‘‘အခုက တိုက်ပွဲတောင်မဖြစ်သေးဘူး သေနတ်က ကြိုးကြားကြိုးကြားပဲ ပေါက်တာတောင် လူနှစ်ထောင်ဝန်းကျင်လောက် ဒုက္ခရောက်နေတာ။ တကယ့် တိုက်ပွဲဖြစ်မယ်ဆိုရင် လူထု ဘယ်လောက်ဒုက္ခရောက်မလဲဆိုတာ စဉ်းစားကြည့်ပေါ့’’

ကေအင်န်ယူဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းသို့ ဆက်သွယ်မေးမြန်းခြင်း
ကေအင်န်ယူဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (ဓာတ်ပုံ − နစ်ကီ)

နှစ်ပေါင်း ၆၀ ကျော် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)သည် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်ရပ်စဲရေးသဘော တူညီမှုရရှိပြီးနောက် တိုက်ပွဲများ သိသာစွာ လျှော့ချနိုင်ခဲ့သည်။ ၂၀၁၅ အောက်တိုဘာတွင် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ကို အခြား တိုင်းရင်းသားလက်နက် ကိုင် ခုနစ်ဖွဲ့နှင့်အတူ လက်မှတ် ရေးထိုးခဲ့သည့် KNU သည် ယခင် အစိုးရ လက်ထက်ကတည်းက အစိုးရ၊ တပ်မတော်ခေါင်းဆောင် များနှင့် အကြိမ်အများဆုံးတွေ့ဆုံ ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ NCA လက်မှတ်ထိုးပြီး ၂ နှစ်ကျော်အကြာ ၂၀၁၈ မတ်လ ပထမပတ် တွင် ကရင်ပြည်နယ် ဖာပွန်ခရိုင် လယ်မူပလောဒေသ၌ တပ်မတော်၏ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို တားဆီးခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဒေသတွင် စစ်ရေး တင်းမာလျက်ရှိသည်။ မတ်လ ၁၅ ရက်၌ပင် ဖာပွန်ခရိုင် ကမာ မောင်းဒေသတွင် တပ်မတော်နှင့် KNU တပ်မဟာ(၅) အကြား တိုက်ပွဲထပ်မံဖြစ်ပွားသည်။ အဆို ပါအခြေအနေများနှင့် ပတ်သက် ၍ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ၀င်းသို့ ဆက်သွယ်ကာ တပ်မ တော်နှင့် KNU အကြား ပဋိပက္ခ လျှော့ချရေးညှိနှိုင်းမည့်အခြေအ နေ၊ KNU အဖွဲ့၏ NCA အပေါ် သဘောထားနှင့် ငြိမ်းချမ်းရေးအ တွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။


ဖာပွန်ဘက်မှာ တပ်မတော်နဲ့ KNUအကြားဖြစ်တဲ့ ပဋိပက္ခနောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသ လဲ။

 နောက်ဆုံးအခြေအနေက တပ်မတော်က သူ့လမ်းအူကြောင်းကို ဖောက်နေတယ်လို့ပဲ သိရတယ်။ ဒီဘက်မှာကလည်း သူတို့နဲ့တွေ့နိုင်ဖို့အတွက် စီစဉ်နေတယ်။ JMC-U က အဲဒီမှာ အဖွဲ့တစ်ဖွဲ့လွှတ်ပြီး တပ်မဟာ(၅) ဘက်ဆင်းပြီး စိစစ်အတည်ပြုရေး ကိစ္စလုပ်မယ်။ မကြာခင်ရက်အ နည်းငယ်အတွင်းမှာ သွားမှာပေါ့။ အထူးသဖြင့် ပြည်ထောင်စုအ ဆင့်မှာလည်းပါတယ်။ ပြည်နယ် အဆင့်မှာလည်း ပါတယ်။ နောက်အရပ်သားကိုယ်စားလှယ်တွေ ပို များမယ်ပေါ့။

တပ်မတော်နဲ့ KNU သီးခြားတွေ့ ဖို့ အစီအစဉ်တွေကော ဖြစ်ဖို့ရှိပါ သလား။

စီစဉ်တုန်းပဲ။ ဖြစ်လာနိုင်ပါ တယ်။ ဒါက JMC ကတစ်ဆင့် သွားမှာပေါ့။ JMC ကလည်း သူ့ လမ်းနဲ့ သူသွားမှာပေါ့။ နောက်ပြီး တော့ သက်ဆိုင်ရာလက်နက်ကိုင် တပ်ဖွဲ့တွေကလည်း တွေ့ဖို့လည်းစီစဉ်တုန်းပဲ။

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မပြေ လည်မှုက တပ်မတော်နဲ့ KNU အ ကြားမှာ ပဋိပက္ခတွေ ပိုမြင့်စေ တယ်ဆိုတဲ့ သုံးသပ်ချက်များရှိပါ တယ်။ ဒီအပေါ်ရှင်းပြပေးပါဦးဗျ။

