အသံပေးပြီး ဈေးဝယ်ကြပြီ

(usatoday)

၁၉၉၀ ပြည့်နှစ်များတွင် အနောက် နိုင်ငံ များ၌ အွန်လိုင်းကနေ ဈေးဝယ်သည့်စနစ် စတင်ပေါ်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ကျော်များမှာ လူတွေအကြား အွန်လိုင်းဈေးများက ရေပန်းစားလာခဲ့သည်။ ထိုစဉ်က အင်တာနက်ဆက်သွယ်မှု အကန့်အသတ် ရှိသေးသည့် မြန်မာနိုင်ငံမှာ အွန် လိုင်းကနေ ဈေးရောင်းဈေးဝယ် မလုပ်နိုင်ခဲ့သေး။ ယခုအခါမြန်မာ နိုင်ငံမှာ အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုလာပြီး လက် ကိုင်ဖုန်းများ လူအတော်များများ သုံးနိုင်လာပြီ။ ထို့အတူ နိုင်ငံတကာနှင့်  ပုံစံမတူသော်လည်း မြန်မာ့နည်း မြန်မာဟန် အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်များ လုပ်ဆောင်လာနိုင်ကြပြီ ဖြစ် သည်။ ဖေ့စ်ဘွတ်ခ်ဆိုရှယ်မီဒီယာ ကို အဓိကသုံး ရောင်းဝယ်ကြသည့် မြန်မာအွန်လိုင်းဈေးများတွင် အီတလီဖြစ် ဂူချီအိတ်ကအစ နေ့လယ်စာ အဆာပြေစားရန် သရေစာအထိ မှာယူနိုင်ပြီဖြစ်သည်။

ထိုအချိန်မှာပင် သူတို့ဆီက လည်း တစ်ဆင့်တက်သွားသည်။ အွန်လိုင်းကသာမဟုတ်။ အသံ စနစ်ကို ရောက်ရှိလာပြီ။ ကိုယ့် အသံဖြင့် လိုအပ်သည့်ပစ္စည်းကို မှာယူနိုင်သော အသံပေးဈေးဝယ် ခြင်းကို အမေရိကန်နှင့် အနောက် နိုင်ငံများမှာ စပြီးသုံးလာနေကြ သည်။ အွန်လိုင်းရှော့ပင်းခေတ် မဟုတ်တော့။ အသံဖြင့် ဈေးဝယ် ခြင်း (Voice Shopping) ခေတ်ကို ရောက်လာပြီဖြစ်၏။

အသံဖြင့် ဈေးဝယ်ရန်အ တွက် အင်တာနက်အသုံးပြုဖို့သာမက စမတ်စပီကာ (SmartSpeaker) ခေါ် အမေဇုန်ကထုတ် သည့် စကားပြောပြီးလိုချင်တာမှာ လို့ရသည့် စပီကာတစ်ခုရှိရန်လို သည်။ သို့မဟုတ် Google Home Device ခေါ် ဂူးဂဲလ်၏ စမတ်စပီ ကာရှိဖို့လိုသည်။ အဆိုပါ ကိုယ် ရွေးချယ်ရာ စမတ်စပီကာများဖြင့် ဈေးဝယ်ရသည့် စနစ်ကိုလည်း မိမိ၏ ဖုန်း (သို့မဟုတ်) ကွန်ပျူ တာမှာ တပ်ဆင်ထားဖို့လိုသည်။ ထိုစနစ်ရှိမှသာ အသံဖြင့်ဈေးဝယ် နိုင်မည်ဖြစ်သည်။ လောလော ဆယ်တွင် အသံဖြင့်ဈေးဝယ်ခြင်း ကို အမေဇုန် (Amazon)ကပဲ ကြီးစိုးထားသည့်အတွက် အမေဇုန်အွန်လိုင်းဈေး၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရန်လည်းလိုသည်။ ဂူးဂဲလ်ကလည်း အမေဇုန်နောက်ကနေ ဈေးကွက်ရယူဖို့ ကြိုးစားနေသော်လည်း အမေဇုန်ကို လိုက်မမီသေးပါ။

