကမ္ဘာ့သတင်း’ မှာ.....
 ကမ္ဘာကြီးကို
 နားထောင်ကြည့်လိုက်တယ်
 အား.... .... ....
 ကြားလိုက်ရတဲ့
 သတင်းတွေက ပူလိုက်တာ
 မီးတောင်တွေ ပေါက်နေတယ်
 ငလျင်တွေ လှုပ်နေတယ်
 မုန်တိုင်းတွေ ကျနေတယ်
 ရေတွေ ကြီးနေတယ်
 မိုးတွေ ခေါင်နေတယ်
 ရေခဲမြစ်တွေ 
 အရည်ပျော်နေတယ်
 အစာရေစာ ငတ်နေတယ်
 တစ်နေ့ တစ်နေ့... ... ...
 ကြားရတဲ့သတင်းတွေက 
 မလှဘူး 
 ကိုယ့်အသိုက်
 ကိုယ်ဖျက်မိတဲ့ ငှက်တွေလို
 ပြုလိုက်ပြင်လိုက်ပျက်လိုက်
 ပေါက်လိုက် ပြဲလိုက် 
 ဖာလိုက်နဲ့
 နေထိုင်ရတာခက်တယ်
 အတ္တတွေ 
 ကြီးကြီးလာကြတော့
 မေတ္တာတွေ
 ခန်းခြောက်သွားကြတယ်
 ငါတို့နေတဲ့ အိမ်ကလေး
 ငြိမ်းချမ်းရေးနဲ့ ဝေးသွားမှာ
 စိုးတယ်....ဆိုပြီး ကသောင်းက နင်းဖြစ်နေတဲ့ ကမ္ဘာကြီးနဲ့ချိန်ထိုး ပြီး ငြိမ်းချမ်းရေးကို ဖွဲ့ထားတယ်။ မောင်နွေရင့် (အင်းဝ)ရဲ့ ‘လှေ’ ကဗျာမှာတော့....
 လှေဟာ ရေကို အ၀င်မခံဘူး
 လှေဟာ ရေထဲမှာ နေတယ်
 လှေရဲ့ဘ၀ဟာ ရေဖြစ်ပေမဲ့
 လှေက သူ့ဘ၀ထဲ
 ရေကိုလက်မခံဘူး
 စီးဆင်းဆဲ
 ဆက်လက် လှော်ခတ်ဆဲ
 ဆန်တက်ဆဲ
 စုန်ဆင်းဆဲ
 အပြိုင်းပြိုင်းထတဲ့ဝဲမှာ
 လှေဟာ ကျင်လည်တယ်
 ရေဟာ သူ့ဘ၀ပေမဲ့
 ရေကို လက်မခံဘူး
 ဖာထေးရာ ဗရပွနဲ့
 လှေက လူးလွန့်ရင်း
 ဆက်လက်နေတယ်
 ရေရဲ့ အရိပ်အရောင်မှာ... လို့ ရေးဖွဲ့ထားပါတယ်။
ယခုစာအုပ်ရဲ့ ထူးခြားချက် ကတော့ နယ်ကလောင်ရှင်တွေ များတာပါပဲ။ ဒီလိုများရတာက လည်း စာအုပ်ကို မန္တလေးမြို့ ကိုယ်စားပြုလို့ ခရေရိပ်ကဗျာဝိုင်း က စီစဉ်တယ်လို့သိရတယ်။ ဘာပဲဖြစ်ဖြစ် နွေနေပူပူမှာကဗျာ ကောင်းလေးတွေ ဖတ်ရတာက ဒုလ္လဘတစ်မျိုးပါ။ စာအုပ်ကို စာ အုပ်ဆိုင်ကြီးတွေမှာ တန်ဖိုး ၂,၅၀၀ ကျပ်နဲ့ဝယ်ယူနိုင်ပါတယ်။