ဒါကတော့ ဆက်စပ်မှုရှိပေ မယ့်လည်း သူက လမ်းနှစ်ခုနဲ့ တော့ဆိုင်တယ်။ အမှန်အားဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှာ သက်ဆိုင် ရာအစုအဖွဲ့မှာ တစ်စုံလုံးနဲ့ ဆိုင် တဲ့ကိစ္စ။ တစ်စုံလုံးဆိုတာက နိုင်ငံရေးဆွေးနွေးပွဲဆိုလို့ရှိရင် KNU တစ်ဖွဲ့တည်း မဟုတ်ဘူးလေ။ ကျန်တဲ့အဖွဲ့တွေ ဆက်စပ်မှုရှိ တယ်။ အခုစစ်ရေးကိစ္စ၊ အပစ်အ ခတ်ရပ်စဲရေး ကိစ္စမှာကျတော့ တစ်ဖွဲ့ချင်းနဲ့ဆိုင်တာဖြစ်တယ်။ အခုပြဿနာက ဟိုး ၂၀၀၈၊ ၂၀၀၉က ထားခဲ့တဲ့ လမ်းအူကြောင်းကို ပြန်ဖောက်ဖို့ပေါ့။ ထားခဲ့တယ်ဆို တာ အပစ်ရပ်မတိုင်ခင်ကတည်း က။ အခုက အပစ်ရပ်တာ မကြာသေးတဲ့အချိန်မှာ ယုံကြည်မှုလည်းအပြည့်အ၀မရှိတဲ့အချိန်မှာ လမ်း ဖောက်တာက ဆန္ဒပိုင်းနဲ့ လက်ရှိ တည်ရှိနေတဲ့ အနေအထား မ ကိုက်ညီတဲ့သဘောပေါ့။ ဆိုလို တာက အဲဒီလမ်းက ရိက္ခာပို့ဖို့အ တွက် ကျွန်တော်တို့ ခွင့်ပြုထား တယ်။ ဒါပေမဲ့ လမ်းဖောက်ဖို့က အခုလောလောဆယ် အနေအ ထားမှာ ခွင့်ပြုနိုင်သေးတဲ့ အနေအထား မဟုတ်တဲ့အတွက်ကြောင့် ခွင့်မပြုတာပေါ့။

အဲဒီဖာပွန်ဒေသမှာက တပ်တွေ က ဘယ်လိုအနေအထားတည်ရှိ နေသလဲဗျ။

တပ်တွေကတော့ သိတဲ့အ တိုင်းပဲ။ အပစ်အခတ်ရပ်စဲရေးမ တိုင်ခင်က တပ်တွေက ရောထွေးနေတဲ့ သဘောရှိတယ်။ ဒီအစိုးရ တပ်ကလည်း ကျွန်တော်တို့ ဒေသတွင်းမှာရှိတယ်။ ကျွန်တော်တို့က လည်း ဒီလိုပဲတပ်တည်ထားတော့ ရောထွေးနေတဲ့ သဘောဖြစ်နေ တယ်။

KNU မှာကျတော့ တပ်နဲ့ နိုင်ငံရေး စုဖွဲ့မှုနဲ့ မူဝါဒပိုင်းအခြေအနေက ကွဲလွဲမှုတွေရှိပါသလား။

မရှိပါဘူး။ ကျွန်တော်တို့ KNU က သက်ဆိုင်ရာတပ်မှူးနဲ့ ဒီတပ်မဟာတပ်မှူးနဲ့ တွေ့ပြီး တော့ ဒီကိစ္စတွေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာပဲ။ သူတို့ (KNU တပ်မဟာ (၅) )လည်း ဒီ NCA နည်းလမ်းအတိုင်းပဲ သွားမယ်လို့ သဘောတူညီမှုရှိတယ်လေ။

အစိုးရ၊ တပ်မတော်ခေါင်းဆောင် တွေနဲ့ အများဆုံးတွေ့ဆုံနိုင်ခဲ့တဲ့ KNU အဖွဲ့နဲ့အခုလို တိုက်ပွဲတွေ ဖြစ်တော့ စိတ်ပူတာတွေရှိတော့ ဒီအခြေအနေအပေါ် ဘယ်လို သတင်းစကားပြောလိုပါသလဲ။

