စိတ်ကူးပေါ်တိုင်း ချစ်လို့ရတဲ့ ကမ္ဘာ

(တစ်)

မကြာခဏဆိုသလို မိသားစု ၀င်တို့အပြင်ကို သွားကြသဖြင့် အိမ်မှာတစ်ယောက်တည်း ကျန် နေရစ်ခဲ့၊ ချန်နေရစ်ခဲ့ရသည့် နေ့ ရက်တို့ ကျွန်တော့်မှာရှိပါသည်။ လူစုလူဝေး​ ရှုပ်ရှုပ်ထွေးထွေးတို့ ကို တတ်စွမ်းသမျှရှောင်ကွင်းကာ တစ်ကိုယ်တော်စာဖတ်ချင်ဖတ်၊ စာရေးချင်ရေး၊ တောင်တွေး မြောက်တွေး လျှောက်တွေးချင် တွေးရသည့် အရသာကို ခံတွင်း  တွေ့သဖြင့် ယခုကဲ့သို့ ကျင့်ကြံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ထိုအခါ ကျွန်တော့်အတွက် မလုပ်မဖြစ်လုပ်မိမြဲ အလုပ်တစ်ခု မှာရှိသမျှ မီးတို့ကို ပိတ်ပစ်လိုက် ခြင်းပင် ဖြစ်ပါသည်။ တစ်နေရာ မဟုတ် တစ်နေရာရာဆီ၌ မရရ အောင် ၀င်လာသည့်နေ့အလင်း ရောင်ကောင်းကောင်းကလေးရှိ ရာမှာ နေရာယူပြီး အလုပ်လုပ်မိ တတ်စမြဲ။

ညနေစောင်း၍ မှောင်စပျိုး သည့်အခါ၊ လမ်းမီးတို့ လင်းလက်စပြုသည့်အခါ၊ လူနေတိုက်ခန်း ကလေးများ၊ အိမ်ရာများဆီ၌ မီး တို့ဖျိုးဖျိုးဖျတ်ဖျတ်လင်းပွင့်လာ သည့်အခါ ကျွန်တော်က နေမြဲပင် ဆက်၍ တမင်နေပစ်လိုက် ပါသည်။ မီးလုံး၊ မီးချောင်းတစ်ပွင့်မှ မဖွင့်တော့ဘဲ ထိုင်၍ (သို့မဟုတ်) လျောင်း၍ မျက်စိကိုအနားပေး ကာ အမှောင်ထဲ၌ တိတ်ဆိတ်စွာ ငြိမ်ငြိမ်ကလေး နေရသည်ကို ကြိုက်ပါသည်။ အထူးသဖြင့် လူ တကာတို့ မီးကိုဖွင့်ထားကြစဉ် ကိုယ်ကပိတ်၍ နေနေရသည့် အရသာကို တစ်နာရီရှိသွားပါပကော၊ နှစ်နာရီရှိသွားပါပကောစသည် ဖြင့် တွက်ရေကာနေနေရစဉ် သီလတစ်ပါးပါးကို စောင့်ထိန်းကာ ဆောက်တည်နေရသလို စိတ် လက်ငြိမ်းချမ်းခြင်းလည်း ဖြစ်ရပါ သည်။

ငါ့ကြောင့်ကမ္ဘာကြီးဝန်ထုပ် ၀န်ပိုးမဖြစ်ပါစေနဲ့။ မပျက်ယွင်းပါ စေနဲ့။ အမောမဖောက်ပါစေနဲ့။ မလောင်မြိုက်ပါစေနဲ့။ စိတ်ကူး များ။

(နှစ်)

ယခုနှစ် ၂၀၁၈ ခုနှစ်အတွက် Earth Hour ခေါ် ကမ္ဘာ့အတွက် ခဏတာပွဲလမ်းများကို ကမ္ဘာအနှံ့ တွင် ကျင်းပနေကြောင်း သတင်း စာမျက်နှာပေါင်းများစွာပေါ်၌ တွေ့နေရပါသည်။

မတ်လ ၂၄ ရက် စနေနေ့ ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ။

 ကမ္ဘာ့သတင်း စာမျက်နှာ များပေါ်သို့ On Line မှ ၀င်ရောက် သွားသည့်အခါ သြစတြေးလျနိုင် ငံ ဆစ်ဒနီမြို့ကမ်းစပ်ရှိ အော်ပ ရာဟောက်စ် (Operahouse) အ ဆောက်အအုံကြီး အမှောင်ချထား ပုံကို တွေ့ရပါသည်။ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့လယ်ရှိ ရှစ်ဆယ့်ရှစ်ထပ်မြင့်သော အမြွှာမျှော်စင်အဆောက်အအုံ ပီထရို နက် (Petronas Towers) အမှောင်ချထားပုံကို တွေ့ရပါသည်။ ပြင် သစ်နိုင်ငံ ပါရီမြို့ရှိ အီဖယ်လ်မျှော်စင် (Eiffel Tower) အမှောင်ချ ထားပုံကို တွေ့ရပါသည်။ ရုရှား နိုင်ငံ မော်စကိုမြို့ရှိ ရင်ပြင်နီ (RedSquare) အမှောင်ချထားပုံကို တွေ့ရပါသည်။ ဟောင်ကောင်၊ စင်ကာပူ၊ နယူးယောက်၊ မက္ကဆီ ကိုစသည်စသည်။ အမှောင်ထဲ မှာ။ တစ်နာရီတိတိ။

It's more than

just turning off

the Lights:

What else to do

for earth hour.

