ကျိုက်ထီးရိုးတောင်နှင့် အမှိုက်ပြဿနာ

ကျွန်မတို့ နိုင်ငံရဲ့ အဓိကပြဿနာ တွေထဲမှာ အမှိုက်ကိစ္စလည်း ပါဝင်ပါတယ်။ တော်ရုံတန်ရုံတော့ အမှိုက်ပြဿနာက သေးသေးမွှား မွှားထင်ရပေမယ့် ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ ကြီးမားတဲ့ ကိစ္စပါ။ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပါ။

 ကျွန်မတို့ငယ်ငယ်က စာ သင်ကျောင်းတွေမှာ ကျောင်းစစ်ဆေးရေးလာတော့မယ်ဆိုရင် ကျောင်းအုပ်နဲ့တကွ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေ အလုပ်ရှုပ်ကြပြီ။ ကျောင်းပတ်ဝန်းကျင်အမှိုက်တွေရှင်း၊ အမြဲလိုလိုပိတ်ထားတဲ့ စာကြည့်တိုက်ကို သန့်ရှင်းရေးလုပ်၊ စာအုပ်တွေကိုဖုန်ခါ၊ လိုက်ကာတွေတပ်နဲ့ ၂ ရက်၊ ၃ ရက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရတယ်။

အဲဒီခေတ်က လူကြီးလမ်း ကြောင်း ရှိတယ်ဆိုရင်လည်း မနက်စောစောမှာ စည်ပင်ဝန် ထမ်းတွေရောက်လာကြပြီး လမ်း မတန်းတစ်လျှောက်အမှိုက်တွေ လှည်း၊ လမ်းဘေးဈေးဆိုင်တွေရဲ့ အမိုးတွေဖျက်၊ သစ်ပင်တွေကိုထုံးသုတ်၊ အိမ်ရှေ့က နေထိုးလို့ကာထားတဲ့ တာလပတ် အစတောင် လူကြီးမျက်စိနောက်မှာ စိုးလို့ ခဏဖြုတ်ပေးပါဆိုလို့ ဖြုတ်သိမ်း ကြရတဲ့အဖြစ်ပါ။ လူကြီးကားအိမ်ရှေ့က ခဏလေး ဖြတ်သွားဖို့ အရေးကိုပြင်ဆင်နေ ကြရတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ရဲ့ ဒုက္ခတွေက ပေါ့သေးသေး တော့မဟုတ်ကြပါဘူး။ မိုးမလင်း ခင်ကတည်းက အိမ်ရှေ့ရောက် နေကြပြီး မိုးတိုးမတ်တတ်ရပ်၊ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး လမ်းမတန်း တစ်လျှောက် စစ်ဆေး ညွှန်ကြားနေကြရတာ။ လူကြီးသွားမှပဲ သူတို့ခမျာ စိတ် အေးနိုင်ကြတော့တယ်။

ပြောချင်တာက လူကြီးလာ လာ၊ မလာလာ၊ စစ်ဆေးရေးရှိရှိ၊မရှိရှိ ကျွန်မတို့ရဲ့ ၀န်းကျင်က အမြဲလိုလိုသာယာသန့်ရှင်းနေဖို့ မလိုအပ်ဘူးလားဆိုတာပါ။ ကျွန်မတို့ရဲ့ လမ်းမတွေဟာ အမြဲလိုလိုသန့်ရှင်းတောက်ပြောင်နေရင် မကောင်းဘူးလား။ ကျွန်မတို့ရဲ့ ကျောင်းတွေမှာ စာကြည့်တိုက် တွေက အချိန်မှန်မှန်ဖွင့်ပေးထား ဖို့ မသင့်ဘူးလား။ ရှေ့မှာတစ် မျိုး၊ ကွယ်ရာတစ်မျိုးဆိုတဲ့ မ ကောင်းတဲ့အကျင့်ကို ကျွန်မတို့ ရဲ့ လူ့အဖွဲ့အစည်းမှာ စွဲစွဲမြဲမြဲ အမြစ်တွယ်နေတဲ့ အမူအကျင့် တွေအဖြစ် နောင်လာနောက် သားတွေကို လက်ဆင့်ကမ်း အ မွေတွေ မကျန်ရစ်စေချင်ဘူး။  မချန်ရစ်စေချင်တာပါ။

ဒီရက်ပိုင်းသတင်းစာ တစ် စောင်မှာ ကျိုက်ထီးရိုး စေတီတော် ပတ်ဝန်းကျင်ရှိ အမှိုက်များ ကို မီးရှို့စက်ဖြင့်သာ ဖြေရှင်း၍ ရနိုင်သဖြင့် စက်ဝယ်ယူရန် ပြည် နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ဖတ် လိုက်ရပါတယ်။ ကျိုက်ထီးရိုး စေတီတွင် ဘုရားဖူးများ ပိုမိုများ ပြားလာသဖြင့် တစ်နေ့လျှင် အမှိုက် ငါးတန်ထွက်ရှိကြောင်း၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟို တယ်နှင့် စားသောက်ဆိုင်များက အမှိုက်စွန့်ပစ်မှုအများဆုံးဖြစ် ကြောင်း ဖတ်လိုက်ရပါတယ်။

