ဖေ့စ်ဘွတ်ခ်သုံးသူများကို တပ်လှန့်လိုက်သော ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့

ဖေ့စ်ဘွတ်ခ်အသုံးပြုသည့် ကိုးနှစ်အတွင်း ကွန်ပျူတာမောက်စ် ကလစ်ကို ကိုရွှေထွန်းတစ်ယောက် လွယ်လွယ်ကူကူပင်နှိပ်ခဲ့သည်။ ၎င်းက လူငယ်ပီပီ ဆိုရှယ်မီဒီယာ ကို ပေါ့ပေါ့ပါးပါး အသုံးပြုနေခဲ့သူ ဖြစ်သည်။

‘ဆိုရှယ်မီဒီယာစောင့်ကြည့် ရေးအဖွဲ့’ ဖွဲ့စည်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မတ်လ ၁၉ ရက်တွင် ပြောဆိုပြီးနောက် ဖေ့စ်ဘွတ်ခ်ကို ယခင်အတိုင်း လွတ် လပ်စွာ အသုံးပြုရန် မဖြစ်နိုင်တော့ ကြောင်း ကိုရွှေထွန်း သဘော ပေါက်ခဲ့သည်။

‘‘စောင့်ကြည့်နေတယ်လို့ သိ လိုက်ရတော့ လွတ်လပ်မှုမရှိတော့ ဘူး’’ဟု ၎င်းက ပြောသည်။

ကိုရွှေထွန်းကဲ့သို့ မြန်မာ နိုင်ငံရှိ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၁၆ သန်းလည်း ကိုယ်ပိုင်လွတ် လပ်ခွင့် ဆုံးရှုံးမည့် အခြေအနေ ဖြစ်လာသည်။

နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင် နှုန်းကျော်ရှိသည့် ဖေ့စ်ဘွတ်ခ်အ သုံးပြုသူများကို စောင့်ကြည့်ရန် အစိုးရက ဆော့ဖ်ဝဲနှင့် စက်ပစ္စည်း များ ကျပ်သန်း ၆,၄၀၀ ကျော်ဖိုး ဝယ်ယူခဲ့သည်။ အဆိုပါ ငွေပမာ ဏကို နိုင်ငံ၏ အရေးပေါ်ရန်ပုံငွေ မှ ရယူသုံးစွဲခဲ့သည်။ (ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးချင်းစီတိုင်းအ တွက် အစိုးရက ကျပ် ၄၀၀ သုံးစွဲ ခြင်းဖြစ်သည်။)

အစိုးရသစ် လက်ထက်၌ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော် တွင် အဆိုတင်ခဲ့သည်။

ဘာသာရေး၊ လူမျိုးရေး ပဋိ ပက္ခများ ဖြစ်ပေါ်လာစေရန် လူမှု ကွန်ရက်၌ အမုန်းစကားလှုံ့ဆော် မှု များပြားလာသဖြင့် အိုင်တီနည်း ပညာအသုံးပြုမှု လိုအပ်သလို စောင့်ကြည့်ရေးအဆိုကို ဒေါ်ယဉ် မင်းလှိုင်က ၂၀၁၇ အောက်တိုဘာ ၌ တင်သွင်းခဲ့သည်။

၎င်း၏ အဆိုကို အကောင်အ ထည်ဖော်သည့်အနေဖြင့် ‘ဆိုရှယ် မီဒီယာစောင့်ကြည့်ရေးအဖွဲ့’ ကို ဖွဲ့စည်းခဲ့သည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြော သည်။ အဆိုပါအဖွဲ့သည် နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေး ထိခိုက်နစ်နာအောင် ပြုလုပ်နေ သည်များကို ရှာဖွေဖော်ထုတ် သည့်လုပ်ငန်း ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။

စောင့်ကြည့်ရေး အဖွဲ့ကို ၂၀၁၈ ဖေဖော်ဝါရီ ၇ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း ပေးခဲ့သော်လည်း ရက် ၄၀ ကြာမှ ပြည်သူလူထု သိခွင့်ရခဲ့သည်။

‘‘အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး စနစ်တကျ စောင့် ကြပ် ကြည့်ရှုဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောသည်။

