အမေရိကန်တွင် ဂိမ်းလက်ကိုင်ခလုတ် လုရင်း ၉ နှစ်သားက အစ်မဖြစ်သူကို ပစ်သတ်

အမေရိကန်တွင် ဂိမ်းလက်ကိုင်ခလုတ် လုရာမှ အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦးက ၎င်း၏ အစ်မကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

မစ္စစ္စပီ ရဲတပ်ဖွဲ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

ကလေးငယ်က ၎င်း၏ အစ်မထံမှ ဂိမ်းခလုတ်ကို တောင်းသော်လည်း မိန်းကလေးက မပေးသည့်အတွက် ကျည်ထိုးထားသော သေနတ်ကို ယူဆောင်ကာ ဦးခေါင်းကို ချိန်၍ ပစ်ခဲ့ခြင်း ဖြစ်သည်။

မိန်းကလေး၏ ဦးနှောက်ထဲထိ ကျည်ဆန် ရောက်နေခဲ့ပြီး ဆေးရုံတွင် သူမ၏ အသက်ကို ကယ်ဆယ်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဒေသခံ မီဒီယာများက မိန်းကလေး၏ အမည်ကို ဂျိုနေးဝှိုက်ဟု ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ကလေးနှစ်ဦး၏ မိခင်မှာ အခြားသော သားသမီးများကို နေ့လယ်စာ ပြင်ဆင် ကျွေးမွေးလျက် ရှိသည်။ ၉ နှစ်သား ကလေးငယ်က သေနတ်ကို မည်သို့မည်ပုံ လက်ဝယ် ရရှိသွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ဒေသခံ ရဲတပ်ဖွဲ့က ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမှုများ ဆက်လက် ပြုလုပ်နေဆဲဟု ပြောကြားထားသည်။ လူသတ်မှု ကျူးလွန်မိခဲ့သော ကလေးအနေဖြင့် မည်သည့် အတိုင်းအတာထိ အရေးယူခံရမည် ဆိုခြင်းကိုလည်း တိတိကျကျ မပြောနိုင်သေးချေ။ ရဲများက ကလေးသည် ဒေါသအလျောက် ပြုမူလိုက်သော်လည်း အကျိုးဆက်၏ အတိမ်အနက်ကို မှန်းဆမိခဲ့ဟန် မရှိကြောင်း မှတ်ချက်ပေးထားသည်။

Ref: Sky News