 ကျွန်တော့်အမြင်ကတော့ အခုက နားလည်မှုတစ်စုံတစ်ရာ လွဲမှားတဲ့ သဘောလည်း ဖြစ် တယ်။ ဆိုလိုတဲ့သဘောက အဲဒီ လမ်းမှာ တပ်မတော်ကနေ ရိက္ခာ ထောက်ပံ့ရေးကိစ္စကို လူနဲ့ပဲဖြစ် ဖြစ်၊ မြင်းနဲ့ပဲဖြစ်ဖြစ် လွတ်လွတ် လပ်လပ်သွားလို့ရပါတယ်။ သို့ သော်လည်းပဲ ညှိနှိုင်းလို့ မပြီးခင် မှာ စက်ယန္တရားသုံးပြီး လမ်းတွေ ပြန်ဖောက်မယ်ဆိုတာ နားလည် မှုချင်းက လွဲတဲ့သဘောပေါ့။ ဆိုလိုတဲ့သဘောက ရိက္ခာပို့တာ ပို့လို့ရတယ်။ ဒါပေမဲ့ လမ်းက ကား လမ်းနဲ့သွားလို့ရှိရင် ကျွန်တော်တို့ ဘက်မှာ အမြင်တစ်မျိုးဖြစ်တာ ပေါ့။ နောက်ပြီးသုံးတဲ့ဝေါဟာရ က စစ်ဆင်ရေးလမ်းကြောင်းဆို တော့ စိုးရိမ်မှုရှိတာပေါ့။ စစ်ရေး အရ သုံးသပ်လို့ရှိရင် တစ်ဖက်က စစ်ရေးမှာ အသုံးပြုနိုင်တဲ့ လမ်း ဖြစ်နေတဲ့အပေါ် ဒါက ခွင့်မပြုနိုင် တဲ့သဘောပါ။ ကျွန်တော်တို့ဖြစ် စေချင်တဲ့ သဘောက လက်ရှိ ပကတိအနေအထားမှာ မကိုက် ညီသေးဘူးဆိုတဲ့အပေါ်မှာ ခွင့်မ ပြုနိုင်သေးတဲ့သဘောပါ။ ယုံ ကြည်မှု ပိုမိုလာပြီဆိုရင် တစ်မျိုး တစ်ဖုံ ဖြစ်လာမှာပေါ့။

လက်ရှိပြဿနာတွေ ထပ်အရှိန် မမြင့်လာအောင်၊ ပြေလျော့သွား အောင် နှစ်ဖက်က ဘာတွေလိုက် နာဖို့လိုပါသလဲ။

ကျွန်တော်တို့ ကြေညာချက် ထဲမှာ သဘောထားတင်ပြထား တာရှိတယ်။ နောက်တစ်ခုက ဒီလိုမျိုးပြဿနာက ကျွန်တော်တို့က အခက်အခဲရယ်လို့ သဘောထား တာထက် ဒီပြဿနာကို အတူတကွ ၀ိုင်းရှင်းခြင်းအားဖြင့် နောက်ဆိုပြဿနာမပေါ်နိုင်အောင် ညှိ နှိုင်းလို့ ပိုရသွားမယ့် သဘောဖြစ် တယ်။

KNU ခေါင်းဆောင်တွေအနေနဲ့ ကော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဖို့ရှိပါသလား။

ဒါကတော့ စီစဉ်မှုက တစ် ဆင့်တစ်ဆင့်ပေါ့။ အခုလက်ရှိ ဖြစ်နေတာကတော့ အောက်ခြေ မှာ ဖြစ်နေတာကတော့ အောက် ခြေမှာပဲ အရင်ရှင်းရမယ်။ JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)လည်း ရှိနေတယ်။ သက်ဆိုင်ရာတပ်နဲ့ တပ်မှူးတွေ လည်းရှိနေတယ်။ အရင်ဦးဆုံး တွေ့ဖို့တော့ လိုအပ်တာပေါ့။ လတ်တလောမှာ ဖြစ်တဲ့ပြဿနာ အရင်ဆုံးရှင်းပြီးမှ အခြေခံကျတဲ့ မူဝါဒပိုင်းဆိုင်ရာကျတော့ နောက်မှ ရှင်းရမှာပေါ့။ အခုလောလော ဆယ်ရှိနေတဲ့ ပြဿနာကို အရင် ဆုံးရှင်းနိုင်မှပေါ့။

ဒီလိုပဋိပက္ခတွေဖြစ်တာနဲ့ ပတ် သက်ပြီး NCA စာချုပ်ချုပ်ဆိုထား မှုကို ထိခိုက်မလားဆိုတဲ့ စိုးရိမ် တာမျိုးရှိလား။