အစိုးရသစ်သည် ဖေ့စ်ဘွတ်ခ် အသုံးပြုသူများကို ယခုမှ စောင့် ကြည့်သည်မဟုတ်။ ၂၀၁၇ က တည်းက စောင့်ကြည့်ခဲ့သည်။

၂၀၁၇ ဩဂုတ်အတွင်း အာ ဆာအကြမ်းဖက်သမားများနှင့် ပတ်သက်သည့် ရေးသားဖော်ပြမှု များကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် ပူးပေါင်း၍ လူမှုကွန်ရက်ပေါ်မှ ဖြုတ်ချခဲ့သည်။ သမ္မတရုံး၏ ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကိုယ် တိုင် အာဆာအကြမ်းဖက်သမား များနှင့်ပတ်သက်သည့် ရေးသား ဖော်ပြမှုများ ပေးပို့ပါက အစိုးရအ နေဖြင့် Report ပြုလုပ်ပေးမည် ဟု ပြောဆိုခဲ့သည်။

ထိုအချိန်က စောင့်ကြည့်ရေး အဖွဲ့ကို တရားဝင်ဖွဲ့စည်းထား ခြင်းမဟုတ်။ ယခုကဲ့သို့ တရားဝင် ဖွဲ့စည်းသည့်အခါ ပြည်သူလူထု အနေဖြင့် အစိုးရအပေါ် မေးခွန်း များစွာ ရှိလာသည်။

‘‘ပွင့်လင်းမြင်သာမှုမရှိတဲ့အ ပေါ်မှာ မေးခွန်းထုတ်ချင်ပါတယ်’’ ဟု နည်းပညာဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း MIDO မှ မရတနာ က ပြောသည်။

အစိုးရအနေဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူများအား စောင့်ကြည့် နေခြင်းကို ပြည်သူများ မသိရှိကြောင်း၊ ငွေကြေးအသုံးပြုမှုလည်း အဆမတန် များပြားနေကြောင်း ၎င်းက ပြောသည်။

အရေးပေါ်ရန်ပုံငွေဆိုသည် မှာ သဘာဝဘေးအန္တရာယ်များကဲ့ သို့ အခြေအနေများတွင် အသုံးပြု ရန် ရည်ရွယ်ထားသည့် ငွေကြေး ဖြစ်သော်လည်း အစိုးရအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ အခြေအနေကို အရေးပေါ်ဟု ခံယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲ ထွဋ်က ဝေဖန်သည်။

သမ္မတ ဦးသိန်းစိန်လက် လက်တွင် သတင်းအမှားများ၊ အ မုန်းစကားများကို ရင်ဆိုင်ရသော်လည်း ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ ကို စောင့်ကြည့်နေခြင်းသည် လူ့အခွင့်အရေးကို အနည်းနှင့်အများ ထိခိုက်နေသည်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

‘‘စောင့်ကြည့်တယ်ဆိုတာ သိပ်မကောင်းလှဘူး။ လူတစ်ဦး ချင်းစီရဲ့ ပုဂ္ဂိုလ်ရေးတွေကို စောင့် ကြည့်မှာလား။ ဖေ့စ်ဘွတ်ခ်မှာ လူ တစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အ လက်တွေကို စောင့်ကြည့်တယ်။ ပေါက်ကြားတယ်။ ဒါက လူ့အခွင့် အရေးကို ချိုးဖောက်တာပေါ့နော်။ မိသားစုချင်းပြောမယ်။ သူငယ် ချင်းတွေနဲ့ပြောမယ်။ အလကား နေ အပုပ်ချတာတွေ၊ နိုင်ငံတော် ပုန်ကန်မှုလုပ်တာတွေ အဲဒါဆိုရင် တော့ တစ်မျိုးပေါ့’’ဟု ၎င်းက ပြောသည်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ ကို စောင့်ကြည့်ရန် အသုံးပြုသည့် ငွေကြေးပမာဏသည် အလွန်များ ပြားနေကြောင်း၊ စောင့်ကြည့်မှု ရလဒ်ကို အခြေခံ၍ အစိုးရအနေ ဖြင့် မည်သည့်ဆောင်ရွက်ချက် များ လုပ်ဆောင်မည်ကို စိတ်ဝင် စားကြောင်း လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ဖြစ်သော အသံအဖွဲ့မှ ကိုရဲဝေဖြိုး အောင်က ပြောသည်။

