လှုပ်လှုပ်ခတ်ခတ် တက္ကသိုလ်ဝင်စာမေးပွဲ

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ဒီချုပ်အစိုးရ လက်ထက် ဒုတိယ အကြိမ် မြောက် တက္ကသိုလ် ၀င်စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည်။ ယခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် ပညာရေးလောကသား ဆရာ၊ ဆရာမများ၊ ပညာရေးနှင့် ဆက် စပ်သက်ဆိုင်သူ ကျောင်းသား၊ မိဘများအကြား လှုပ်လှုပ်ခတ် ခတ်ဖြစ်ခဲ့သည့် စာမေးပွဲတစ်ခုဟု ဆိုလျှင် မှားမည်မထင်။

အမှားအယွင်းကင်းပြီး မသ မာမှုကင်းရှင်းစွာဖြင့် ၂၀၁၈ တက္က သိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေး ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာမေးပွဲမကျင်းပမီ သုံးလခန့်အလိုကပင် စာမေးပွဲခန်းစောင့်ကြပ်မည့် ဆရာ၊ ဆရာမများကို ကြိုတင်အလုပ်ရုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

စာမေးပွဲစည်းမျဉ်းစည်းကမ်း များကို ပြည်သူသိရှိရန် ကြိုတင် အသိပေးထုတ်ပြန်မှုများလည်း ရှိ ခဲ့သည်။ သို့သော် စာမေးပွဲရက်များ တွင် ဝေဖန်မှုညံခဲ့သည့် ဖြစ်ရပ် များက မြန်မာ့ပညာရေးဟာကွက် များကို ခပ်ရှင်းရှင်းပေါ်လွင်လာ စေခဲ့သည်။

အင်္ဂလိပ်စာမေးခွန်းက သတိပေး ခဲ့သည့် ပညာရေးဟာကွက်

ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲတွင် အင်္ဂလိပ်စာမေးခွန်း သတ်သည်ဟု ကျောင်းသား၊ ကျောင်းသူများက ဆိုသည်။

‘‘အစက အင်္ဂလိပ်စာဂုဏ်ထူး မှန်းပေမယ့် အက်ဆေးက သိပ်မ ရေးခဲ့လို့ လေးခုလောက်ပဲ မှန်း ထားတယ်။ အင်္ဂလိပ်စာက သူငယ် ချင်းတွေလည်း အားမရဘူး။ သတ် တယ်ပြောကြတယ်’’ဟု အထက(၃) ကြည့်မြင်တိုင်မှ မချိုလဲ့လဲ့ ထွန်းက ပြောကြားသည်။

အင်္ဂလိပ်စာ မေးခွန်းတွင် သဒ္ဒါ (Grammar) နှင့်ပတ်သက် သည့် မေးခွန်း ၁၀ ခုအနက် ငါးခု သည် ကျောင်းသားများပုံမှန်ဖြေ ဆိုနေကျ Grammar Pattern များကို မေးနေကျအတိုင်းမဟုတ်ဘဲ ပုံစံပြောင်းမေးထားသည်။

အက်ဆေးနှင့် ပေးစာကဏ္ဍ တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ မေးနေကျ ကျန်းမာခြင်း၏ အကျိုး ကျေးဇူးဟူသည့် အကြောင်းအရာ အစား အာဟာရမျှတအောင် စား သုံးခြင်း၏ အကျိုးကျေးဇူးများကဲ့ သို့ ခေါင်းစဉ်မျိုးကို ထည့်မေးထား သည်။ ပုံမှန်နှင့်မတူ ခွဲထွက်လာ သည့် မေးခွန်းပုံစံအချို့ကြောင့် ဒါသင်၊ ဒါကျက် ဖြေခဲ့ရသည့် ကျောင်းသားများအတွက် မလွယ် ကူခဲ့ပေ။