ပိတ်ပစ်လိုက်ရုံပါဆိုတာထက် အဓိပ္ပာယ်ပိုပါတယ်တဲ့။

ကမ္ဘာကြီးအတွက် ခဏတာ လုပ်စရာက သည့်အပြင်ဘာများ ရှိသေးပါလိမ့်တဲ့။ မီးကလေးပိတ် ပစ်လိုက်ရုံပါဆိုတာထက် အဓိပ္ပာယ်ပိုပါတယ်တဲ့။

သြော်...ကမ္ဘာကို စောင့် ရှောက်ကြပါစို့ဆိုသည့် အနက် အဓိပ္ပာယ်သင်္ကေတ။

(သုံး)

တကယ့်တကယ် Earth Day ခေါ် ကမ္ဘာမြေနေ့က ပထမ။ အမေရိကန် လွှတ်တော်အမတ် ဂေး လော့နယ်လ်ဆင် (Gaylord Nelson) က ၁၉၆၂ နိုဝင်ဘာ၌ စတင်အကောင်အထည်ဖော်ကာ ၁၉၇၀ တွင် စခဲ့သည့်ကိစ္စ။ ဧပြီ ၂၂ ရက်သည် Earth Day တဲ့။ ကမ္ဘာမြေနေ့တဲ့။ ကမ္ဘာ့ကျေးဇူးကို သိကာ နေစကြ၀ဠာကြီးအတွင်း၌ သွက်သွက်ခါခါ တရစပ်လည်ပတ်ရင်း နေကိုအဆက်မပြတ် ပတ်နေသည့် ဧရာမမြေကြီးခဲကြီး၏ အနာဂတ် ကြာရှည်တည်မြဲနေဖို့ရာ လှုံ့ဆော်သည့် လုပ်ရပ်။

ထို့နောက် ၂၀၀၇ ခုနှစ်တွင် ကား Earth Hour ကို သြစတြေး လျက စပါသည်။ ဆစ်ဒနီမြို့နေလူ ၂ဒသမ၂ သန်းက မီးတွေကို တစ်နာရီတိတိ ပိတ်ပစ်လိုက်ပါသည်။ ခဏတာအနားယူပါဦး ကမ္ဘာကြီးရေ...ဆိုသည့် အဓိပ္ပာယ်။

 နောက်တစ်နှစ်ဖြစ်သည့် ၂၀၀၈ ၌မူ Earth Hour တွင် နိုင်ငံပေါင်း ၃၅ နိုင်ငံရှိ လူသန်း ၅၀ တို့ ကပါ မီးတွေကို တစ်နာရီပိတ်ပစ် ခြင်းဖြင့် ပါဝင်လာကြပါသည်။ ဤသို့ဖြင့် ယနေ့ထိတိုင်။

 ထူးထူးခြားခြား ကျင်းပဖူး သည့် နိုင်ငံက စင်ကာပူ။ သူက ၂၀၁၁ တွင် အမှောင်ထဲ၌ လမ်း လျှောက်ပစ်လိုက်ပါသည်။ လမ်း ပါဝင်လျှောက်လှမ်းမည့်သူတို့က ၁၅ ဒေါ်လာစီပေးကာ ၃၅ ကီလို မီတာရှည်သည့် ခရီးကို မှောင် မှောင်မည်းမည်းထဲ၌ လျှောက်ကြ ခြင်း ဖြစ်ပါသည်။ မီးမဖွင့်ထား ကြေး။

First Ever Earth Hour Night Walk ဟူ၏။ လ,ရောင် အောက်မှာ လမ်းလျှောက်ကြစို့ဟူ သည့် သဘော။ လ,ရောင်မရှိ တော့ ကြယ်ရောင်။ ကြယ်ရောင် မရှိတော့ ပိုးစုန်းကြူးကလေးတို့ ၏ အလင်းရောင်ဖြင့်။ သဘာဝ အတိုင်း။ ကမ္ဘာကြီးပေါ်က ခြေ လှမ်းများ။

(လေး)

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားတို့က Reuse ပြန် သုံးဖို့ ပြောပါသည်။ Refill ပြန်ဖြည့်ပြီး သုံးဖို့ပြောပါသည်။ Recycle အသစ်ပြန်လုပ်ပြီးသုံးဖို့ ပြောပါ သည်။ Reject မလိုသည့် ပစ္စည်း ကို မသုံးဘဲ ငြင်းဖို့ပြောပါသည်။ Return သုံးပြီး ပြန်ပေး၍ရသည့် ပစ္စည်းကို ပြန်ပေးဖို့ ပြောပါသည်။ Reduce ကမူ လျှော့သုံးဖို့။

မီးကို တစ်နာရီပိတ်ထား လိုက်သည့်အတွက် ဓာတ်လှေ ကားတွေရပ်။ ကွန်ပျူတာတွေရပ်။ လေအေးပေးစက်တွေရပ်။ အ၀တ်လျှော်စက်တွေရပ်။ ရေခဲသေတ္တာတွေရပ်။ အပူပေးစက်တွေရပ်။ အသံချဲ့စက်တွေရပ်။ မီးဖိုချောင်တွေရပ်။

ကမ္ဘာကြီးကမူ တစ်နာရီ အသက်ရှူခွင့် ကလေးရသွား ပါ သည်။

Earth Hour ကျရောက်သည့် မတ်လ၏ တစ်ခုသောစနေနေ့ည ၈ နာရီခွဲမှ ၉ နာရီခွဲသို့ ရောက်ရှိမှသာမဟုတ်ပါ။ ကမ္ဘာမြေကို ချစ်သူ တိုင်းက အချိန်ရသည့်အခါတိုင်း Earth Hour ကို တစ်ကိုယ်တော် ဆင်နွှဲ၍ ရရှိနိုင်ပါကြောင်း။      ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)