‘‘နိုင်ငံရေးအရ ဝေဖန်တိုက် ခိုက်နေသူတွေ၊ ကိုယ်နဲ့အမြင်မတူ သူတွေကို စောင့်ကြည့်ထောင်ချဖို့ အတွက်လားဆိုတာ မေးခွန်းထုတ် ချင်တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါအဖွဲ့ကို ဖွဲ့စည်းထား ကြောင်း အစိုးရက တရားဝင်ကြေညာသော်လည်း ဖွဲ့စည်းခဲ့သည့် နောက်ပိုင်း ထူးထူးခြားခြား ဆောင်ရွက်ချက်များနှင့် အရေးယူမှုများ မရှိခဲ့ပေ။ ထို့အပြင်နိုင်ငံရေးနှင့် ဆက်နွှယ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူမှု လည်းမရှိခဲ့ပေ။

သို့သော် မတ်လ ၈ ရက်အ ထိ အသံအဖွဲ့က စုစည်းခဲသည့် အချက်အလက်များအရ ၆၆ (ဃ) ဖြင့် အရေးယူမှုသည် ယခင်အစိုးရ လက်ထက်တွင် ၁၁ မှုရှိခဲ့ပြီး လက်ရှိ အစိုးရလက်ထက်၌ ၁၀၇ မှု အထိရှိခဲ့သည်။

‘‘အတော်လေး ထိန်းထိန်း သိမ်းသိမ်းလုပ်ရတော့မယ်။ နိုင်ငံ ရေးပို့စ်တစ်ခုကို မျှဝေလိုက်တာ မျိုးတွေ၊ ထောက်ခံတဲ့ မှတ်ချက် ပေးလိုက်တာမျိုးတွေကို ကျပ် သန်းခြောက်ထောင်ကျော်နဲ့ စောင့်ကြည့်နေသူတွေမြင်သွားရင် အ ရေးယူတဲ့အထဲ ပါသွားနိုင်တယ်’’ ဟု ကိုရွှေထွန်းက ပြောသည်။

ဆိုက်ဘာပေါ်ရှိ ပဋိပက္ခများ၊ အမုန်းစကားများ၊ ရာဇဝတ်မှုများ ကို ဥပဒေဖြင့် စနစ်တကျ ထိန်း ကျောင်းနိုင်ခြင်းမရှိချိန် အကောင်းဆုံး ဖြေရှင်းသင့်သော နည်းလမ်းသည် အသိပညာဖြန့်ဝေခြင်းဖြစ် သည်ဟု ဆိုရှယ်မီဒီယာလေ့လာ စောင့်ကြည့်သူများက အကြံပြု သည်။

အမုန်းစကား ဖြန့်ဝေမှုများ ပပျောက်ရန် လူထုအသိပညာ ပေးလုပ်ငန်းများ အဓိကထား ဆောင်ရွက်သင့်ကြောင်း၊ စောင့်ကြည့်မှုတွင် စနစ်တကျပြုလုပ်နိုင် ခြင်းမရှိပါက ကုန်ကျမည့်ငွေကြေး ပမာဏ နှမြောဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း အတွင်းရေးမှူး ဦးမင်းဦး က ပြောသည်။

၂၀၁၅ က စတင်ရေးဆွဲသည့် ဆိုက်ဘာဥပဒေသည်လည်း ယနေ့အထိ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုနိုင်ခြင်းမရှိဘဲ မူကြမ်း အဆင့်သာ ရှိနေသည်။

ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့် မှုသည် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏ တာဝန်သာဖြစ်ပြီး ဆော့ဖ်ဝဲနည်း ပညာ အသုံးပြု၍ ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားချက်များကို စောင့် ကြည့်ခြင်းသည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးကို ထိခိုက်သည်ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပျူ တာလုပ်ငန်းရှင်အသင်း နာယက ဦးရဲမြတ်သူက ပြောသည်။

‘ဆိုရှယ်မီဒီယာစောင့်ကြည့် ရေးအဖွဲ့’ ဖွဲ့စည်းခြင်းနှင့်ပတ် သက်၍ ငွေကြေးသုံးစွဲမှုများ၊ စောင့်ကြည့်နေသည့်အခြေအနေ များကို သက်ဆိုင်ရာဝန်ကြီးဌာန သို့ 7Day News ဂျာနယ်က ဆက် သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားမည့်သူမရှိခဲ့ပေ။