 အမေရိကန်နိုင်ငံတွင်မူ စမတ်စပီကာသုံးပြီး အသံဖြင့် ဈေးဝယ်နေခြင်းသည် ယခုလော လောဆယ်၌ ရောင်းအားပမာဏ အမေရိကန်ဒေါ်လာ နှစ်သန်းဖိုး အထိ ရောင်းနေရပြီး ၂၀၂၀ ပြည့် နှစ်တွင် အမေရိကန်ဒေါ်လာသန်းလေးသောင်းအထိ ရှိမည်ဟု ပညာရှင်များက ခန့်မှန်းထား သည်။

အိမ်များမှာ စမတ်စပီကာ များ အသုံးများလာသည့်အတွက် အသံဖြင့် ဈေးဝယ်မှုက ပိုများလာ ခြင်းဖြစ်သည်။ ယခုအချိန်မှာ အမေရိကန်တွင် စမတ်စပီကာ သုံးသူ ၁၃ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ တွင် ၅၅ ရာခိုင်နှုန်းထိ ရှိလာမည် ဟု သိရသည်။ များသောအားဖြင့် ခေတ်မီနည်းပညာကို စိတ်ဝင်စား သူ လူငယ်များနှင့် လူလတ်ပိုင်း မိသားစုများက စပီကာဖြင့် စကား ပြောပြီး ဈေးဝယ်ရသည်ကိုကြိုက် နှစ်သက်ကြသည်။ လောလော ဆယ်မှာတော့ ဈေးသိပ်မကြီး သော အသုံးအဆောင်များကိုသာ အသံဖြင့်မှာပြီး ဈေးဝယ်နေကြသည်။ မြေစမ်းခရမ်းပျိုးကာလ ဖြစ်၍ ဈေးအရမ်းကြီးသည့်ပစ္စည်းများကို အဝယ်နည်းနေသေးသည်။ အသံဖြင့် ဈေးဝယ်ခြင်းသည် ကိုယ်ဝယ်နေကျ ပစ္စည်းတစ်ခုကို ထပ်မှာရန်အတွက် အကောင်းဆုံးဖြစ်သည်ဟု ဘန်ဖစ်ရှာဆိုသူ နည်းပညာကုမ္ပဏီတစ်ခု၏ အမှု ဆောင်အရာရှိကဆိုသည်။


(jenn chou)

‘‘ဟေး အဲလက်ဇာ (အမေ ဇုန်က စမတ်စပီကာ၏အမည်) ငါ့ကို အဝတ်လျှော်ဆပ်ပြာထပ်ပို့ ပေးဦးဟေ့လို့ ပြောလိုက်ရတာ အရမ်းကိုလွယ်တယ်။ သူက ခင် ဗျား အရင်မှာဖူးထားတာကို သိ တယ်’’

ထို့အပြင် အသံဖြင့် ဈေး ဝယ်ခြင်းက ခရက်ဒစ်ကတ် အ ချက်အလက်ကို အွန်လိုင်းမှာ ဖြည့်စရာမလိုသဖြင့် ပိုစိတ်ချရ သည်။ အသံဖြင့် မှာလိုက်ရုံနှင့် ပစ္စည်းကို အိမ်အရောက်ဝယ်နိုင် သဖြင့် အလုပ်များသူတွေအတွက် လည်း အလွန်အဆင်ပြေသည်။ သို့သော် အသံဖြင့် ဈေးမှာဝယ် ခြင်းက နာမည်ရပြီးသား ပစ္စည်း များအတွက် ပိုလွယ်သဖြင့် နာမည်မရှိသော ကုမ္ပဏီများအတွက် မိမိတံဆိပ်ကို ဈေးကွက်မှာ ထိုး ဖောက်ဖို့ အသုံးချရန် ခက်လိမ့် မည်။

အွန်လိုင်းဖြင့် ဈေးဝယ်လျှင် ခေါင်းလျှော်ရည်ဟု ရိုက်လိုက် လျှင် ခေါင်းလျှော်ရည်အမျိုးအ စား အမျိုးမျိုး ပေါ်လာမည်ဖြစ် သော်လည်း အသံဖြင့်ဈေးဝယ်ရာ တွင် သူနှင့်ချိတ်ဆက်ထားသော နာမည်ရ ခေါင်းလျှော်ရည်များ သာ ပေါ်လာမည်ဖြစ်သည်။အသံ ဖြင့် ဈေးဝယ်ရာတွင် အစ၌ မိမိ အသံကို ကုတ်နံပါတ်ဖြင့် မှတ်သားထားရန် လိုသော်လည်းနောင်အကြိမ်များမှာတော့ မလိုတော့ ချေ။ အဘယ်ကြောင့်ဆိုသော် ကိုယ့်အသံကို စမတ်စပီကာက မှတ်မိနေသည့်အတွက်ဖြစ်သည်။

