အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ဧပြီလဆန်းတွင် စတင်ရန် အတည်ပြု

မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု အလားအလာများ ရှိနေသည့်တိုင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အင်အားကြီးမားသော စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို ဧပြီ ၁ ရက်တွင် အစပြုသွားမည်ဟု သိရသည်။

မဟာမိတ် နှစ်နိုင်ငံ၏ နှစ်စဉ်ကျင်းပလေ့ရှိသော ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများသည် ၎င်းတို့ကို တိုက်ရိုက် စိန်ခေါ် ရန်စမှု တစ်ခုဟု မြောက်ကိုရီးယားက ရှုမြင်လေ့ ရှိသည်။ လတ်တလောတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးရန် အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံမည့် အလားအလာ ရှိနေသော်လည်း အမေရိကန်က ပုံမှန်အတိုင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားနှင့် ဆွေးနွေးမည့် အလားအလာ ရှိနေသည့်တိုင် ယခုနှစ် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ပုံမှန်ထက် လျှော့ပေါ့သွားမည် မဟုတ်ဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။

အစောပိုင်းက ယင်းစစ်ရေးလေ့ကျင့်မှုကို မတ်လဆန်းတွင် ပြုလုပ်ရန် လျာထားခဲ့သော်လည်း ဆောင်းရာသီ အိုလံပစ်အတွင်း ကိုရီးယား နှစ်နိုင်ငံ သဘောတူညီမှုများအရ ရက်ရွှေ့ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် စစ်သည်အရေအတွက် သုံးသိန်းကျော်နှင့် အဆင့်အမြင့်ဆုံး စစ်လက်နက် ပစ္စည်းများ ပါဝင်မည်ဟု သိရသည်။

မကြာသေးမီက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ မျက်နှာချင်းဆိုင် တွေ့ဆုံရေး အဆိုပြုမှုကို လက်ခံခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများကို လျှော့ချနိုင်ရန် အကောင်းမြင် မျှော်လင့်မှုများ ပိုမို နိုးကြားလာသည်။

မြောက်ကိုရီးယားဘက်ကလည်း ၎င်းတို့ အနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကဏ္ဍကို လက်တွေ့ အကောင်အထည်ဖော်ရန် အလေးအနက် စိတ်ဝင်စားကြောင်း အသိပေး ပြောဆိုထားသည်။

Ref: Washington Post