‘‘ဒီလိုမေးခွန်းတွေက ကလေး တွေမဖြေဖူးတဲ့ဟာတွေပေါ့။ ကျွန် တော်တို့ စာသင်လာတဲ့တစ်လျှောက်မှာ ဒီလိုမေးခွန်းဟောင်း မတွေ့ဖူးဘူး။ ကလေးတွေကရေး တော့ရေးခဲ့ကြပေမယ့် တော် တော်တော့ခေါင်းကျပ်ပြီး ဖြေလာခဲ့ရတာ တွေ့ရတယ်’’ဟု အင်္ဂလိပ်စာသင်ကြားရေးနှစ် ၂၀ ကျော် အတွေ့အကြုံရှိ ပဲခူးတိုင်းဒေသကြီး အလယ်တန်းကျောင်းအုပ် ဦး အောင်ကျော်သူက ပြောသည်။

မေးခွန်းရှေ့ပိုင်းဖြစ်သည့် ပုံ နှိပ်စာအုပ်ပါ သင်ခန်းစာများ ဖြေ ဆိုရသည့်အပိုင်းတွင် အမှတ်များ များမရပါက အောင်မှတ်ပင်ရရန် မလွယ်ကူကြောင်း ၎င်းကဆို သည်။

‘‘Grammar Pattern တောင်ကဗျာစပ်ကျက်လာတဲ့ ကြက်တူ ရွေးလေးတွေအတွက်တော့ မ လွယ်ဘူးပေါ့ဗျာ’’ဟု မန္တလေးတိုင်းဒေသကြီးမှ အင်္ဂလိပ်စာဘာသာ ရပ်သင်ဆရာတစ်ဦးက မှတ်ချက် ပြုသည်။

အင်္ဂလိပ်စာဘာသာရပ်မေး ခွန်းသည် ကြက်တူရွေးနှုတ်တိုက် မြန်မာ့ပညာရေးကို စတင်ပြောင်း လဲရန် ခပ်ပါးပါးနှိုးဆွလိုက်သည့် သဘောသာဖြစ်သည်ဟု သုံးသပ် မှုများလည်း ရှိသည်။

ပညာရေးဝန်ကြီးဌာနက လည်း ၂၀၁၈ တက္ကသိုလ်ဝင်စာ မေးပွဲမှစကာ အလွတ်ကျက်ဖြေရ သည့် မေးခွန်းအစား စဉ်းစားတွေး ခေါ်ဖြေဆိုရသည့် မေးခွန်းများ ထည့်မေးမည်ဟု ကြိုတင်ကြေညာ ထားခဲ့သည်။

ရှေ့နှစ်အဆက်ဆက်မေးခဲ့ သည့် မေးခွန်းပုံစံဟောင်းများကို နှုတ်တိုက်အလွတ်ကျက်မှတ်ပြီး ဖြေဆိုသည့် ကျောင်းသားများအ တွက် ယခုနှစ်အင်္ဂလိပ်စာမေးခွန်း က အချက်ပေးခေါင်းလောင်းဖြစ် သည်ဟု ရန်ကုန်တိုင်းဒေသကြီးမှ ခရိုင်ပညာရေးမှူးတစ်ဦးက ပြော ကြားသည်။

‘‘သူငယ်တန်းကနေ ဆယ် တန်းအထိ အင်္ဂလိပ်စာသင်တာ အခုထိ Letter ၊ Essay ကောင်း ကောင်းမရေးတတ်သေးဘူး။ အဲဒီ ကနေ ဘွဲ့ရတဲ့အထိ အင်္ဂလိပ်စာ ကို ၁၅ နှစ်လောက်သင်လာတာ မတတ်သေးဘူး။ ပညာရေးစနစ် ကပဲမှားသလား၊ ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကပဲ မှားသလား၊ ကျောင်းသားပဲ ညံ့သလား၊ ဆရာ ပဲညံ့သလားဆိုတဲ့ အချက်တွေထဲ က လွဲနေတာကို အဖြေရှာဖို့လို တယ်။ ပြင်ဖို့လိုတယ်။ အခုမှ မေး ခွန်းခက်တယ်ဆိုပြီး ၀ိုင်းအော်နေ လို့ မဖြစ်သေးဘူး’’ဟု ရန်ကုန်အ နောက်ပိုင်းတက္ကသိုလ်မှ ကထိက ဒေါက်တာ ဇော်မျိုးလှိုင်က ပြော ကြားသည်။

