‘ဝ’ အဖွဲ့က NCA ကို လက်ခံလိုက်ပြီဟု မှတ်ယူ၍မရကြောင်း UWSA ထုတ်ပြန်

အစိုးရ၊ တပ်မတော်နှင့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) တို့ အကြား ဆက်သွယ်ရေးလမ်းကြောင်းပွင့်နေပြီး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းသည် ‘ဝ’အဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်ခံလိုက်ပြီဟု မှတ်ယူ၍မရနိုင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

UWSA နှင့် မိုင်းလားအဖွဲ့တို့ NCA ကို လက်ခံပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၏ပြောဆိုမှုကို ကိုးကား၍ မတ်လ၁၄ ရက်တွင် မီဒီယာအချို့၏ သတင်းဖော်ပြခဲ့ခြင်းအပေါ် UWSA က မတ်လ ၁၆ ရက် ရက်စွဲဖြင့် တုံ့ပြန်ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းသို့ ပြောဆိုမှုသည် မှန်သလိုလိုနှင့် မှားနေပြီး အများပြည်သူ အထင်အမြင်လွဲအောင် တမင်တကာလုပ်ဆောင်သည်ဟု သံသယရှိပြီး၊ ရပ်တန့်နေပြီး ရှေ့ ဆက်ရန် ခက်ခဲနေသော မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်အား အနှောင့်အယှက်ဖြစ်စေ သည်ဟု UWSA က ဆိုသည်။ UWSA ၏ ထုတ်ပြန်ချက်နှင့်ပတ် သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးထံ မေးမြန်းရာ မှတ်ချက်မပေးလိုဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဝေဖန်ပြောဆိုသောအခါ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (National Ceasefire) နှင့် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် (NCA) ဟူသော သဘောထားအယူအဆ နှစ်ခုကို ရောထွေးပြောဆို၍မရဟု ဆိုသည်။

UWSA အနေဖြင့် တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး (National Ceasefire) ကို မည် သည့်အခါမျှ မဆန့်ကျင်သော် လည်း စာချုပ်သဘောဆောင် သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ပါရှိသော အချို့အ ချက်ကို မတူညီသည့် သဘော တရားများ အမြဲရှိနေသည်ဟု လည်း ထုတ်ပြန်ချက်က ဆိုသည်။ NCA ပါ အချို့သောအချက်များ သည် လွန်စွာချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံအတွက် စစ်မှန်သော ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင် ပါဟု သုံးသပ်မိကြောင်း UWSA က ဆိုသည်။

မီဒီယာများအနေဖြင့် ကာလကြာရှည်စွာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သတင်း ရေးသားရာတွင် NC နှင့် NCA အ ယူအဆနှစ်ရပ်ကို ရှင်းလင်းစွာ မခွဲခြားနိုင်ဟု UWSA ၏ စာတွင်ဖော်ပြထားသည်။ မီဒီယာလုပ် ငန်းဆိုင်ရာ တတ်ကျွမ်းမှုပညာ ချို့တဲ့မှုကြောင့် UWSA က NCA ပါ အချို့သော အချက်များအပေါ် ဆန့်ကျင်နေခြင်းကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NC) ကို ဆန့်ကျင်နေသည်ဟု ထင်မှတ်နေကြောင်း UWSA က စွပ်စွဲထားသည်။

UWSA အနေဖြင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချို့သော အချက်များနှင့် NCA အရ ရေးဆွဲထားသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ဆန့်ကျင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၁ တွင် အစိုးရနှင့် ငြိမ်း ချမ်းရေးသဘောတူစာချုပ် လက် မှတ်ရေးထိုးထားပြီး  ဖြစ်သော် လည်း ယခင်အစိုးရက ကတိဖျက် ၍ NCA ကို ဖန်တီးကာ UWSA က သဘောမတူသော ယင်းစာ ချုပ်တွင် လက်မှတ်ထိုးရန် အတင်းတိုက်တွန်းနေသည်ဟုလည်း ဆို သည်။

 လက်ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရတက်လာ ပြီးနောက်ပိုင်း NCA ကို ဆက်ခံခဲ့ ခြင်းကလည်း UWSA နှင့် အစိုးရ၊ တပ်မတော်အကြား ကြီးမားသည့် သဘောထားကွဲလွဲချက်ဖြစ်သည် ဟု ပါရှိသည်။

ယင်းသဘောထား  ကွဲလွဲ ချက်ကို ကျော်ဖြတ်၍ မြန်မာနိုင်ငံ မြောက်ပိုင်း တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအား လုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးရန် အာမခံချက် ပေးသော စာချုပ်ရရှိရန် တွေ့ဆုံ ဆွေးနွေးနေခြင်းသာဖြစ်သည်ဟု UWSA က ဆိုသည်။

‘ဝ’အဖွဲ့ (UWSA) ဦးဆောင် ပြီး ကချင်အဖွဲ့ (KIO/KIA)၊ မိုင်း လားအဖွဲ့ (NDAA)၊ တအာင်း အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရှမ်းအဖွဲ့ (SSPP)နှင့် ရခိုင်အဖွဲ့ (AA) တို့သည် မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့အဖြစ် စုဖွဲ့ကာ NCA မထိုးဘဲ နိုင်ငံရေး ဆွေးနွေးရန်သာ လိုလားကြောင်း ယခင်ကတည်းက ဖော်ပြခဲ့သည်။ ယင်းမြောက်ပိုင်းခုနစ်ဖွဲ့၏ စုဖွဲ့မှုနှင့် မူဝါဒကို အစိုးရ၊ တပ်မတော်တို့က လက်မခံပေ။ နောက်ပိုင်းတွင် အစိုးရ၊ တပ်မတော်ကိုယ် စားလှယ်များက မြောက်ပိုင်းခုနစ် ဖွဲ့တွင် ပါဝင်သည့် UWSA၊ KIO နှင့် NDAA အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံညှိနှိုင်းမှုများ ဆောင် ရွက်နေသည်။

UWSA ၏ လက်ရှိရရှိထား သော  အခွင့်အရေးများသည် NCA ပါ အချက်များထက် ပိုမို ကျော်လွန်နေ၍ NCA ကို လက်မခံခြင်းဖြစ်ကြောင်း NCA လက်မှတ် ထိုးတိုင်းရင်းသားအဖွဲ့  ခေါင်း ဆောင်အချို့က  ပြောကြားဖူး သည်။