NCA ကို လက်မှတ်ရေးထိုး တဲ့ အဖွဲ့တွေက အကောင်အထည်ဖော်ရမှာကိုး။ တချို့တွေ NCA ကို ပျက်အောင်လိုက်ပြီး ပြောနေကြ၊ ဆိုနေကြတာတွေကို ကြားမှာပေါ့နော်။ ကျွန်တော်တို့ဘက်မှာကျတော့ NCA ကို ခိုင်မာအောင်လုပ်ရမယ်။ NCA အတိုင်းတော့ အားလုံးက လိုက်နာဖို့ ဆောင်ရွက် သွားမယ်။ ကျွန်တော်တို့ဘက်မှာ လည်း အားနည်းချက်ရှိလို့ရှိရင် ပြင်သွားရမှာပဲ။ တစ်ဖက်က အားနည်းချက်ရှိရင်လည်း ပြင်သွားရ မှာပဲ။ NCA ကို အခြေခံပြီးတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေး တည်ဆောက်နေတာ။ နိုင်ငံရေး ပြဿနာကို ရှင်းနေရတဲ့ကိစ္စဆိုတော့ NCA မပျက်ရေးအတွက် ကျွန်တော်တို့က တည့်မတ်အောင်လုပ်ရမယ်ဆိုတဲ့ သဘောပါ။

NCA ပိုမိုခိုင်မာဖို့အတွက် ပါဝင် ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ဘယ်လိုအခြေခံကနေ ဆောင်ရွက်သင့်ပါသလဲ။

အခြေခံက နားလည်မှုမတူ တဲ့အပေါ်မှာ ဖြစ်မယ်။ နောက်ပြီး တော့ အခြေခံအချက်က NCA ကို ကျွန်တော်တို့ အတူတကွ ညှိ နှိုင်းပြီးတော့ ရလာတဲ့ သဘောတူ ညီချက်အပေါ် လက်မှတ်ရေးထိုး တယ်။ NCA အပေါ်မှာ ဆက် လက်ဆွေးနွေးရမယ်ဆိုတဲ့ အချက်တွေလည်းရှိတယ်။ ဆိုလိုတဲ့ သဘောက NCA အပေါ်မှာ နားလည်မှုခံယူချက် မတူတဲ့အပေါ်မှာ၊ အကောင်အထည်ဖော်တဲ့နေ ရာမှာ ကွဲလွဲမှုတွေရှိနေတာ။ ဒါတွေ ညှိရမှာပေါ့။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံကလည်း လာမယ့် မေလမှာ တောင် ကျင်းပနိုင်ဖို့ မသေချာ သေးတော့ ညီလာခံတွေ အောင် မြင်စွာကျင်းပနိုင်ဖို့ ဘယ်လိုအ ခြေအနေလိုအပ်ပါသလဲ။ နိုင်ငံ ရေးဆွေးနွေးပွဲတွေ ဆက်မလုပ် နိုင်သေးတဲ့အပေါ် ဘာတွေလုပ် သင့်ပါသလဲ။

ဒါက ညှိရမှာပေါ့။ တစ်ဖက် နဲ့ တစ်ဖက်ဘယ်လိုစိုးရိမ်မှုတွေရှိ လဲ၊ ဘယ်လိုဖြစ်ချင်လဲဆိုတာက တော့ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတာက အကောင်းဆုံး ပဲ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ ဝေါဟာရအပေါ် မှာ နားလည်မှုဘယ်လိုရှိသလဲဆို တာ၊ အဓိပ္ပာယ်ဘယ်လိုဖွင့်သလဲ ဆိုတာ ပြန်ပြီးတော့ သုံးသပ်ရမယ့်သဘောဖြစ်နေတယ်။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲက လည်း နားလည်မှုချင်း တူချင်မှတူမယ်။ ကျွန်တော်တို့ နားလည်တာ က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုနဲ့တွေ့ဆုံ ဆွေးနွေးပွဲကလည်း အဲဒီအစိတ် အပိုင်းတစ်ခုပဲ။ သို့သော်လည်း အစိုးရတို့၊ တပ်မတော်တို့က အဲဒီ လို နားလည်မှု တူချင်မှတူမယ်။ နောက်တစ်ခုက အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ကျွန်တော်တို့ခံယူတာ၊ နားလည် တာက အခု ဒီမိုကရေစီနဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်နဲ့အညီ တည် ဆောက်သွားမယ်ဆိုလို့ရှိရင် တိုင်းနဲ့ ပြည်နယ်အကုန်လုံးက ပတ် သက်နေတယ်။ ဖက်ဒရယ်တည် ဆောက်မယ်ဆို ပြည်နယ်ချည်းပဲ လုပ်လို့မရဘူး။ တိုင်းနဲ့ ပြည်နယ် အကုန်လုံးအခြေခံပြီးလုပ်လို့ရှိရင် သူတို့ရဲ့ ပါဝင်မှု၊ သူတို့ရဲ့ သဘော ထားတွေလည်း ရယူဖို့လိုအပ်တာ ပေါ့။

လက်ရှိအစိုးရနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ်ထားတဲ့ သ ဘောထားတွေကိုကော တိုင်းရင်း သားအဖွဲ့တွေအနေနဲ့ ဘယ်လို မြင်သလဲ။

