ဆက်သွယ်ရေးတာဝါတိုင်အားလုံး လျှပ်စစ်မီးမချိတ်နိုင်၍ ၂၀၁၇ အတွင်း စက်သုံးဆီ လီတာသန်း ၄၀ ခန့် အသုံးပြုခဲ့ရဟု တယ်လီနောစီအီးအိုပြော

တယ်လီနော ဆက်သွယ်ရေးတာဝါတိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ဆက်သွယ်ရေးတာဝါ တိုင်အားလုံးကို လျှပ်စစ်မီးချိတ် ဆက်နိုင်ခြင်း မရှိခြင်းကြောင့် ၂၀၁၇ အတွင်း စက်သုံးဆီလီတာ သန်း ၄၀ အသုံးပြုခဲ့ကြောင်း တယ်လီနော စီအီး အိုအဲရစ်တဲလ်မန်းက ပြောသည်။


တယ်လီနောတွင် ဆက် သွယ်ရေးတာဝါတိုင် ခုနစ်ထောင် ကျော်ရှိပြီး ၅၈ ရာခိုင်နှုန်းသာ လျှပ်စစ်မီးနှင့် ချိတ်ဆက်ထား ကြောင်း အော်ပရေတာ ရေရှည် တည်တံ့သော လုပ်ငန်းများ ဆောင်ရွက်မှုတာဝန်ခံ ဦးမင်းသူကပြော ကြားသည်။

မီးစက်သံ ဆူပူမှုကို တားဆီးနိုင်ရန် လယ်ကွင်းနှင့် မြေလွတ်မြေရိုင်းများတွင် တာဝါတည်ဆောက်ခွင့်ရရှိရန် အရေးပါပြီး လက်ရှိ၌ တာဝါတိုင်အားလုံး၏ ၅ ရာခိုင်နှုန်းသာ လယ်ကွင်းများနှင့် မြေလွတ်မြေရိုင်းများတွင် တည်ဆောက်ခွင့်ရရှိသဖြင့် အစိုးရ အနေဖြင့် အကူအညီထပ်မံပေးအပ်သင့်ကြောင်း အဲရစ်တဲလ်မန်းက ပြောသည်။

‘‘ဆိုလာစနစ်တွေနဲ့ ရောသုံး နေရပါတယ်’’ ဟု ၎င်းကပြော သည်။

လျှပ်စစ်မီးမရရှိသည့် ဒေသ များတွင် တာဝါတိုင်များအတွက် လိုအပ်သောစွမ်းအင်ကို မီးစက် ဖြင့် အော်ပရေတာများက အစားထိုးအသုံးပြုသော်လည်း အချို့ဒေသများ၌ မီးစက်သံ ဆူညံမှုကြောင့် တာဝါတိုင်တည်ဆောက်မှုကို ကန့်ကွက်မှုများ  ရှိခဲ့သည်။

‘‘၂၀၁၆ လောက်က ဒေသ တချို့မှာ မီးစက်တွေက ဆူညံသံ ထွက်တယ်ဆိုပြီးတော့ ကန့်ကွက် မှုတွေရှိခဲ့ဖူးတယ်။ အခုတပ်ဆင် ထားတဲ့ အင်ဂျင်တွေက ဆူညံသံကို အတိုးဆုံးအဆင့်မှာ ရှိပါတယ်။ အခုတော့ ဒေသခံတွေကြားမှာ အဆင်ပြေလာတဲ့ သဘောရှိတယ်’’ဟု အမည်မဖော်လိုသော ဆက်သွယ်ရေးတာဝါ တည်ဆောက်သူ တစ်ဦးက ပြောသည်။

ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မှုကို ကယားပြည်နယ်က အများဆုံးကန့်ကွက်ပြီး ပြည်နယ်ရှိ တာဝါတိုင်အားလုံး၏ ၂၀ ရာခိုင်နှုန်းသည် ၂၀၁၇ အ တွင်း ရပ်တန့်ခဲ့ရသည်။

‘‘အခုတော့ ကယားပြည် နယ်အစိုးရကလည်း ကူညီတဲ့အ တွက် တာဝါတွေပြန်လည် လည် ပတ်နေတာ ရှိပါတယ်’’ဟု တယ် လီနောမှ ပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။

‘‘ရခိုင်အရေးဖြစ်တုန်းက အဲဒီဒေသမှာရှိတဲ့ မီးစက်တွေဆီ ကို ဆီသွားပြီးမဖြည့်နိုင်တဲ့အ တွက် တာဝါတိုင် ၁၃ တိုင်ရပ် သွားပါတယ်။ အခုတော့ ပြန်လည် ပတ်လို့ရနေပါပြီ’’ဟု ၎င်းကပြော သည်။

ဆက်သွယ်ရေးတာဝါတိုင် တည် ဆောက်မှုကို ကျန်းမာရေးအ ကြောင်းပြချက်ဖြင့်သော်လည်း ကောင်း၊ မီးစက်သံဆူညံမှုအကြောင်း ပြချက်ဖြင့်သော်လည်း ကောင်း၊  မြေငှားရမ်းမှုစီးပွားရေး ကို ဒေသနေသူအချင်းချင်း မကျေနပ်မှုကြောင့်သော်လည်းကောင်း ကန့်ကွက်ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဆက်သွယ် ရေးတာဝါတိုင်များအတွက် လိုအပ် သော လျှပ်စစ်ပမာဏကို ဖြည့်ဆည်းပေးနိုင်ပါက ကုန်ကျစရိတ် လျော့ကျလာမည်ဟု အဲရစ်တဲလ် မန်းကပြောသည်။ ဆက်သွယ် ရေးတာဝါလည်ပတ်မှုနှင့် ကန့် ကွက်မှုကြောင့် တာဝါတိုင်များ ရပ်တန့်ခဲ့ရသည်နှင့်ပတ်သက်၍ အခြား အော်ပရေတာနှစ်ခုက ထုတ်ပြန်ခြင်း မရှိပေ။

ဆက်သွယ်ရေးတာဝါတည် ဆောက်ရန် မြေနေရာအခက်အခဲ နှင့်ပတ်သက်၍ ၀န်ကြီးဌာနများ အကြား ညှိနှိုင်းနေပြီး မြေနေရာငှားရမ်းပေးနိုင်ခြင်းရှိမရှိ ၀န်ကြီး ဌာနများကအကြောင်း ပြန်ကြားပေးလေ့ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောသည်။

‘‘လယ်ယာမြေဆိုတဲ့နေရာ မှာတော့ တခြားနည်းနဲ့ အသုံးချ ခွင့်ရှိ၊ မရှိ ဆိုတာတွေကလည်း ရှိသေးတယ်။ ဆက်သွယ်ရေးညွှန် ကြားမှုအနေနဲ့ကတော့ ကန့်သတ် ထားတာ မရှိဘူး။ သူတို့(အော်ပ ရေတာ)အနေနဲ့ မြို့နယ်မှူး၊ ကျေး ရွာအုပ်ချုပ်ရေးမှူး၊ စည်ပင်တို့လိုမျိုးနဲ့ ဆက်ညှိရာတွေတော့ ရှိ မှာပါ’’ ဟု ၎င်းကပြောသည်။