ဖားကန့်မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူ ၃၀ ဦးအထက်ရှိနိုင်ကြောင်း ဒေသခံများပြော

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူအရေအတွက်ကို အတည်မပြုသေး
မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ် (ဓာတ်ပုံ - သင်္ခါလူမှုကူညီရေးအသင်း)

ဖားကန့်ဒေသ၌ ရေမ ဆေးကျောက်ရှာဖွေသူ အများအ ပြားရှိနေသည့်ညအချိန်တွင် မြေ စာပုံပြိုကျမှုဖြစ်ပွားရာ မြေစာပိ ပျောက်ဆုံးနေသူ ၃၀ ဦးအထက် ရှိနိုင်ကြောင်း ဒေသခံများက ပြော ကြားပြီး ရဲတပ်ဖွဲ့နှင့် ကယ်ဆယ် ရေးအဖွဲ့ကမူ သေဆုံးသူစာရင်း ကို အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေး ရွာအုပ်စု ကံခါကျေးရွာမှ ပေတစ်ထောင်ခန့်မြင့်သော စွန့်ပစ်မြေစာ ပုံသည် မတ်လ ၁၆ ရက် ည ၁၀ နာရီခန့်က ပြိုကျခဲ့သည်။ ရေမ ဆေးကျောက်  ရှာဖွေသူများက ညအချိန် အင်အားအများအပြား ရှာဖွေခြင်းဖြစ်၍ ယခု မတော် တဆမှုတွင် သေဆုံးသူ ၃၀ ဦးအထက် ရှိနိုင်ကြောင်း ဒေသခံအချို့ က ပြောသည်။

‘‘ညဘက်မှာ အများဆုံးရှာ ကြတာ။ ရှာနေရင်း ပြိုကျတာ။ ကားနှစ်စီးလည်း မြေပြိုတဲ့အထဲ ပါသွားသေးတယ်။ လူလည်း များ တယ်’’ ဟု ယင်းဖြစ်ရပ်ကို မြင် တွေ့ခဲ့သော ရေမဆေးကျောက် ရှာဖွေသူတစ်ဦးက ပြောသည်။

မြေစာပုံပြိုသည့် သတင်း ကြားသိထားသော်လည်း အသေး စိတ်သတင်းအချက်အလက်မရရှိ သေးကြောင်း ဖားကန့်မြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက မတ်လ ၁၇ ရက် ည ၇ နာရီခန့်က ပြောသည်။

 မြေစာပုံပြိုကျမှုတွင် မြေ သယ်ကားနှစ်စီး ပါသော်လည်း ယာဉ်မောင်းများသည် ကားအ တွင်း ရှိနေ၍ ထိခိုက်မှုမရှိဘဲ ကားကို ပြန်ဆွဲတင်ပြီး ဖြစ်ကာ ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် သင်္ခါလူမှုကူညီရေးအသင်းမှ ဦးစိုင်းတောင်က ပြောသည်။

ပျောက်ဆုံးသည်ဟု စာရင်းပေးထားသူလေးဦးသာ ရှိနေပြီး မီးသတ်၊ ရဲတပ်ဖွဲ့နှင့် ဒေသတွင်းလူမှုရေးအဖွဲ့များက ကုမ္ပဏီပိုင် ဘတ်ဟိုးခြောက်စီး အသုံးပြုကာ ရှာဖွေနေသည်ဟု ၎င်းက ပြောသည်။

ဦးစိုင်းတောင်က ‘‘ညဘက် ဖြစ်တယ်ဆိုတော့ ဦးလေးတို့ လည်း သေချာမသိဘူး။ လူတွေ ကတော့ အမျိုးမျိုးပြောနေကြ တယ်။ မြေစာပုံကတော့ အမြင့် ကြီးပဲ။ ဘေးမှာလည်း လျှိုရှိတယ်။လူဘယ်နှယောက်ပါသွားလဲဆို တာတော့ ဦးလေးတို့လည်း မပြောနိုင်ဘူးလေ။ လေးဦးပျောက်နေ တယ်ဆိုပြီးတော့ စာရင်းပေးထား တာရှိတယ်’’ဟု ပြောသည်။

အထောက်အထားမဲ့ ရေမ ဆေးကျောက်ရှာဖွေသူများ သိန်း ချီရှိနေသော ဖားကန့်ဒေသတွင် မကြာခဏဖြစ်ပွားနေသည့် မြေ စာပုံပြိုကျမှုဖြစ်စဉ်များ၌ သေဆုံး သူအရေအတွက် အတိအကျသိ ရန်ခက်ခဲသည်။ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ယခုဖြစ်ပွား သော မြေစာပုံပြိုကျမှုတွင် သေ ဆုံးသူလူဦးရေစာရင်းအတိအကျ ရနိုင်ရေး အခင်းဖြစ်နေရာသို့ သွား ရောက်လေ့လာရန် ပြင်ဆင်နေ သည်။

ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင် ဦးခင်မောင်ချင်းက ‘‘သတ် မှတ်တဲ့အတိုင်း မပုံဘဲ အဆမတန် ပုံတော့ အခုလိုဖြစ်တာပေါ့။ လူမှု ကူညီရေးအဖွဲ့တွေ အကူအညီနဲ့ စာရင်းကောက်မှ အမှန်ရမယ်။ စာရင်းအမှန်ရအောင် လုပ်ဖို့ရှိပါ တယ်’’ဟု ဆိုသည်။

ယခုမြေစာပုံပြိုကျသည့် နေ ရာသည် ၂၀၁၅ နိုဝင်ဘာက ဖြစ် ခဲ့သော လူတစ်ရာကျော် သေဆုံးခဲ့သည့် မြေစာပုံပင်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ပျောက်ဆုံးနေသူများကို မတ်လ ၁၇ ရက် နံနက်တွင် စတင်ရှာဖွေပြီး ညနေ ၅ နာရီတွင် ယာယီရပ်နားခဲ့သည်။ ယနေ့ (မတ်လ ၁၈ ရက်)တွင် ဆက်လက်ရှာဖွေမည်ဟု ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောသည်။