ကျွန်တော်တို့ NCA မှာတော့အတူတူလက်မှတ်ရေးထိုးတာပဲ။ တပ်မတော်လည်း ထိုးတာပဲ။ သမ္မတလည်း ထိုးတာပဲ။ ဒီအစိုးရ ကလည်း ဆက်လက်ပြီးတော့ လွန်ခဲ့တဲ့ အစိုးရရဲ့ သဘောတူညီမှုကို အကောင်အထည်ဆက်ဖော်တာပဲ။ ဒါပေမဲ့ အမြင်ချင်းက တူချင်မှ တူမယ်။ ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အတွင်း ထဲမှာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်တူချင်မှ တူမယ်။ အစိုးရနဲ့ တပ်မတော်နဲ့လည်း အစိုးရဆိုပေမယ့် တပ်မတော်နဲ့ အမြင်ချင်းတူချင်မှ တူမယ်။ သို့သော်လည်း ငြိမ်းချမ်းရေးကို သွားကြမယ်ဆို တဲ့ ခံယူချက်တော့ရှိကြတယ်။ ညှိသွားရမှာပေါ့။ တွေ့ဆုံညှိနှိုင်း ရေးဟာ အကောင်းဆုံးပဲလို့ ယုံကြည်တယ်။ တကယ်တမ်းဆို အလွတ်သဘောက တကယ်လို အပ်တယ်။ ဘာဖြစ်လို့လဲဆိုရင်၊ တရားဝင် ဆွေးနွေးပွဲမှာဆိုရင် တစ်ခါတလေကျရင် ကိုယ့်ရဲ့ အဖွဲ့အစည်းအတွင်းက ကြိုတင်ပြီးတော့ ရယူထားတဲ့ သဘောထား ပေါ်လစီတွေက အစည်းအ ဝေးပွဲလာလို့ရှိရင် ဒီအပေါ်မှာပဲ အခြေခံပြီးတော့ ဆွေးနွေးညှိနှိုင်း ရတာကိုး။ တစ်ဖက်ကလည်း သူ့ ပေါ်လစီ သူကိုင်ဆွေးနွေး၊ ကိုယ့် ဘက်ကလည်း ကိုယ့်ပေါ်လစီ ကိုယ်ကိုင်ဆွေးနွေး တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုမတူရင် သဘောတူညီမှုက ရမှာမဟုတ် ဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဘက် ကလည်း အလွတ်သဘောတွေ့ ဆုံဆွေးနွေးပြီး ကြိုတင်ညှိနှိုင်း တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ် တယ်။ အဲဒီမှာ ပွင့်ပွင့်လင်းလင်း တစ်ဖက်နဲ့ တစ်ဖက်ညှိသွားလို့ရှိ ရင် ပိုမိုအောင်မြင်မယ်လို့ အဲဒီလို ယုံကြည်တယ်။

တချို့က NCA ကို အပြစ်ဆိုတာမျိုး NCA က အလုပ်မဖြစ်ဘူးဆိုတာမျိုး ပြောဆိုချက်တွေလည်းရှိကြပါတယ်။ ဒီအပေါ် ဘယ်လိုတုံ့ပြန်လိုပါသလဲ။

NCA အလုပ်မဖြစ်ဘူးဆိုရင် ဘယ်ဟာအလုပ်ဖြစ်လဲ၊ သေချာ ပြပေါ့။ NCA အလုပ်မဖြစ်ဘူးဆို တာက အပစ်အခတ်ရပ်စဲရေး နည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေး မယ်ဆိုတာက အလုပ်မဖြစ်ဘူးဆို ရင် စစ်ပွဲတိုက်ခြင်းက အလုပ်ဖြစ် မယ်လို့ မြင်လို့လား။ စစ်တိုက်လာ ခဲ့တာ ကျွန်တော်တို့ နိုင်ငံလွတ် လပ်ရေးရပြီးကတည်းက အခု ထက်ထိ မဆုံးသေးဘူး။ မဆုံး သေးတာကို ဒီလက်နက်ကိုင်ပဋိပက္ခတွေကို သိက္ခာရှိရှိနဲ့ ဘယ်လိုချုပ်ငြိမ်းအောင်လုပ်ပြီးတော့ ကျွန်တော်တို့ အမြင်မတူတဲ့ဟာ နိုင်ငံ ရေးအခြေခံပြဿနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသာ အကောင်းဆုံးဖြစ်မယ်လို့လည်း ယုံကြည်တယ်။ အခုမှ ကျွန်တော်တို့ က အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးတာ ၂ နှစ်။ နိုင်ငံရေးဆွေးနွေးပွဲကလည်း ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံက လည်း သုံးကြိမ်ပဲ ကျင်းပရသေး တယ်။ ဒီနှစ်နှစ်အတောအတွင်း မှာ ပြဿနာအကုန်လုံးရှင်းမယ် ဆိုတာက တော်တော်ခက်တဲ့ ပြဿနာ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာကလည်း ရှုပ် ထွေးတယ်။ တခြားနိုင်ငံနဲ့ မတူ ဘူး။ တခြားနိုင်ငံမှာ အဖွဲ့နှစ်ဖွဲ့ ကြားထဲမှာ ရှင်းတာ။ ကျွန်တော် တို့ နိုင်ငံမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကလည်းများ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကလည်း အမြင် ချင်းမတူ၊ အဲဒီမှာ အစိုးရနဲ့ တပ် မတော်ကလည်း ခံယူချက်သ ဘောထား သွားမယ့်လမ်းစဉ်က လည်း ကွာဟနေတဲ့အပေါ်မှာ ဒီ လိုအခက်အခဲမျိုးက ဒါက အချိန်ယူပြီး ရှင်းရမှာဖြစ်တယ်။

