သူတို့မြင်တဲ့ ယနေ့တရုတ်ပြည် (ကလောင်စုံ)

ယနေ့ တရုတ်ပြည်ကြီးသည် ကမ္ဘာတွင် စီးပွား ရေးအားကောင်းမောင်းသန်ဖြစ်လာပြီး အမေရိကန် ပြီးလျှင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်လာသည်။ တစ်ဆက်တည်း စီးပွားရေးသာမက နိုင်ငံရေးတွင်ပါ  သြဇာတိက္ကမကြီးထွားလာပြီး ကမ္ဘာအနှံ့ ပါဝါဖြန့် ကြက်ရန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် အမေ ရိကန်နှင့် အတန်ငယ်အလှမ်းကွာဝေးသော အာဖရိကနိုင်ငံအချို့ကို ပစ်မှတ်ထားကာ ခြေလှမ်းကျယ်ကျယ်  လှမ်းလျက်ရှိသည်။ ဒေသတွင်း၌လည်း တောင် တရုတ်ပင်လယ်ရှိ ကျွန်းစုများအရေးနှင့်ပတ်သက်၍  ဂျပန်အပါအ၀င် အာဆီယံနိုင်ငံများနှင့် လိပ်ခဲတည်း လည်းအခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။ သို့သော် တရုတ်အစိုးရသည် လွန်စွာပါး၏။ နိုင်ငံရေးဒီပလိုမေ စီနည်းလမ်းပေါင်းစုံသုံး၍ ချော့တစ်လှည့်၊ ခြောက်တစ်ခါ အိမ်နီးချင်းနိုင်ငံများကို ဆက်ဆံလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်သည် အမေရိကန်၏ ကမ္ဘာနံပါတ် (၁) နေရာဝင်ယူရန် အကြိတ်အနယ် ကြိုးစားလျက်ရှိသည်ကိုတော့ မငြင်းဆန်နိုင်ပေ။


ထိုသို့သော အခြေအနေမျိုးတွင် မိမိတို့နိုင်ငံနှင့် သမိုင်းကြောင်းရှည်လျားစွာ ဖြစ်တည်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးအရ တရုတ်သည် အရေးပါသောနေရာ၌ ဆက်လက်တည်တံ့နေပေသည်။ ထို့ကြောင့် ခေတ်သစ်တရုတ်ပြည်ကြီးနှင့်ပတ်သက်၍ မြင်ကွင်း အစုံစုံမြင်တွေ့စေရန်အလို့ငှာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော မြန်မာသတင်းစာဆရာ၊ စာရေးဆရာများ၏ ဆောင်းပါးများအား စုစည်းထုတ်ဝေသော  ယခုစာအုပ်ကို ညွှန်းဆိုရေးသားရပေသည်။

ယခုစာအုပ်နှင့်ပတ်သက်၍ အမှာတွင်‘တရုတ်ပြည်ခရီးသွားမြင်ကွင်းစုံ၊ နေရာစုံ၊ ရသစုံပါဝင်သော ဆောင်းပါးအများစုအပြင် မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသော ယူနန်ပြည်နယ်အကြောင်းကို စေ့ငုရေးသားထားသော ဆောင်းပါးများ၊ တရုတ်နိုင်ငံရေးသုံးသပ်သော ဆောင်းပါး၊ တရုတ်ပြည် ကိုးညအိပ် ၁၀ ရက်ခရီးစဉ်၊ ဖွံ့ဖြိုးတိုးတက်နေသော မီဒီယာလောက၊ ယဉ်ကျေးမှုထုံးတမ်းဓလေ့ဆိုင်ရာများ၊ တရုတ်ပြည်၏ မြို့ပြလူမှု ဘ၀၊ သူတို့၏ စိတ်ဓာတ်၊ အလုပ်အကိုင်၊ အထူးသဖြင့် ရှေးဟောင်းသမိုင်းဝင်နေရာများ၊ အ ထိမ်းအမှတ်နေရာများကို ခေတ်နှင့်အညီ မူလရင်းမြစ်လည်း ထိခိုက်နိုင်သမျှ နည်းပါးအောင် ထိန်းသိမ်းပြုပြင်ကာ ၀င်ငွေများစွာရရှိနေသော ခရီးသွားရပ်ဝန်း အဖြစ် ပုံဖော်နေမှုများ စသည်တို့ကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်’ဟု ရေးထားသည်။ 