‘‘စမတ်စပီကာလေး တစ် လုံး လက်ဆောင်ရလို့ စသုံးကြည့် နေတယ်။ အသံနဲ့ဈေးဝယ်ရတာ တော့ စိတ်လှုပ်ရှားဖို့ ကောင်း တယ်။ အသစ်အဆန်းကိုးနော်။ ဒါပေမဲ့ သူကလေ အင်္ဂလိပ်စာကို မိခင်ဘာသာစကား ပုံစံမျိုး မထွက်တဲ့ သမီးတို့ မြန်မာတွေ အတွက် နည်းနည်းပြဿနာရှိ တယ်။ သူက ဂူးဂဲလ်လိုပဲ အမေရိ ကန် အသံပေါက်မှ အဆင်ပြေ တယ်။ မြန်မာသံဝဲတဲ့ အင်္ဂလိပ်ကျ တော့ စက်ကနားမလည်ဘူး’’ဟု ဆန်ဖရန်စစ္စကိုမှာ နေထိုင်သော မြန်မာကောလိပ်ကျောင်းသူ မစင် ဒီက ပြောသည်။

မစင်ဒီပြောသကဲ့သို့ အသံ ဖြင့် ဈေးဝယ်ရာမှာ ဘာသာစကား အခက်အခဲ အနည်းငယ်ရှိသည်။ ထို့ကြောင့် အင်္ဂလိပ်စကားကို မိခင်ဘာသာအဖြစ် ပြောသော အမေရိကန်နှင့် ဗြိတိန်နိုင်ငံများမှာ သာ အသံဖြင့် ဈေးဝယ်ခြင်းက ပို တွင်ကျယ်နေခြင်းဖြစ်သည်။ ဂူး ဂဲလ်၏ စမတ်စပီကာမှာ ဘာသာ စကားသုံးလေးမျိုးခန့် ရသော် လည်း အမေဇုန်၏ စမတ်စပီကာ က အင်္ဂလိပ်စာဖြင့်သာ သုံးနိုင် သည်။ အင်္ဂလိပ်အသံထွက် နည်း နည်းမှားလျှင်ပင်မရ။ သို့သော် စမတ်စပီကာများကို ထုတ်လုပ် သည့် ကုမ္ပဏီများသည် အဆိုပါ ဘာသာစကား ပြဿနာကို နား လည်သဘောပေါက်ကြ၏။ ထို့ ကြောင့် စမတ်စပီကာများကို ကမ္ဘာပေါ်ရှိ ဘာသာစကားအမျိုး မျိုးဖြင့် အမိန့်ပေးခိုင်းစေ၍ရရန် ဘာသာစကား ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်နေပြီ ဖြစ်သည်။

အမေရိကရှိ ဘာသာစကား ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း တချို့မှ မြန်မာဘာသာစကားဖြင့် အသံဖလှယ်ခြင်းများကို ဘာသာ စကားပညာရှင်များ အကူအညီ ဖြင့် ဆောင်ရွက်နေကြသည်မှာ သုံး၊ လေးနှစ်ခန့် ရှိပြီဖြစ်သည်။ ဘာအကြောင်းဟု အတိအကျ မသိသော်လည်း စမတ်စပီကာနှင့် လက်ကိုင်တယ်လီဖုန်းများ အ တွက် သုံးစွဲဖို့ ဖြစ်ကောင်းဖြစ်နိုင် သည်။

 စမတ်စပီကာများကဲ့သို့ အသံနည်းပညာစနစ်အတွက်သာ ဖြစ်ပါက နောက်ဆိုလျှင် စမတ် စပီကာများကို မြန်မာစကားဖြင့် အသုံးပြုလာနိုင်မည်။ ထိုကနေမှ မြန်မာစကားပြောပြီး အသံဖြင့် ဈေးဝယ်ရန်အထိ ဖြစ်လာနိုင်ပါ သည်။
 

Top News