သတင်းအမှားများ၊ အမုန်း စကားများ ပျံ့နှံ့နေခြင်းကို တား ဆီးနိုင်ရေး အိုင်တီနည်းပညာအ လွဲသုံးမှု စောင့်ကြည့်ထိန်းကျောင်း ရန် အစိုးရအား ဒေါ်ယဉ်မင်းလှိုင် တိုက်တွန်းစဉ်က ပုဂ္ဂလိကအခွင့် အရေး ကာကွယ်သည့်ဥပဒေကို မထိခိုက်စေဘဲ အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်ထားကြောင်း ဦးသန့်စင်မောင်က ပြည်သူ့လွှတ် တော်တွင် ပြောဆိုခဲ့သည်။

အိုင်တီနည်းပညာအလွဲသုံး မှုကို စောင့်ကြည့်ထိန်းကျောင်းရာ တွင် ပြည်သူများအား နောက် ယောင်ခံလိုက်ခြင်း၊ ဖုန်းပြောဆိုမှု ကို ကြားဖြတ်နားထောင်ခြင်း၊ စာ အိတ် ဖောက်ဖတ်ခြင်းတို့ကဲ့သို့ လုပ်ရပ်များ မလုပ်သင့်ကြောင်းနှင့် လုပ်ဆောင်ပါက ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ဝေးကွာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ဒေါ်ယဉ်မင်းလှိုင်အဆိုတင်သွင်းစဉ် ဆွေးနွေးခဲ့သည်။

ဖေ့စ်ဘွတ်ခ်အသုံးပြုမှုကို စောင့်ကြည့်သင့်၊ မကြည့်သင့်ကိစ္စ သည် ပြောဆိုရန်ခက်ခဲကြောင်း၊ တစ်ဖက်တွင် လူပုဂ္ဂိုလ် လွတ်လပ်ခွင့်ရှိပြီး တစ်ဖက်တွင် အမုန်းစကားနှင့် ဆူပူလှုံ့ဆော်မှုများရှိကြောင်း လူငယ်နည်းပညာရှင် ဦးဇော်သူ ရိန်ထွန်းက ပြောသည်။

‘‘ဒီလောက်ငွေတွေ အများ ကြီးကို လွှတ်တော်ကနေ ခွင့်ပြုမှ သုံးရတဲ့ ဌာနရဲ့ အသုံးစရိတ်ထဲက နေ မသုံးဘဲ လွှတ်တော်ခွင့်ပြုချက် မလိုတဲ့ သမ္မတရန်ပုံငွေထဲကနေ သုံးတဲ့ကိစ္စက လွှတ်တော်ကို နား ရွက်တံတွေးဆွတ်လိုက်တာပါ။ ဒီ ငွေတွေနဲ့ ဘယ်လိုပစ္စည်းတွေ ဝယ်ယူတပ်ဆင်ခဲ့လဲ။ ဘယ်လိုနည်း ပညာတွေ ဝယ်ယူခဲ့လဲ။ တင်ဒါ အောင်တဲ့ကုမ္ပဏီက ဘယ်ကုမ္ပဏီလဲ စတဲ့ပွင့်လင်းမြင်သာမှု တစ်ခု မှ မတွေ့ရဘူး’’ဟု ၎င်းက ပြော သည်။

မြန်မာနိုင်ငံကဲ့သို့ မိုဘိုင်းဖုန်း နှင့် အင်တာနက်သုံးစွဲမှု လျင်မြန် စွာ တိုးတက်လာသည့်နိုင်ငံတွင် လူမှုကွန်ရက်သည် အရေးပါသော အသုံးအဆောင်တစ်ခုဖြစ်လာ သည်။

ကွန်ပျူတာမောက်စ်ကလစ် ကို လွတ်လပ်စွာ ဖိနှိပ်ရန် ဝန်လေး နေသည့် ကိုရွှေထွန်းက ‘‘စောင့် ကြည့်ခံပြီး သုံးနေရမယ့်အစား တရုတ်လို ဖေ့စ်ဘွတ်ခ်ပိတ်လိုက် ရင်လည်း ပြီးတာပဲ’’ဟု မှတ်ချက် ပြုခဲ့သည်။