ထို့အတူ တရုတ်နိုင်ငံသို့ သွားရောက်မည့်သူများအား အသိပေးချက်အဖြစ် ကလောင်ရှင် ဆူးသစ်နီက ‘တရုတ်ပြည်နဲ့ပတ်သက်ပြီး ပြောစရာရှိတာများကတော့ တရုတ်လူမျိုးတွေက အေးမြတဲ့အရပ်ဒေသက လူတွေဖြစ်တော့ အနွေးထည်ရောင်စုံထူထဲလှပစွာနဲ့ သန့်သန့်ရှင်းရှင်းရှိကြပေမယ့် ဖော်ရွေတဲ့ မျက်နှာပုံပန်းသဏ္ဌာန်တွေမရှိကြပါဘူး။ Shopping Center တွေက၊ တရုတ်မလေးတွေက ဖြူစင်လှပနေကြပြီး အင်္ဂလိပ်လို ကောင်းစွာပြောတတ်ပေမယ့် ရင်းနှီးဖော်ရွေမှုမရှိပါဘူး။ ဈေးဝယ်၊ ဈေးဆစ်တို့လည်း အဆင်မပြေတဲ့အပြင် ပစ္စည်းနဲ့ဈေးကို စိတ်ချယုံကြည်လို့လည်း မရပါဘူး။

တရုတ်လူမျိုးတွေက ကျယ်ကျယ်လောင်လောင်စကားပြောဆိုတတ်ကြပြီး အော်ဟစ်ပြောဆိုတာ လည်းတွေ့ရပါတယ်။ ဆေးလိပ်လည်း အလွန် သောက်ကြပြီး တရုတ်ပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်က ဆေးလိပ်သောက်သုံးကြတယ်လို့ ဆိုပါ တယ်။ တစ်နိုင်ငံလုံး မိုးမွှန်အောင် သောက်ကြတာမို့ ဆေးလိပ်သောက်ဖို့ Smoking Room တွေ၊ Smoking Area တွေ၊ ဥပမာ- လိကျင့် (Lijiang) ရေခဲတောင် လို တောင်ထိပ်ဖျားမှာတောင် စီစဉ်ဖန်တီးပေးထားရ တာကို တွေ့ရပါတယ်။ နောက်တစ်ခုက စားသောက်ဆိုင်တွေမှာစားဖို့ ဇွန်းမပေးဘဲ တူနဲ့ပဲ စားကြရပါတယ်။ သောက်ရေလည်းမပေးဘဲ ရေနွေးအဖြူထည်ပဲ။ (အချို့နေရာမှာ လက်ဖက်ခြောက်ပါ)ပေးပါတယ်။ တရုတ်ပြည်မှာ ဆိုင်၊ အိမ်အားလုံး အစိုးရစီစဉ်ပေးတဲ့ Gas နဲ့ပဲ ချက်ပြုတ်ကြပါတယ်။ အရေးတကြီးပြောစရာရှိတာက တရုတ်ပြည်တခွင်က ရေမသုံးတဲ့ မသန့်ရှင်းတဲ့ တံခါးမရှိတဲ့ အိမ်သာတွေပါပဲ။ အိမ်သာကို တရုတ်လို ‘ချဲ့ဆော်’လို့ ခေါ်ပါတယ်’ဟူ၍ ရေး ထားပါသည်။ ယခုစာအုပ်ကို 7777 စာပေက တန်ဖိုး ၅,၀၀၀ ကျပ်ဖြင့် ထုတ်ဝေပါသည်။