သုညနေ့နှင့် တစ်မနက်အသက်ရှင်ဖို့ရာ

အင်းကြီးကျေးရွာ သဲချောင်းရှိ လက်ယက်တွင်းတစ်တွင်းမှ ရေခပ်နေသူများကို တွေ့ရစဉ် ဓာတ်ပုံ − ညီညီဇော်
(တစ်)


နွေရောက်ပြီ။


ပြတင်းပေါက်မှ လှမ်းကြည့် လိုက်သည့်အခါ သစ်ပင်သစ်ကိုင်း တချို့ ရိုးတံပြိုင်းပြိုင်းဖြစ်နေသည့် မြင်ကွင်းက မျက်လုံးထဲသို့ဝင်လာ သည်။ နွေရက်ထဲတွင် ခရီးနှင်မိ ပြန်တော့ အအက်အက် အကွဲကွဲ ဖြစ်နေသည့်မြေသားနီနီရဲရဲကြီး များ၊ ဖုန်တထောင်းထောင်းထ နေသည့် လမ်းများက နေရာတိုင်း လိုလိုက ဆီးကြို၍နေပါသည်။ ယာခရိုးဆီက ရွှေချိုးကူသံကို ကြားကြရပြီ။ သုတ်လေအနှော၌ ဥရွှေဩ၏တွန်သံကိုလည်း ကြေ ကွဲစရာနားဆင်ကြရပြီ။

သည်ရက်များအတွင်း၌ မေး ခွန်းကလေးတစ်ခုမေးချင်ပါ၏။ တစ်လီတာ (Litre) ရေသန့်ဘူး  ၁၀ ဘူးပေးလျှင် ထိုရေဖြင့်နှစ် ဆယ့်လေးနာရီအတွင်း လောက်င အောင်သုံးစွဲနိုင်ပါ့မလားဟူသည့် မေးခွန်း။ ထိုရေသန့်ဘူး ၁၀ ဘူးက သောက်တာ၊ ချိုးတာ၊ မျက်နှာ သစ်တာ၊ သွားတိုက်တာ၊ လျှော် တာ၊ ဖွပ်တာ၊ လက်ဆေးတာ၊ အိမ်သာသုံးတာအကုန်လုံးအ တွက် ပေးခြင်းဖြစ်ပါသတဲ့။ လောက်ငအောင် သုံးစွဲနိုင်ကြပါ စ။

လောက်ချင်လောက်၊ မ လောက်ချင်နေ လူတစ်ဦးလျှင် ရေသန့်ဘူး ၁၀ ဘူးစာသာယူကြ စေဟူ၍ အမှန်တကယ်ကျင့်သုံးခဲ့ ရဖူးသည့်နိုင်ငံတစ်နိုင်ငံရှိခဲ့ဖူးပါ သည်။ အာဖရိကတိုက်အတွင်းမှ ကင်ညာ(Kenya)နိုင်ငံပဲဖြစ်ပါ သည်။

ဪ... လျှံကျချင်သည့်နေ ရာမှာ အတားအဆီးမဲ့လျှံကျချင် ကျနေနိုင်ပေမယ့် ခန်းပြီ၊ ခြောက် ပြီဆိုသည့်နေရာတွေမှာကျပြန် တော့ ရေကြည်တစ်ပေါက် လောက်ရဖို့က ခက်ခဲလိုက်တာ။

 

(နှစ်)


ယခုနှစ်ထဲ၌ ရင်ထဲသို့လာ ရိုက်ခတ်သည့်စကားတစ်လုံးက Day Zero တဲ့။ အနက်အဓိပ္ပာယ် ကြီးက ချောက်ချောက်ချားချားနိုင် လိုက်တာ။ ကမ္ဘောဒီးယားကို ခမာ နီတို့စိုးမိုးစဉ်က ၁၉၇၅ ခုနှစ်ကို Year Zero ဟူ၍ကင်ပွန်းတပ်ပြီး လူသတ်ပွဲကြီးများ ဆင်နွှဲခဲ့ကြဖူး လေရာ ယခု Day Zero ဟုဆိုပြန် သဖြင့် ဘာများဖြစ်ပြန်ပါလိမ့်ဟူ သော အတွေးဖြင့်ကမ္ဘာကို လှမ်း မျှော်ကြည့်မိပါသည်။

ဪ...ရေပြဿနာပဲကိုး။

ယခု ပြဿနာကတော့ တောင်အာဖရိကနိုင်ငံ၏ ပြဿ နာ။ မြို့တော်ကိပ်တောင်း (Cape Town)၏ပြဿနာ။ Cape Town Water Crisis, Cape Town Water Problem စသည်စသည် ဖြင့် ကိပ်တောင်းရေ အကျပ်အ တည်း၊ ကိပ်တောင်းရေပြဿနာ ဟုဆိုကာ ပွက်ပွက်ညံနေသည့် ကိစ္စ။