ယနေ့အခြေခံပညာကျောင်း များတွင် သင်ကြားနေသည့် အင်္ဂ လိပ်စာသင်ရိုးသည် ၁၉၈၁ က ပြောင်းလဲပြင်ဆင်ခဲ့သည့် သင်ရိုး ဖြစ်သည်။

ထိုသင်ရိုးသည်ပင် အင်္ဂလိပ် စာကို ကျက်ဖြေရန်မဟုတ်ဘဲ အ ရေး၊ အဖတ်၊ အကြား၊ အပြောစွမ်းရည်လေးမျိုးကျွမ်းကျင်ရန် သင် ခန်းစာများထည့်သွင်းရေးဆွဲထား သော်လည်း သင်ကြားနည်းစနစ် နှင့် တတ်မြောက်မှုစစ်ဆေးနည်း စနစ် ချို့ယွင်းချက်များကြောင့် အင်္ဂလိပ်ဘာသာကို လက်တွေ့ ကျင့်သုံးရေးထက် အလွတ်ကျက် ရေးဆီသို့ ဦးတည်စေသည်ဟု ဦး အောင်ကျော်သူက ပြောသည်။

‘‘အဓိကကတော့ တက္ကသိုလ် ၀င်စာမေးပွဲစစ်တဲ့ ပုံစံပြောင်းရ မယ်။ ဥပမာ Physics ဆိုရင် Course က IGCSE Level ကို သွားဖြေလို့ရတဲ့ Course မျိုးနဲ့ သင်နေ တာ။ ဒါပေမဲ့ ဒီမှာက ကျက်စာက တစ်ဝက်လောက်မေးတယ်။

တွက်ချက်မှုဆိုင်ရာက တစ် ၀က်လောက်မေးတယ်။ အဲဒီနှစ်ခု စလုံးက လေ့ကျင့်ထားရင်ရတယ်။ စာမေးပွဲခန်းထဲရောက်မှ သုံးသပ် စဉ်းစားပြီး ချရေးနိုင်တဲ့ မေးခွန်းမျိုး မမေးဘဲ ကြိုပြင်ဆင်နိုင်တဲ့ မေး ခွန်းမျိုးဖြစ်နေတာက အိမ်ကကျက် သွားတာ မေးရင်တိုးတယ်၊ အမှတ် ကောင်းတယ်၊ မတိုးရင် အမှတ်မ ကောင်းဘူးဖြစ်လာတာပဲ’’ ဟု ဒေါက်တာဇော်မျိုးလှိုင်က ထောက်ပြသည်။

ပြောင်းလဲမည့် စစ်ဆေးနည်း စနစ်၊ မေးခွန်းပုံစံများအတွက် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်သင်ကြားသည့် ပုံစံပြောင်းလဲရမည်ဖြစ်ပြီး ထို အပြောင်းအလဲအတွက် ကနဦးအနေဖြင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပြောင်းလဲရ မည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) မှ ဒေါ်သူသူမာကဆို သည်။

ဓာတုဗေဒမေးခွန်းဂယက်

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဓာတုဗေဒဘာသာရပ်မေး ခွန်းချို့ယွင်းချက်ကလည်း ပညာ ရေးလောကသားများအကြား ဝေ ဖန်မှုမြင့်ခဲ့သည်။ ဓာတုဗေဒဘာ သာရပ်မေးခွန်းတွင် ၂၀၁၅ ကတည်းက သင်ရိုးမှ ပယ်ထားပြီးသား သင်ခန်းစာများထည့်မေး ထားသည့်အပြင် ၂၀၁၄ ရခိုင်ပြည် နယ်မေးခွန်းနှင့် ၉၀ ရာခိုင်နှုန်းတူ နေကာ မေးခွန်းထပ်မှုများလည်းရှိ ခဲ့သည်။

ပယ်ဖျက်ထားပြီးသား သင် ခန်းစာများ မေးခွန်းတွင်ပါလာခြင်း ကြောင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ထိုမေးခွန်းကို ရှောင် လွှဲဖြေဆိုရပြီး အခက်တွေ့ခဲ့ရ သည်ဟု ဓာတုဗေဒဆရာအချို့က ဆိုသည်။