NCA လက်မှတ်ထိုးဖို့ မလိုလားတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုကော ဘယ်လိုပြောလိုပါသလဲ။ ဟိုတစ် နေ့ကဆိုရင် ‘၀’အဖွဲ့ (UWSA) က NCA မလိုလားဘူးတော့ မဟုတ်ဘူးပေါ့။ NCA မှာ မပြည့်စုံဘူးဆိုတာမျိုးနဲ့ NCA ကို ဆန့်ကျင်တယ်ဆိုတာမျိုး ထုတ်ဖော်ပြောလာ တာရှိတယ်။

NCA မှာ မပြည့်စုံဘူးဆိုတာ ထက် အခုလောလောဆယ် ဒီအ ခြေအနေမှာ ကျွန်တော်တို့အ တွက် အကောင်းဆုံးနည်းလမ်းပဲ။ သူ့ရဲ့အနေအထားက အပစ်ရပ် ပြီးနောက် တိုက်ခိုက်မှုတော့ မရှိ ဘူးပေါ့နော်။ ‘၀’နယ်မှာတော့ လက်နက်ကိုင်ပဋိပက္ခမရှိဘူး။ သို့ သော်လည်းပဲ နိုင်ငံရေးဆွေးနွေး ပွဲက ကျွန်တော်တို့အတွက်မှာက အခြေခံပြဿနာဖြစ်တယ်။ လက် နက်ကိုင်ပဋိပက္ခဖြစ်ရခြင်းက နိုင် ငံရေးပြဿနာဖြစ်တယ်ဆိုတော့ NCA မှာ မပြည့်စုံဘူးပြောမယ်ဆို ရင်တော့ ဘယ်ဟာက ဒီကမ္ဘာမှာ ပြည့်စုံမလဲ မသိဘူး။ သို့သော် လည်းပဲ ကျွန်တော်တို့ လက်ရှိ အနေအထားမှာ အကောင်းဆုံး နည်းလမ်းတစ်ခုပဲလို့ ခံယူပြီး တော့ လက်မှတ်ရေးထိုးတာကိုး။ တခြားဒါထက်ကောင်းတဲ့ နည်း လမ်းရှိရင်လည်း ဘယ်လိုရှာကြ မလဲ။ အခုက တစ်ဖက်တည်းဖြစ် တဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးက အစုအဖွဲ့အကုန်လုံးက လက်ခံတဲ့ သဘောတူညီမှုတစ်ခုကို လုပ်ရ တာကိုး။ လက်ရှိမှာ ပြည့်စုံမှုမရှိ ဘူးဆိုတာကတော့ ကျွန်တော်တို့ နားလည်တယ်။ သို့သော် လက်ရှိ အနေအထားမှာ အကောင်းဆုံး ဖြစ်မယ်။ ပြောင်းလဲတဲ့ အနေအ ထားအပေါ်မှာ ပြန်ညှိရမယ်ဆိုတဲ့ ညှိနှိုင်းပြီးတော့ ဆက်လက်ပြီး တော့ ကောင်းမွန်အောင်လုပ်သွား မယ်ဆိုတဲ့ သဘောတူညီချက်ထဲ မှာလည်းပါတယ်။