 ဒီတစ်ပတ်အတွင်းမှာပဲ ကျွန်မကိုယ်တိုင် ကျိုက်ထီးရိုး ဘုရားဖူးခဲ့သူဆိုတော့ တောင် စောင်းတစ်လျှောက်မှာ စွန့်ပစ် ထားတဲ့ အမှိုက်တွေကို မြင်မ ကောင်းအောင်တွေ့ခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အနယ် နယ်အရပ်ရပ်က ကျွန်မတို့ပြည် သူတွေ ခုထိစည်းကမ်းပျက်နေ ကြတုန်းပဲ။ ကိုယ့်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်အလှတရားတွေကို တန်ဖိုး မထားတတ်သေးဘူး။ ကိုယ့်ကြောင့် ပတ်ဝန်းကျင်အလှ တရားတွေပျက်စီး၊ ထိခိုက်မှာကို မစိုးရိမ်ကြသေးဘူး။

ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သတိ မထားမိကြဘူးဆိုတဲ့ အဖြေပဲလို့ ယူဆလို့ရနိုင်တာပေါ့။

အမှိုက်ပြဿနာရဲ့ အဓိက ရင်းမြစ်ကလည်း အမှိုက်ပုံးပြဿ နာပါ။ တောင်အောက်ကိုဆင်းဖို့  ကားစီးရမယ့်နေရာမှာ ဈေးဆိုင် တွေရှိတယ်။ ကားစောင့်ရင်းနဲ့ မုန့်တွေ၊ အချိုရည်တွေ၊ လိမ္မော် သီးတွေဝယ်စားကြတယ်။ ဘုရား ဖူးတွေက ကားစောင့်ရင်းနဲ့ ကိုယ်စားတဲ့ အမှိုက်တွေကို လွယ်လင့် တကူပစ်ချပစ်ကြတယ်။ အမှိုက် ပုံးက အနီးအနားမှာမရှိဘူးလေ။ ကျွန်မမျက်စိရှေ့တင် အသက် ကြီးကြီး လူကြီးတစ်ယောက်က လိမ္မော်ခွံတွေကို အမှိုက်ပုံးမတွေ့ တော့ တောင်အောက်ကိုပစ်ချ ပစ်လိုက်တော့တာ။ အဲဒီလိုဘုရားဖူးတွေက  အမှိုက်တွေကို အလွယ်ပစ်ချနေတော့ သန့်ရှင်း ရေးဝန်ထမ်း ၅၄ ဦးမကလို့ အ ယောက် ၁၀၀ ပဲရှိရှိ အခုလိုပဲ တောင်ခြေတွေမှာ အမှိုက်တွေကဝေနေဦးမှာပါပဲ။

‘အမှိုက်’နဲ့ပတ်သက်ပြီး စဉ်း စားမိရင်းက ငယ်ငယ်ကအဖြစ် အပျက်လေးကို သတိရမိတော့ တယ်။ ကျွန်မငယ်ငယ်က ပဲခူးက အဘိုး၊ အဘွားတွေဆီ ကျောင်းပိတ်ရက်တွေမှာ သွားလည်ရတဲ့အခါ ထောက်ကြန့်လမ်းဆုံနားရောက်ရင် ကားသမားရော စပယ်ယာကပါ ကားကိုရပ်ပြီးအော်တာက ‘အမှိုက်မချကြပါနဲ့၊ ချရင်ဒဏ်ရိုက်ပါတယ်’တဲ့။ တစ်ကားလုံးက လူတွေလည်း ဘယ်သူမှ အမှိုက်မချကြဘူး။

 ကားဖြတ်မောင်းလာရာ လမ်းတစ်လျှောက်မှာလည်း အ မှိုက်တစ်စမရှိဘဲ ရှင်းလင်းနေ တာပေါ့။ ပဲခူးသွားတိုင်း၊ ပဲခူးက ပြန်တိုင်း၊ အဲဒီနေရာရောက်ရင် ကားဆရာတွေက သတိပေး တယ်။ ခရီးသည်တွေကလည်း သတိထားပြီး လိုက်နာကြတာကို ပြန်ပြီးမှတ်မိနေပါတယ်။ ဘာဖြစ်လို့လိုက်နာကြတာလဲဆိုတော့ အမှိုက်ပစ်ချတာတွေ့ရင် တကယ်လည်း ဒဏ်ငွေဆောင်ရတယ် လေ။ ဒဏ်ငွေဘယ်လောက်လဲ ဆိုတာမမှတ်မိတော့ပေမယ့် များ များစားစားငွေကြေးမို့လို့ ခရီး သည်တွေက လိုက်နာကြတာပဲ။ ကားသမားကလည်း သူ့ကားက ခရီးသည်အမှိုက်ချတာကို အ ပြောမခံချင်တော့ အမှိုက်ချတဲ့ ခရီးသည်ကို ဖိဟောက်တော့တာ ပေါ့။ စည်းကမ်းတင်းကျပ်မှုရှိ တော့ အားလုံးက လိုက်နာကြရ တော့တာပေါ့။