‘‘Text ထဲမှာ ဖြုတ်ထားပြီး သား သင်ခန်းစာကြီးဆိုတော့ နစ် နာကုန်တာပေါ့။ ပယ်ပြီးသားတွေ ပြန်မေးတာက အရမ်း ရုပ်ပျက် ဆင်းပျက်နိုင်တာပေါ့’’ဟု ဓာတု ဗေဒဘာသာရပ်သင် ကိုယ်ပိုင် ကျောင်းဆရာ ဦးသူရ (ဓာတုဗေဒ)က ပြောသည်။

နိုင်ငံတော်အဆင့် စာမေးပွဲ မေးခွန်းထုတ်သူက သင်ရိုးပြောင်း သည်ကိုပင် မသိရှိခြင်းက ပေါ့ပျက်လွန်းသည်ဟု ယူဆမိကြောင်း မကွေးတိုင်းဒေသကြီးမှ ဓားသွေး ကျောက်ကိုယ်ပိုင်အထက်တန်း ကျောင်း CEO ဆရာဓား (ကုန်း ဇောင်း)က ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးခွန်းဟောင်းများထည့်မေးလေ့ ရှိသော်လည်း ယခုနှစ်ဓာတုဗေဒ မေးခွန်းကဲ့သို့ ၂၀၁၄ ရခိုင်ပြည်နယ်မေးခွန်းနှင့် မေးခွန်းနံပါတ်ပါတစ် ထပ်တည်းတူအောင် မေးမြန်းခြင်း မျိုးမရှိခဲ့ဟု ဓာတုဗေဒသင်ဆရာ အချို့က ဆိုသည်။

ထို့ပြင်အကြောင်းအရာတစ် ခုတည်းကိုပင် နှစ်ကြိမ်ထပ်မေး ထားခြင်းမျိုးလည်း ရှိသည်ဟု ဓာတုဗေဒ သင်ဆရာအချို့က ထောက်ပြသည်။

‘‘အရင်က မေးခွန်းဟောင်း တွေ ပြန်သုံးမယ်ဆိုရင်တောင် သုံး ခွင့်ရှိတယ်။ အကုန်ချွတ်စွပ်တူရင် တောင် သုံးခွင့်ရှိတယ်။ ပယ်ထား တဲ့ Course တောင်မသိလိုက်တော့အကူးလက်လွန်တာက ပေါ်သွား တာပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှု မှာ ဒီလောက်ကြီးတော့ ပြီးစလွယ် ပေါ့ဆမှုကတော့ မဖြစ်သင့်ပါဘူး။ မြန်မာ့ပညာရေးသမိုင်းမှာ ရုပ်ဆိုး စေတာပေါ့’’ဟု ဒေါက်တာ ဇော် မျိုးလှိုင်က မှတ်ချက်ပြုသည်။

တက္ကသိုလ်ဝင်စာမေးပွဲမေး ခွန်းများကို ဘာသာရပ်အလိုက် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ သက်ဆိုင်ရာဘာသာရပ်ပါမောက္ခ များ (စာစစ်မှူးချုပ်များ)က မေးခွန်းတစ်စုံစီထုတ်ပြီး ယင်းတို့အနက် တစ်စုံကို မဲနှိုက်ရွေးချယ်ခြင်း ဖြစ် သည်။

ပြီးခဲ့သည့် ၂၀၁၇ တက္ကသိုလ် ၀င်စာမေးပွဲတွင်လည်း သင်္ချာဘာ သာရပ်မေးခွန်း၌ အဖြေမထွက် သည့် ပုစ္ဆာမေးမြန်းခဲ့မှုကြောင့် ကျောင်းသားများအခက်တွေ့ခဲ့ရ သည်။

နိုင်ငံတော်အဆင့်စာမေးပွဲ မေးခွန်းလွှာများတွင် နှစ်စဉ်ချို့ယွင်းချက်များ၊ ဟာကွက်များရှိလာခြင်းက မေးခွန်းထုတ်သူအပေါ် ယုံကြည်မှုလျော့ရဲလာသည့် အနေအထားမျိုး ဖြစ်လာစေခဲ့ သည်။