KNU အနေနဲ့ ငြိမ်းချမ်းရေးအတွက်ဘယ်လို ဆက်လုပ်သွားမယ်ဆို တာ ပြောပေးပါဦး။

ကျွန်တော်တို့ KNU ကတော့NCA အပေါ်မှာသွားမှာပဲ။ အနှစ် ၆၀ ကျော် (၆၃ နှစ်)လက်နက်ကိုင် တိုက်ပွဲနဲ့ ရှင်းလာခဲ့တယ်။ ကျွန် တော်တို့ နိုင်ငံရေးအဖြေမရဘူး။ အခုမှ နိုင်ငံရေးဆွေးနွေးပွဲက နှစ် ကြမ်ပဲ ပြောသေးတယ်။ အပြည့် အစုံရမယ်ဆိုရင်တော့ တော်တော်ကို နားလည်မှုရှိနေရမယ်။ သို့ သော်လည်းပဲ အနှစ် ၆၀ ကျော် ရန်သူလိုအပြတ်အသတ်ရှင်းပြီးမှ အခုမှ နိုင်ငံရေးဆွေးနွေးပွဲစလာ ခဲ့တာ။ ဒီ၂ နှစ်အတောအတွင်း မှာလည်း ရလဒ်တွေ သို့မဟုတ်ရင်လည်း ဆွေးနွေးရတဲ့ အချက်အ လက်တွေ မပြီးပြတ်သေးဘူး။ ဆွေးနွေးမယ့် အချက်အလက်ဆို တာက အများကြီးရှိပါတယ်။ ဒီ အချက်အပေါ်မှာလည်း တစ်ဖက် နဲ့ နှစ်ဖက်နဲ့ ဆွေးနွေးရတာမဟုတ် ဘူး။ သုံးဖက်၊ လေးဖက်၊ ငါးဖက် ဆွေးနွေးရတာဆိုတော့ အချိန်က တော့ ယူရမှာပဲ။ သို့သော်လည်း ပဲ လက်နက်ကိုင်ပဋိပက္ခဖြစ်ခြင်း အားဖြင့် ကျွန်တော်တို့ တိုင်းရင်း သားတွေအတွက်ရော ကျွန်တော် တို့ အစိုးရအတွက်ရော ကျွန်တော်တို့ ပြည်သူတွေအတွက်ရော ဘာ မှအကျိုးမရှိဘူး။ ဒါက လက်နက် ကိုင်ပဋိပက္ခ မဖြစ်ရေးအတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက် သွားမယ်။ တစ်ဖက်ကလည်း နိုင်ငံရေးပြဿနာကို ၀ိုင်းဝန်းတွေ့ဆုံ ဆွေးနွေးအဖြေရှာမယ့် နည်းလမ်း နဲ့သွားရမှာပဲ။ ကျွန်တော်တို့က NCA လမ်းကြောင်းအတိုင်းပဲ ရပ် တည်ဆောင်ရွက်သွားမှာ ဖြစ် တယ်။ သို့သော်လည်းပဲ NCA အ ကောင်အထည်ဖော်တဲ့ နေရာမှာ ကျွန်တော်တို့ တစ်ဖက်တည်း တော့ သွားလို့မရဘူးပေါ့။ သက် ဆိုင်ရာအစုအဖွဲ့အားလုံးက ညှိ နှိုင်းအဖြေရှာလက်ခံနိုင်တဲ့ အဖြေ တစ်ခုကို ရှာရမှာပေါ့။ အကောင် အထည်လည်းဖော်နိုင်တဲ့ အဖြေ တစ်ခုကိုရှာရမှာပေါ့။ ကိုယ့်ဆန္ဒ အတိုင်းချည်းပဲ လုပ်လို့မရဘူး။

လက်ရှိမှာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် နှောင့်နှေးနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာကော အစိုးရ၊ တပ်မတော်တို့ကို ဘယ်လို တိုက်တွန်းလိုပါသလဲ။

နှောင့်နှေးတယ်ဆိုတာ ခုန ကျွန်တော်ပြောသလိုပဲ အခုက အနှစ် ၆၀ ကျော်ကြာတဲ့ဟာကို ဘယ်သူ့မှ မပြောဘူးဗျ။ ဘာလို့ ဒီလောက်ကြာလဲ မမေးဘူး။ အ ခုမှ နိုင်ငံရေးဆွေးနွေးပွဲက ၂ နှစ်ပဲ၊ ၂ နှစ်တောင်မှ ဒီကြားထဲမှာ ကျွန်တော်တို့က ဆွေးနွေးရတာ အမြင်ချင်းတွေ မတူတဲ့အပေါ်မှာ ဆွေးနွေးမှုက အနှစ် ၆၀ တော့ မ ကြာဘူး။ သို့သော်လည်းပဲ တိုက်ပွဲမရှိဘူးဆိုတော့ လူမသေဘူး။ ပျက်စီးဆုံးရှုံးမှုလည်း မရှိဘူးပေါ့ နော်။ ဒါကိုတော့ နားလည်ဖို့ သင့် ပါတယ်။

ဒီလိုဆိုတော့ လက်ရှိတိုက်ပွဲဖြစ် တာတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မဆက်နိုင်သေးတာတို့အပေါ် မှာ KNU အနေနဲ့ စိတ်ပျက်ခြင်း မရှိဘဲ ဆက်ကြိုးစားမယ်ဆိုတဲ့ သဘောမျိုးလား။