လူဦးရေလေးသန်းရှိသော ကိပ်တောင်းမြို့၌ ရေပြတ်လပ်မှု များစတင်ကြုံတွေ့လာခဲ့ရပြီဖြစ် ရာ လူတစ်ဦးလျှင်ရေ ၂၅ လီတာ နှုန်းသာအတိုင်းအတာအတိအကျ ဖြင့် ပေးဝေတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လာခဲ့ပြီဖြစ်လေ ရာ ရေသန့်ဘူး ၂၅ ဘူးစာရေပမာ ဏဖြင့် တစ်ရက်တာကို လောက်င အောင်ဖြတ်သန်းကြပေတော့။ ကျွန်တော့်စိတ်ထင်တစ်ရက်ကို ရေနှစ်ကြိမ်ချိုးလို့တော့ဖြင့်ရမည် မထင်ပါလေတော့။ မျက်နှာသုံး လေးခါသစ်၊ သွားသုံးလေးခါ တိုက်၊ လက်ခဏခဏဆေး၊ အိမ် သာအလီလီဝင်ဆိုသည့် အမူအ ကျင့်တွေဆီက လွတ်အောင်ပြေး ကြပေတော့။

တောင်အာဖရိကနိုင်ငံကိပ် တောင်းက ယခုနှစ် ၂၀၁၈ ၏ ဇူ လိုင်လ ၉ ရက်နေ့ကို Day Zero ဟုသတ်မှတ်ထားပါသည်။ သုည နေ့။ ကိပ်တောင်း၌ ရေပေးဝေမှု အားလုံးတစ်ရက်တိတိရပ်ဆိုင်း ပစ်လိုက်မည့်နေ့အဖြစ် တပ်လှန့် နှိုးဆော်ထားပါသည်။ ရေသယံဇာ တ၊ ရေအရင်းအမြစ်ကို စောင့် ရှောက်ထိန်းသိမ်းခြင်းအထိမ်းအ မှတ်။ ဒါကဖြင့် ကျက်သရေရှိသည့် လှုပ်ရှားမှု။

 

(သုံး)


မကြာမီက ဖတ်ရှုခဲ့ရသည့် ခေတ်ပြိုင်သတင်းတစ်ပုဒ်ထဲ၌ ကမ္ဘာ့ထိပ်တန်းရေသန့်ဘူးများ တွင်ပင် ပလတ်စတစ်အမှုန်များ ပါဝင်နေကြောင်း နယူးယောက် နှင့် East Anglia တက္ကသိုလ်သုတေ သနပညာရှင်တို့က ထုတ်ဖော်  လိုက်ကြပေရာ ရေသန့်သောက် သူတို့ တုန်လှုပ်သွားပါသည်။

ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အင်ဒိုနီးရှား၊ လက်ဘ နွန်၊ မက္ကဆီကို၊ ထိုင်း၊ အမေရိ ကန်နိုင်ငံတို့မှ ရေသန့်ဘူးနမူနာ ၂၅၀ ကိုယူကာ စစ်ဆေးလိုက်ခြင်း တဲ့။ တံဆိပ်ကအစုံ။ Aqua, Evian, Dasani, Aquafina, San Pellegrino, Nestle pure life စသည်စသည်။ ရေသန့်ဘူး ၁၀၀ မှာ ၉၃ ဘူးက ပလတ်စတစ်အမှုန် တွေပါနေလေသတဲ့။ ဘူးအဖုံး လုပ်ရာ၌ ပါဝင်သည့် PET ပလတ် စတစ်၊ နိုင်လွန်နှင့် ပေါ်လီပရိုပိုင် လင်းအမှုန့်များရေထဲ၌ ပါဝင်နေ လေရာ ကင်ဆာနှင့်အော်တစ်ဇင် ကဲ့သို့သော ရောဂါများဖြစ်ပွားရန် အဆင်သင့်ဟု ဆိုလိုက်သဖြင့် လူ တို့မည်သည့်ရေကို ယုံစားပြီး သောက်ရမှန်းမသိဖြစ်ကုန်ကြပါ သည်။