အချိန်မတိုင်မီ မေးခွန်းများပျံ့နှံ့မှု

တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂ လိပ်စာဘာသာရပ်မှ ဓာတုဗေဒ ဘာသာရပ်ဖြေဆိုသည့်နေ့အထိ စာမေးပွဲချိန်မပြီးမီ မေးခွန်းများလူ မှုကွန်ရက်ပေါ် ပျံ့နှံ့နေမှုကလည်း ယခင်နှစ်များက မကြုံဖူးသည့် ဖြစ် စဉ်ဖြစ်သည်။

‘‘၁၂ နာရီမထိုးမချင်း ဒီမေး ခွန်းကို စာဖြေသူတစ်ဦးတည်းသိ နေရမယ်ဆိုတာ စည်းကမ်းသတ် မှတ်ထားပြီးသား။ အခုက မေးခွန်း တွေက မတိုင်ခင်ထွက်ထွက်လာ တော့ စာမေးပွဲခန်းစောင့်ရတဲ့ ဆရာ၊ ဆရာမတွေကပဲ မသမာ လုပ်သလားဆိုတဲ့ အမြင်မျိုးရှိသူ လည်းရှိတယ်။ ဒါက ပညာရေးဝန် ထမ်းတွေအပေါ် ယုံကြည်မှုလျော့ ရဲလာစေတာပေါ့’’ဟု ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုဦးစီး မှူး ဦးသီဟထွန်းက ဆိုသည်။

အီလက်ထရွန်နစ်နည်းပညာသုံးနာရီ၊ ဘောပင်များအသုံးပြုကာ စာမေးပွဲခန်းတွင်မှ  စာဖြေသူနှင့် ပြင်ပအင်တာနက်အချိတ် အ ဆက်ပြုလုပ်ခြင်းများကို အထူး ကြပ်မတ်ရန် မြန်မာနိုင်ငံစာစစ်ဦး စီးဌာနက စာမေးပွဲကျင်းပနေစဉ် ညွှန်ကြားချက်တစ်ခု ချက်ချင်း ထုတ်ပြန်မှုလည်းရှိခဲ့သည်။

‘‘စာမေးပွဲစည်းကမ်းမှာပါပေ မယ့် ထပ် Remind လုပ်တာပေါ့။ ဖြစ်လာနိုင်လို့ ဖြစ်မလာခင် ကြို တားတာ မကောင်းဘူးလား’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ဦးမျိုးညွန့်က ဆို သည်။

ထိုညွှန်ကြားချက်ကြောင့် အချို့သော စာစစ်ဌာနများတွင် စာဖြေခန်းအတွင်း မည်သည့်နာရီမှ ယူဆောင်ခွင့်မပြုဘဲ တားမြစ်ခဲ့ခြင်းကြောင့် ကျောင်းသား၊ကျောင်းသူများ အခက်တွေ့ခဲ့ရ ခြင်းများလည်း ရှိသည်။

မည်သည့်နည်းလမ်းဖြင့် ရရှိ သည်ဖြစ်စေ မေးခွန်းကို နေ့စဉ်လူမှုကွန်ရက်တင်နေသူ အကောင့်ပိုင် ရှင် Sayar Bone ကို ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃ ဖြင့် အမှုဖွင့်ခဲ့သည့် ဖြစ်စဉ်ကလည်း ယခုနှစ်အတွက် ထူးခြား ဖြစ်စဉ်ဖြစ်သည်။