ကျွန်တော်တို့ကတော့ ဆက် လုပ်မှာပဲ။ စိတ်ပျက်လို့မရဘူး။ လက်နက်ကိုင်တိုက်ပွဲက အနှစ် ၆၀ နေ့တိုင်း ကျွန်တော်တို့ အပစ် မရပ်ခင်တုန်းက ကျွန်တော်တို့ တပ်မဟာအလိုက် ခင်ဗျားတို့ တစ်နေ့မှာ ဘယ်နှကြိမ်တိုက်ပွဲဖော်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ အခုက လက်နက်ကိုင်တိုက်ပွဲဖြစ်တာနဲ့ အကုန်လုံးက ငြိမ်းချမ်းရေးက ပျက်စီးသွားမယ်။ တိုက်ပွဲပြန်ဖြစ်မယ်။ အဲဒီလို ယူဆလို့မရဘူး။ အခုလောလောဆယ်ဖြစ်နေတဲ့ တိုက်ပွဲတွေ ဘယ်လိုငြိမ်သက်သွားအောင် လုပ်မလဲဆိုတာ၊ အမြင်ချင်းမတူတဲ့အ ပေါ် ဘယ်လိုညှိရမယ်ဆိုတဲ့အ ပေါ်မှာ ရပ်တည်ဆောင်ရွက်သွား မှာဖြစ်တယ်။ အခုက တိုက်ပွဲ တောင်မဖြစ်သေးဘူး။ သေနတ် က ကြိုးကြားကြိုးကြားပဲ ပေါက်တာတောင် လူနှစ်ထောင်ဝန်း ကျင်လောက် ဒုက္ခရောက်နေ တာ။ တကယ့်တိုက်ပွဲဖြစ်မယ်ဆိုရင် လူထု ဘယ်လောက်ဒုက္ခရောက်မလဲဆိုတာ စဉ်းစားကြည့်ပေါ့။

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပါဦးဗျ။

လက်ရှိအခြေအနေကတော့ စစ်ရေးဆိုင်ရာ ကိစ္စမှာကျတော့ တစ်ဖွဲ့ချင်းနဲ့ တိုက်ရိုက်သက်ဆိုင် တဲ့အတွက် တစ်ဖွဲ့ချင်းက ရှင်းရ မယ့်ကိစ္စဖြစ်တယ်။ နိုင်ငံရေးအ ပိုင်းကျတော့ တစ်စုံလုံးနဲ့ ဆိုင်တာကိုး။ တစ်စုံလုံးက ရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ မြင်တယ်။ ကျွန်တော်တို့က NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ဖြစ်တယ်ဆို တော့ NCA အပေါ်မှာ ရပ်တည် ပြီး လုပ်သွားရမှာပဲ ဖြစ်တယ်။ ဆို လိုတာက ကျွန်တော်တို့ နှစ်ဖက် စလုံးက NCA အပေါ်မှာ လိုက်နာမှု၊ NCA အပေါ် အလေးထားမှုသိပ်ပြီး အဓိကကျတယ်။ ကျွန်တော် တို့က ငြိမ်းချမ်းရေးတည်ဆောက် နေတာကိုး။ နောက်တစ်ခုက အဲဒီ ဒေသက အထူးသဖြင့် တပ်မဟာ (၅)ကလည်း ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်။ သူတို့က လည်း ကျွန်တော်တို့ NCA အ တိုင်း လိုက်နာမယ်ဆိုတာက သ ဘောထားရှိထားပြီးသား။ လက် နက်ကိုင်နည်းနဲ့ ဖြေရှင်းရမှာ လည်း သူတို့က အဲဒီလိုဆန္ဒတော့ မရှိဘူး။ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ်။ သို့သော် လည်း အစိုးရတပ်ဘက်က ညှိနှိုင်း မှုမရှိဘဲနဲ့ အဲဒီလိုဆောင်ရွက်ခြင်း အားဖြင့် ယုံကြည်မှုတည်ဆောက် တဲ့အချိန်ကာလမှာ ပိုမိုပျက်ပြား သွားမှာပဲ စိုးရိမ်တယ်။ ကျွန်တော် တို့လည်း စိုးရိမ်တယ်။ သူတို့ လည်း စိုးရိမ်တယ်။ အထူးသဖြင့် လူထုတွေပေါ့။ လူထုတွေမှာကျ တော့ သူတို့က ထိတွေ့မှုမရှိတော့ မူလကတည်းက အစိုးရစစ်တပ် ကို ကြောက်တဲ့အနေအထား။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုပြီး တော့ ယုံကြည်မှုတည်ဆောက် တဲ့နေရာ၊ ငြိမ်းချမ်းရေးတည် ဆောက်တဲ့နေရာမှာ အခက်အခဲ တစ်စုံတစ်ရာဖြစ်မှာကိုလည်း ကျွန်တော်တို့ စိုးရိမ်တယ်။ အဲဒီလိုလည်း မဖြစ်စေချင်ဘူးပေါ့လေ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။