သူရဲကောင်းတွေနောက် ထက်ကြပ်မကွာ

မိတ္ထီလာမြို့မှာ လူမျိုး၊ ဘာသာကို အခြေခံတဲ့ ပဋိပက္ခဖြစ်ပွား ခဲ့တာ အခုဆိုရင် ငါးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၂၀၁၃ မတ်လ ၂၀ ရက်က ဖြစ်ခဲ့တာပါ။ ဒီပဋိပက္ခမှာ လူ ၄၀ ကျော်သေဆုံး၊ ၈၀ ကျော် ဒဏ်ရာရခဲ့ပြီး ၉,၀၀၀ ကျော်ဒုက္ခ ကြုံခဲ့ရပါတယ်။ ဆုံးရှုံးနစ်နာမှုကြီးမားပြင်းထန်ခဲ့တဲ့ ပဋိပက္ခ ဖြစ်ပါတယ်။

မိတ္ထီလာဖြစ်စဉ်ဟာ သူ့မ တိုင်မီ ရှေ့တစ်နှစ်ခန့်ကဖြစ်ခဲ့တဲ့ ရခိုင်ပဋိပက္ခရဲ့ သက်ရောက်မှု တစ်ခုဖြစ်ပါတယ်။ ၂၀၁၂ မေလ အတွင်းက ရခိုင်မှာ မသီတာထွေး အသတ်ခံရခြင်းကစပြီး ဗုဒ္ဓဘာ သာဝင်တွေနဲ့ အစ္စလာမ်ဘာသာ ၀င်တွေကြား ပဋိပက္ခတွေစတင် ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ သံသယ စိတ်တွေ၊ ယုံကြည်မှုပျက်ပြား ခြင်းတွေဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဒီကနေ လူမျိုး၊ ဘာသာ ကို အခြေခံတဲ့ ပဋိပက္ခတွေ မိတ္ထီ လာအပါအ၀င် နယ်မြေအတော် များများထံ ပျံ့နှံ့ကူးစက်ခဲ့ပါ တယ်။ ဒီကနေ့အချိန်ထိလည်း ရခိုင်မှာ မငြိမ်းသေးတဲ့မီးအဖြစ် တည်ရှိနေသလို နိုင်ငံတွင်းက နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ သံသယစိတ်များနဲ့သာ ရပ်တည် နေထိုင်ကြရတဲ့အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။

ဒီလိုပဋိပက္ခတွေရဲ့ သက် ရောက်မှုတွေရှိနေချိန်မှာ နောက် ကွယ်က သွေးထိုးလှုံ့ဆော်သူ တွေ၊ ကြိုးကိုင်ခြယ်လှယ်ချင်သူ တွေ၊ အစွန်းရောက်သူတွေရှိခဲ့၊ ရှိ နေသလို နှစ်ဖက်လူ့အဖွဲ့အစည်း ကြားမှာ ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေးကို ရှေးရှုသူတွေ၊ ကိုယ်ကျိုးမဖက်၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီရိုင်းပင်းလိုတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေလည်း ရှိခဲ့၊ ရှိနေပါတယ်။ အဲဒီအထဲက သတိ ပြုမိခဲ့သူနှစ်ဦးနဲ့ ထိုသူတို့ထံက ရရှိလာတဲ့ အတုယူဖွယ်ရာများအ ကြောင်းကို ဒီနေရာကနေ ဆွေး နွေးသွားချင်ပါတယ်။

ထိုသူတွေကတော့ 7Day သူရဲကောင်း (7Day News Hero) ဆုရှင်တို့ ဖြစ်ပါတယ်။ 7Day က နှစ်ပတ်လည်အခမ်းအနားမှာ သူရဲကောင်းဆုကို ရွေးချယ်ပေး အပ်ခဲ့တာ အခုဆိုရင် ခုနစ်နှစ် ဆက်တိုက်ရှိပါပြီ။ ဒီခုနစ်နှစ်အ တွင်းမှာ သူရဲကောင်းဆု စုစုပေါင်း၃၆ ဆုပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီအထဲမှာ လူမျိုး၊ ဘာသာ မခွဲခြား၊ ကိုယ်ကျိုးစွန့်အနစ်နာခံ ကူညီရိုင်းပင်းခဲ့သူ နှစ်ဦးပါဝင်ခဲ့ ပါတယ်။ ဆရာတော် ဦးဝိသုဒ္ဓနဲ့ မသီတာဦးဆိုတဲ့ အစ္စလာမ်ဘာ သာဝင်အမျိုးသမီးတစ်ဦးတို့ ဖြစ် ပါတယ်။

