မိုးကုတ်နှစ်(၈၀၀)ပြည့်အထိမ်းအမှတ် သံဃာနှင့် သီလရှင်အပါး ၂,၅၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူ

မိုးကုတ်နှစ် (၈၀၀) ပြည့်အထိမ်းအမှတ် သံဃာနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

 မိုးကုတ်မြို့ နှစ်(၈၀၀) ပြည့် ပွဲတော်အထိမ်းအမှတ်အ ဖြစ် မြို့သူ၊ မြို့သားများစုပေါင်း ကာ သံဃာတော် ၂,၄၅၃ ပါးနှင့် သီလရှင်အပါး ၈၀ တို့အား ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန် နေ့က မိုးကုတ်မြို့ အင်းဘေးကန် ပတ်လမ်းတွင် ပြုလုပ်ခဲ့သည်။

‘‘ဆွမ်းလောင်းပွဲကို မိုးကုတ် တစ်မြို့လုံးမှာရှိတဲ့ မြို့သူမြို့သား တွေအားလုံး စုပေါင်းပြီးတော့ လောင်းတာ ဖြစ်ပါတယ်။ နေ့လယ် ၁ နာရီမှာ တစ်မြို့လုံးက သံဃာတွေကို ကန်ပတ်လမ်းတစ် လျှောက် ရပ်ကွက်အသီးသီးက အလှူရှင်တွေ၊ တစ်သီးပုဂ္ဂလ အ လှူရှင်ပေါင်းများစွာက လှူဒါန်းခဲ့တာဖြစ်ပါတယ်’’ဟု မိုးကုတ်နှစ်(၈၀၀)ပြည့် ပွဲတော်ကျင်းပရေး ကော်မတီပြန်ကြားရေးတာဝန်ခံ ဦးမင်းသူရက ပြောသည်။

 အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ဖြစ်မြောက်ရန် ဆရာတော် ဦးသုမင်္ဂလနှင့် ဆရာတော် ဦးဝိစာရက ကမကထပြု ဆောင်ရွက်ပြီး မိုးကုတ်မြို့သူ၊ မြို့သားများက ပူးပေါင်းပါဝင် ကျင်းပခဲ့သည်။

‘‘၃၀ ရက်နေ့မှာ တစ်မြို့လုံး က သံဃာတွေနဲ့ သီလရှင်တွေကို ဆွမ်းလောင်းလှူပြီးရင် ပွဲတော်ရဲ့ တတိမြောက်နေ့ဖြစ်တဲ့ ၃၁ ရက် နေ့ မနက်ပိုင်းမှာတော့ မိုးကုတ် မြို့ပေါ် စာသင်တိုက်တွေက သံဃာ အပါး ၁,၀၀၀ ကို ဆွမ်းလောင်းလှူမှုတွေ ထပ်ပြီးတော့ပြုလုပ်သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးမင်းသူရက ပြောသည်။

မတ်လ ၃၁ ရက် (ယနေ့) တွင် မိုးကုတ်မြို့နယ်ရှိ စာသင်တိုက်များမှ သံဃာအပါး ၁,၀၀၀ဆွမ်းလောင်းလှူမှုကို စမတောင်ဆရာတော်နှင့် ညောင်သုံးပင် ဆရာတော်တို့ ဦးစီးကာ စေတနာ ရှင်ဒါယကာ၊ ဒါယိကာမများ ပူးပေါင်းလောင်းလှူဒါန်းမည် ဖြစ်သည်။

မိုးကုတ်နှစ်(၈၀၀)ပြည့်ပွဲ တော်ကို မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာ ကျင်းပပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ အားကစားပွဲတော်များ၊ ရိုးရာ ဓလေ့ဖြင့် ဝင်းခင်းလှည့်လည်ခြင်း များ၊ ဆွမ်းလောင်းလှူခြင်းများ နှင့် ဘာသာရေးနရားပွဲတော်များ ကျင်းပခဲ့သည်။