‘‘အရင် နှစ်တွေတုန်းက လည်း မေးခွန်းက သူ့လမ်းကြောင်းနဲ့သူရတဲ့သူကရတာပဲလို့ ကြားဖူး တယ်။ အခုကတော့ လူမှုကွန်ရက် က ခေတ်စားလာတော့ ပြန့်တာပို မြန်ပြီးလူပိုသိသွားတာပေါ့။ ဒါကို ထိန်းချုပ်ဖို့ကတော့ ခက်ခဲလိမ့် မယ်’’ဟု ပဲခူးတိုင်းဒေသကြီးမှ ကိုယ်ပိုင်ကျောင်းဆရာတစ်ဦးက ဆိုသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို ပြည်တွင်းစာစစ်ဌာန ၁၇၂၁ ခုနှင့် ပြည်ပစာစစ်ဌာန ၂၁ ခုတွင် ကျင်းပခဲ့ရာ ဖြေဆိုရန် စာရင်းသွင်းထားသူ ရှစ်သိန်းကျော်အနက် ပျက်ကွက်သူ ငါးသောင်းကျော်ရှိခဲ့ သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက စာရင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၇ ထက် စာ မေးပွဲဝင်ရောက်ဖြေဆိုသူအရေအ တွက်တိုးလာသည့်အပြင် စာမေး ပွဲကျင်းပသည့် ရက်တိုင်းတွင် ဝေ ဖန်စောင့်ကြည့်သူတိုးလာသည်။

တက္ကသိုလ်ဝင်စာမေးပွဲ သည် ဘ၀တစ်ဆစ်ချိုး အဆုံးအဖြတ် တစ်ခုဖြစ်နေသည့်အနေအထား တွင်ရှိနေသရွေ့ စာမေးပွဲ၏ အား နည်းချက်၊ အားသာချက်များကို စောင့်ကြည့်ကြဦးမည်ဖြစ်သည်။

‘‘ဒီစာမေးပွဲစနစ်ကြီးကို အခု ပုံစံမျိုးနဲ့ စစ်ဆေးနေတာမျိုး မေး ခွန်းပုံစံတွေ၊ စစ်ဆေးမှုပုံစံတွေ၊ တက္ကသိုလ်ဝင်ခွင့်ပြုမှုပုံစံတွေ မ ပြင်ရင်တော့ ဒီလိုပြဿနာတွေက နှစ်တိုင်းတစ်ခုမဟုတ် တစ်ခုတော့ တက်နေဦးမှာပဲ’’ဟု ဒေါက်တာ ဇော်မျိုးလှိုင်က မှတ်ချက်ပြုသည်။

အမြစ်တွယ်နေသော အလွတ်ကျက်မှတ်ရသည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာတွင် ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက်များအတိုင်း တစ်သဝေမတိမ်းဖြေဆိုနိုင်မှသာ ရလဒ်ကောင်းမွန်သည့် စာမေးပွဲစနစ်ကို မဖြစ်မနေပြောင်းလဲရမည် ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်ကနေပြည်တော်ရှိ MICC-II တွင်ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ယင်းသို့ ပြုပြင်ပြောင်းလဲရာ တွင် ဆရာများအနေဖြင့် ကျောင်း သားအများစု အရိုးစွဲနေသည့် ပြဋ္ဌာန်းစာအုပ်ပါအကြောင်းအရာ များကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိကာအတိုင်း အမြန်ပြီးစီး အောင်သင်ကြားခြင်း၊ အတန်း အောင်ချက် မြင့်မားခြင်းကိုသာ အာရုံစူးစိုက်ခြင်း၊ စာမေးပွဲအောင် ဖို့အတွက်သာ သင်ကြားပေးခြင်း တို့ကိုလည်း ပြောင်းလဲရမည်ဟု ၎င်းက မှာကြားခဲ့သည်။

ဒီချုပ်အစိုးရတာဝန် စတင် ယူစဉ်ကတည်းက ပညာရေးပြုပြင် ပြောင်းလဲမှုများတွင် တက္ကသိုလ် ၀င်စာမေးပွဲရလဒ်တစ်ခုတည်းဖြင့် တက္ကသိုလ်ရွေးချယ်တက်ရောက် ခွင့်ကို ပြောင်းလဲပေးရန် ပြည်သူ များက မျှော်လင့်ထားသည်။ သို့ သော် အစိုးရသက်တမ်း ၂ နှစ် ပြည့်လုဆဲအချိန်အထိ ပြည်သူ့ ဆန္ဒမပြည့်ဝသေးပေ။