ဆရာတော် ဦးဝိသုဒ္ဓဟာ ၂၀၁၃ မိတ္ထီလာပဋိပက္ခမှာ ဒုက္ခ ကြုံနေရတဲ့ အစ္စလာမ်ဘာသာဝင် ၈၀၀ ကျော်ကို ခိုလှုံခွင့်ပေးခဲ့သလို အန္တရာယ်ပြုဖို့လာရောက်သူများ ဘေးကလည်း ရဲဝံ့စွာကာကွယ် တားဆီးနိုင်ခဲ့ပါတယ်။ အစ္စလာမ် ဘာသာဝင်တွေကို ထုတ်ပေးဖို့ ပြောရာမှာ ဆရာတော်က မိမိကို သတ်ပြီးမှသာ သူတို့ကိုသတ်ပါဟု ပြောဆိုတားမြစ်ခဲ့ခြင်းဟာလည်း သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင် တစ်ဦးထံကရတဲ့ အတုယူဖွယ် စံနမူနာကောင်းတစ်ခု ဖြစ်ပါ တယ်။

ဆရာတော်ဦးဝိသုဒ္ဓဟာ အဲဒီနှစ်အတွက် 7Day ရဲ့ သူရဲကောင်းဆုကို ရွေးချယ်ဆက်ကပ်ခြင်းခံခဲ့ ရပါတယ်။ ဒီလိုဆုရွေးချယ်ဆက် ကပ်ရခြင်းနဲ့ပတ်သက်ပြီး ‘မြန်မာ နိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေးအတွက် ဆရာတော်၏ စွမ်းဆောင်ချက်နှင့် အယူဝါဒမှာ နမူနာကောင်းဖြစ်ပြီး လူ့အသက် ပေါင်းများစွာကို စွန့်စွန့်စားစား ကယ်တင်ပေးခဲ့သည့် အတွက် 7Day News က ၂၀၁၃ ခုနှစ်အ တွက် 7Day News Hero ဆုဆက်ကပ်ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်’ဆို ပြီးတော့လည်း ဆုရွေးချယ်ပေး အပ်ရခြင်းအကြောင်းကို 7Day က ဖွင့်ဆိုပြခဲ့ပါတယ်။

နောက်ထပ် သူရဲကောင်း တစ်ဦးဖြစ်တဲ့ မသီတာဦးကတော့ 7Day သူရဲကောင်းဆုကို ၂၀၁၇ ခုနှစ်အတွက် ရရှိခဲ့တာဖြစ်ပါ တယ်။ မသီတာဦးရဲ့ စိတ်ဓာတ် ဟာလည်း အံ့သြချီးမွမ်းဖွယ်ဖြစ် စေခဲ့ပါတယ်။ ရေနစ်နေတဲ့ (၅) နှစ်အရွယ်ကလေးငယ်ကို သက်စွန့် ဆံဖျား ကယ်တင်ခဲ့သူ ဖြစ်ပါ တယ်။

ရေနစ်နေတဲ့ သားအဖနှစ်ဦး ကို အတူပါလာသူများကပင် မ ကယ်တင်ရဲကြချိန်မှာ မသီတာဦး က မိမိအသက်ကိုပဓာနမထားဘဲ လူတစ်ဦးအသက်ကို ကယ်တင် ပေးခဲ့နိုင်သူ ဖြစ်ပါတယ်။ ဘာသာ၊လူမျိုးကွဲပြားမှုအပေါ် အာရုံမထားကလေးငယ်အသက်ရှင်သန်ရေး ကိုသာ အာရုံပြုကယ်တင်ခဲ့ ကြောင်း သူရဲကောင်းဆုယူစဉ် အချိန်မှာ ပြောဆိုခဲ့တဲ့ မသီတာဦး ရဲ့ ထုတ်ဖော်ပြောဆိုချက်ဟာ လည်း စံနမူနာပြုရမယ့်ခံယူချက် စိတ်ထားဖြစ်ပါတယ်။

 ဒီလို ကယ်တင်ပေးလိုက် ခြင်းအတွက် မသီတာဦးကြုံတွေ့ ခဲ့ရတာကတော့ မိမိဝမ်းဗိုက်ထဲမှာ လွယ်ထားရတဲ့ ရင်သွေးငယ်လေး ကို ဆုံးရှုံးစေခဲ့တာပဲ ဖြစ်ပါတယ်။