အခုလည်းပဲ ကျိုက်ထီးရိုး တောင်ပေါ်မှာ စည်းကမ်းတင်း ကျပ်ဖို့တော့ လိုနေပါပြီ။ ရုပ်ပျက်ဆင်းပျက် အမှိုက်တွေက မြင်မ ကောင်း ဖြစ်နေရတာဆိုတော့ ပြည်ပ ဘုရားဖူးဧည့်သည်တွေရှေ့မှာ နိုင်ငံသိက္ခာကျစေတာပေါ့။ အမှိုက်တွေက ကိုယ့်ပြည်တွင်းက နိုင်ငံသားတွေကပဲချ နေကြတာကိုး။ ဒါကြောင့် တောင်ပေါ်မှာ အမှိုက်ပုံးတွေများများစားစား ထားရှိပေးမယ်၊ အမှိုက်ပစ်တာ တွေ့ရင်ကြီးမားတဲ့ ငွေကြေးပေး ပြီး ဒဏ်ငွေဆောင်ရမယ်လို့ တင်း ကျပ်တဲ့ စည်းကမ်းထုတ်ထား မယ်၊ လုံခြုံရေးတွေ၊ သန့်ရှင်း ရေးဝန်ထမ်းတွေက စောင့်ကြည့် ပြီး အချိန်ပြည့်တာဝန်ယူကြမယ် ဆိုရင် ဒါမှမဟုတ် CCTV နဲ့ စောင့်ကြည့် အပြစ်ပေးမယ်ဆိုရင် အ မှိုက် ချကြမယ့်သူတွေ ကင်းစင်ပပျောက်သွားမှာပါ။ လစ်ရင်လစ်သလို ရှေ့တစ်မျိုး၊ ကွယ်ရာတစ် မျိုး အချိုးမျိုးတွေလည်း ပပျောက်သွားကြမှာပါပဲ။

ဒီလိုမှ ပြင်းပြင်းထန်ထန် စည်းကမ်းတင်းကျပ်မှုမလုပ်နိုင်ရင်တော့ အမှိုက်တွေကို ပစ်ချသူက ပစ်ချကြ၊ မီးရှို့စက်နဲ့ ရှင်းတဲ့သူက ရှင်းကြ၊ ပစ်ချလိုက်၊ မီးရှို့လိုက်နဲ့ အမှိုက်သံသရာက ပြီးဆုံးတော့မှာမဟုတ်ပါဘူး။ ကျိုက်ထီးရိုးဘုရားနဲ့ အမှိုက်တွေကလည်း အမြဲ ဒွန်တွဲနေတော့မှာပါပဲ။ ကျိုက်ထီးရိုးစေတီပွဲတော်ရာသီ ဖြစ်တဲ့ သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်အထိ ခုနစ်လ၊ ရှစ်လအတွင်းမှာ သုံးလလောက်ကို အမှိုက်စစ်ဆင်ရေးအဖြစ် ပြင်း ပြင်းထန်ထန်၊ တင်းတင်းကျပ်ကျပ် စည်းကမ်းထုတ်ပြီး အရေး ယူကြမယ်ဆိုရင်ပဲ အောင်မြင်မှုရကြမှာပါ။ နောက်ပိုင်းမှာ လူတွေက ကျိုက်ထီးရိုးတောင်ပေါ်မှာ အမှိုက်ပစ်လို့မရဘူးဆိုတဲ့ အသိ တွေ အလိုလိုကိန်းအောင်းသွား ကြပါလိမ့်မယ်။ ဟိုတယ်နဲ့ စား သောက်ဆိုင်တွေကိုလည်း အမှိုက်သိမ်းယာဉ်တွေ လုံလုံလောက်လောက်နဲ့ အချိန်မှန်အမှိုက်သိမ်းကြမယ်ဆိုရင်၊ အမှိုက် ပုံးကြီးတွေထားပေးမယ်ဆိုရင် တောင်အောက်ကိုပစ်ချတော့မှာ မဟုတ်ဘူး။ ပြင်းထန်တဲ့ ဒဏ်ငွေ ကြောင့်လည်း စည်းကမ်းလိုက်နာလာကြမှာပါပဲ။

မွန်မြတ်သန့်စင်လှတဲ့ ဘုရားရိပ်၊ တရားရိပ်မှာ မမွန် မြတ်၊ မသန့်စင်တဲ့အရာတွေက လွှမ်းမိုးနေတာကို အားလုံးက ကာကွယ်ကြရမှာပါ။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)