မြန်မာနိုင်ငံအတွင်းမှာက လည်း ထိုနည်းနှင်နှင်ပဲဖြစ်ပါ သည်။ ရေချမ်းစင်ကလေးများကို သံသယ၀င်ကာ ရေသန့်ဘူးခေတ် ထဲသို့ ဒရောသောပါးဝင်ခဲ့သူမြန် မာတို့နေ့စဉ်ထုတ်သတင်းစာများ ထဲ၌ မသောက်သင့်သည့်ရေသန့် ဘူးများအဖြစ် သက်ဆိုင်ရာတာ ၀န်ရှိစစ်ဆေးရေးအရာရှိများက မကြာခဏထုတ်ပြန်ပေးနေခဲ့လေ ရာ ကိုယ်သောက်နေသည့်ရေသန့် တံဆိပ်များ မည်သည့်နေ့၌ပါလာ လေမလဲဟူသည့် သောကဖြင့် မျက်နှာကြီးရှုံ့မဲ့ကာ မျိုချနေရ သည့်အဖြစ်က တော်တော့ကို စိတ်ညစ်ဖို့ကောင်းပါသည်။

ရေ...ရေ....ရေ။

ကမ္ဘာ့ရေထု ၁ ဒသမ ၄ ဘီ လီယံကုဗကီလိုမီတာ၌ ရေချိုက ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိပါ သည်။ ရေတစ်ပိဿာ၌ နှစ်ကျပ် သားကျော်ကျော်သာ သောက်၍ရ သည့်သဘော။ ထိုနှစ်ကျပ်သားထဲ မှာကလည်း ၃၀ ရာခိုင်နှုန်းသာ လူတွေက လက်လှမ်းမီသည့် ချောင်းမြောင်းအင်းအိုင်များအ တွင်းမှာရှိပြီး ၇၀ ရာခိုင်နှုန်းက ရေ ခဲပြင်ကြီးတို့ရှိရာဆီမှာ။

စင်ကာပူသို့ရောက်စဉ်က မလေးရှားနိုင်ငံဘက်မှ သွယ်ယူ ထားသည့်ရေပိုက်လိုင်းကြီးများ ကို တွေ့ဖူးပါသည်။ တစ်နိုင်ငံလုံး သောက်စရာရေမရှိသဖြင့် မလေး ရှားမှ သောက်ရေတင်သွင်းရသည့် မြင်ကွင်း။ ထို့နောက် စင်ကာပူ သည် အင်ဒိုနီးရှားကပါ သောက် သုံးရေကိုထပ်၍ သွယ်ယူလိုက်ပါ သည်။ မလေးရှားဘက်က ရေကို လက်နက်သဖွယ်ကိုင်တွယ်အသုံး ချလာခဲ့သော်ဟူသည့်ကြိုတင်ပူ ပန်မှု။

ရေသည် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောတစ်ခု။

 

(လေး)


ဆရာဇော်ဂျီက သူ၏ ‘တို့ တိုင်းပြည်’ ကဗျာထဲ၌....

 ‘‘တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်

 ရေချိုသောက်ရန်၊ မြစ်ချောင်း

 ကန်နှင့် သီးနှံချိုပျား၊ များ 

 လည်းများ၏’’

စသည်ဖြင့် ဖွဲ့ဖူးပါသည်။ မြန်မာပြည်၌ သောက်စရာရေပေါ များကြောင်း။

ကဗျာဆရာမ ကေသီလှိုင် က...

 ‘‘ကြည်ကြည်လင်လင်

 ရေကိုမြင်လျက်

 ရေတွင်ဆိပ်ခိုး

 ပါလေနိုးနှင့်

 စိုးရွံ့မသောက်သာပြီတကား’’

စသည်ဖြင့် ဖွဲ့ပါသည်။ သောက်ရေချိုအပေါ်၌ မယုံစားရဲ တော့သည့် ခေတ်သစ်ကမ္ဘာ့လူ သားတို့၏ သောက။

ယခု မတ်လ ၂၂ ဆိုလျှင်ဖြင့် ကမ္ဘာ့ရေသယံဇာတနေ့ (World Water Day) ရောက်ပြန်ပါပြီ။

ပူပြင်းခြောက်သွေ့သည့် ဒေ သများ၌ ချောင်းခြောက်ကြီးများ အတွင်း လက်ယက်တွင်းကလေး များယက်ကာ ရေအိုးကလေးတစ် လုံးပြည့်ဖို့ တစ်ခွက်ချင်းဆိုမှ တ ကယ့်ကို တစ်ခွက်ချင်းခပ်ယူနေ သည့်ကျေးတောသူ၊ ကျေးတော သားတို့ကို တွေ့ကြရပါလိမ့်ဦး မည်။

ကမ္ဘာကြီးနှင့် ကမ္ဘာသားတို့ ကို စာနာတတ်သည်ဆိုပါက ကိုယ့်ကြောင့် ရေတစ်စက်တစ် ပေါက် အဟောသိကံဖြစ်မသွားရ လေအောင် စောင့်ရှောက်ကြည့် ကြရအောင်လားဟူ၍။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)