မသီတာဦးကို သူရဲကောင်း ဆုရွေးချယ်ပေးအပ်ရခြင်းနဲ့ ပတ် သက်ပြီး ‘ဒုက္ခရောက်နေသူကို တွေ့လာသောအခါ စာနာစိတ် ဖြင့် ရဲရဲဝံ့ဝံ့ကယ်တင်ဝံ့သော မသီ တာဦးကဲ့သို့ စစ်မှန်သည့် သတ္တိရှိ သူသည် နိုင်ငံအတွက် တန်ဖိုးရှိ လှသည်။ ရေနစ်နေသော သား အဖသည် ဗုဒ္ဓဘာသာဝင်များဖြစ် ကာ ကယ်တင်ပေးခဲ့သူ အစ္စလာမ် ဘာသာဝင် မသီတာဦး၏ လုပ်ရပ် က ဘာသာပေါင်းစုံငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၏ နမူနာ ကောင်းဖြစ်သည်။ ထို့ကြောင့် ကိုယ့်အသက်နှင့် ရင်သွေးအ သက်ကို ပဓာနမထားဘဲ တစ်ပါး ဒုက္ခရောက်နေသူအား ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့သည့် မသီတာဦးအား ၂၀၁၇ ခုနှစ်အတွက် 7Day Hero ဆုချီးမြှင့်ခြင်း ဖြစ်ပါသည်’ဆိုကာ ဆုရွေးချယ် ပေးအပ်ရခြင်း အကြောင်းကို 7Day က ဖွင့်ဆိုပြခဲ့ပါ တယ်။

ဒါကတော့ ဘာသာမတူတဲ့ လူမှုအသိုင်းအ၀ိုင်းကြားက တူညီ တဲ့စိတ်ဓာတ်ပိုင်ရှင်တို့အကြောင်း ဖြစ်ပါတယ်။ ထိုသူတို့ထံမှာ လူတိုင်းအတုယူသင့်တဲ့စိတ်ဓာတ် တွေ၊ ပြုမူချက်တွေ၊ လုပ်ဆောင် ချက်တွေ၊ ခံယူချက်တွေရှိနေ တယ်ဆိုတာ တွေ့မြင်နိုင်မှာဖြစ် ပါတယ်။ အလားတူစိတ်ဓာတ်ပိုင် ရှင်များစွာ ပြည်သူလူထုအတွင်း မှာလည်း ရှိနေဦးမှာ အသေအချာ ပဲဖြစ်ပါတယ်။

မျက်မှောက်ကာလဟာ လူ မျိုး၊ ဘာသာကိုအခြေခံတဲ့ ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်လူမှုအ သိုင်းအ၀ိုင်းကြားမှာ တစ်ဦးနဲ့ တစ်ဦးသံသယတွေပွားကာ နေထိုင်နေကြရတဲ့ကာလဖြစ်ပါတယ်။ ဒီလို ကာလမှာ သတိချပ်ကြရမှာ တစ်ခုကတော့ လူမျိုးရေး၊ ဘာသာရေး ကိုအကြောင်းပြုပြီး ကိုယ်ကျိုးအ မြတ်ထုတ်ဖို့ ကြိုးစားနေသူလူတစ် စုရှိနေတယ်။ အခွင့်သာရင် သွေး ထိုးဖို့ စောင့်ဆိုင်းနေသူတွေရှိနေ တယ်။ ပဋိပက္ခကို ပုံဖော်ဖန်တီးဖို့ ကြံစည်နေသူတွေရှိနေတယ်ဆို တာပါပဲ။

ဒီလိုလူတွေဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်၊ ဘာသာ ပေါင်းစုံကြား၊ မတူကွဲပြားတဲ့လူမှု အသိုင်းအ၀ိုင်းကြားမှာ စိတ်ဝမ်း ကွဲအောင် သွေးထိုးလှုံ့ဆော်ကြ ပါလိမ့်မယ်။ ဆူပူအုံကြွမှုတွေဖြစ် အောင် စွမ်းဆောင်ကြပါလိမ့်မယ်။ဒီလိုလူမျိုးများရဲ့ အကြိုက် မလိုက်မိဖို့ဆိုရင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဟာ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်နေပါ တယ်။ ဒီလိုချစ်ကြည်ညီညွတ်စွာ နေထိုင်ဖို့အတွက် ဆိုရင်တော့ အစွန်းရောက်တဲ့စိတ်တွေ၊ အစွန်း ရောက်တဲ့အတွေးအခေါ်တွေကို ဖယ်ရှားပြီး တစ်ဦးနဲ့ တစ်ဦးကြား အပြန်အလှန်စိတ်ရှည်သည်းခံမှု၊ နားလည်စာနာမှု၊ ဖေးကူမှုများနဲ့ ခရီးဆက်ရမှာ ဖြစ်ပါတယ်။

တစ်နည်းဆိုရရင်တော့ သူရဲ ကောင်းတို့ နမူနာပြုခဲ့တဲ့စိတ် ဓာတ်ကို အခြေခံမွေးမြူနေထိုင် ကြရမှာဖြစ်ပါတယ်။ သူရဲကောင်း တွေနောက် ကျွန်တော်တို့ ထက် ကြပ်မကွာ လိုက်ပါကြရမှာဖြစ်ပါ တယ်။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)