ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး(ယာယီ)နှင့်တွေ့ဆုံခြင်း

‘‘မကြာသေးမီက UN ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုအကူအညီပေးရေးမူဘောင်တစ်ခုကို ကျွန်တော်တို့တင်ပြခဲ့ပြီးဖြစ်ပါတယ်’’
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ဓာတ်ပုံရှေ့တွင် မြန်မာဝတ်စုံဖြင့် မြင်တွေ့ရသည့် Knut Ostby (ဓာတ်ပုံ-နစ်ကီ)

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ စတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်မှာပင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ ကုလ၏ ပထမဆုံးရုံးကို မြန်မာနိုင်ငံ၌ ၁၉၅၇ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခင်စစ်အစိုးရလက်ထက်၌ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု  အကူအညီကိုသာ အကန့်အသတ်ဖြင့်ပေးပြီး ဖွံ့ဖြိုးမှုအကူအညီများ မပေးခဲ့ရာမှ ၂၀၁၂ ကစ၍အကူအညီများကိုပိုမိုပေးအပ်လာသည်။ ပိတ်ဆို့မှုများဖယ်ရှားပြီးနောက် ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများ ပိုမိုဝင်ရောက်လာပြီး အကူအညီများ အရှိန်မြှင့်ပေးခဲ့သည်။ လက်ရှိကာလတွင် ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီ ၁၆ ခုက ပြည်တွင်းနှင့် နိုင်ငံတကာဝန်ထမ်း ၂,၄၀၀ ကျော်ဖြင့်မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထောက် ပံ့ခြင်း၊ ကလေးသူငယ်ဆိုင်ရာကာ ကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းနှင့် အများပြည်သူစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်ပံ့ပိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်နေသည်။ ထို့အပြင် ကုလအဖွဲ့က မြန်မာနိုင်ငံတွင် စီးပွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စသည့်  ကဏ္ဍများတွင်လည်း ပံ့ပိုးဆောင်ရွက်နေသည်။

 ကုလအဖွဲ့က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှုအခြေအနေများ၊ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး စသည့်ကဏ္ဍများနှင့် မြန်မာနိုင်ငံအပေါ် မူဝါဒများကို သိရှိနိုင်ရန် 7Day News က ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ဌာနေကိုယ်စားလှယ် (ယာယီ) ခနုသ်အာစဘီ (Knut Ostby) အား ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရုံးတွင် သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပထမဆုံးအနေနဲ့ကုလသမဂ္ဂအဖွဲ့ ကြီးဟာ မြန်မာနိုင်ငံမှာ ဘယ်လိုအ ကူအညီ၊ အထောက်အပံ့မျိုးတွေ ပေးနေတယ်ဆိုတာကို အကျဉ်းချုပ်ပြောပြပေးနိုင်မလား။

ကျွန်တော်တို့ရဲ့ဝန်ထမ်းစုစု ပေါင်း ၂,၄၀၀ ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်နယ်နဲ့တိုင်းအားလုံးမှာ ရှိတဲ့ ရုံးပေါင်း ၆၀ ကျော်မှာ တာ ဝန်ထမ်းဆောင်နေပါတယ်။ အဲဒီ ဝန်ထမ်းတွေထဲမှာ အများစုက မြန်မာဝန်ထမ်းတွေပါ။ ကျွန်တော် တို့လုပ်ဆောင်နေတဲ့ လုပ်ငန်းနယ် ပယ်တွေကတော့ အလုပ်အကိုင် ဖန်တီးရေး၊ ပညာရေးအစီအစဉ် တွေကနေစလို့ အသက်ကယ်တင် ရေးအတွက် အကူအညီအ ထောက်အပံ့တွေပေးတာအထိ နယ်ပယ်အများအပြားမှာ ဆောင် ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေအားလုံးကို မြန်မာ နိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့ ပူး ပေါင်းဆောင်ရွက်တာဖြစ်ပြီး မြန် မာပြည်သူတွေရဲ့လိုအပ်ချက်တွေ ကို တုံ့ပြန်ဖြည့်ဆည်းပေးဖို့ ရည် ရွယ်လုပ်ဆောင်တဲ့ အစီအစဉ်တွေ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ဘယ်လောက်အထိအောင်မြင်တယ်ဆိုတာကို တိုင်း တာတဲ့အခါ မြန်မာနိုင်ငံဟာ အမျိုး သားအဆင့်နဲ့ နိုင်ငံတကာအဆင့် ပန်းတိုင်တွေ၊ ဥပမာ စဉ်ဆက်မ ပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် တွေ ပြည့်မီရေးဆောင်ရွက်ရာမှာ  ဘယ်လောက်အထိ တိုးတက်မှု ရရှိလာတယ်ဆိုတာနဲ့ တိုင်းတာ တာပါ။ ကျွန်တော်တို့ရဲ့ ကုလ သမဂ္ဂအဖွဲ့အနေနဲ့ မြန်မာပြည်သူ  တွေအတွက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဟာ ၁၉၅၇မှာပထမဆုံး ကုလသမဂ္ဂရုံးကို စတင် ဖွင့်လှစ်ခဲ့စဉ်ကတည်းက ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရတက်လာပြီး နောက်ပိုင်းမှာ UN က အကူအညီ တွေ ပိုပေးလာတာကို ကျွန်တော် တို့သတိပြုမိပါတယ်။ ဒီအစိုးရနဲ့ အရင်အစိုးရကြား အကူအညီပေး တဲ့နေရာမှာ ဘာတွေကွာခြားချက် ရှိပါသလဲ။

၂၀၁၂ အထိက UN အနေနဲ့ အကန့်အသတ်နဲ့သာ လူသားချင်း စာနာထောက်ထားမှုအကူအညီ တွေကိုပဲ အဓိကထားပြီး ပေးနိုင် ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီးတဲ့ နောက်မှာ UN ဟာ နယ်ပယ်အ သစ်တွေမှာ ကူညီပံ့ပိုးမှုတွေ တိုး ချဲ့ပေးခဲ့ပါတယ်။ ဥပမာ အဖွဲ့အ စည်းတွေကို စွမ်းရည်မြှင့်တင်ပေး တာမျိုးပါ။ အဲဒီလိုဖွံ့ဖြိုးမှုလုပ်ငန်း တွေကို တိုးမြှင့်လုပ်ဆောင်လာတဲ့ အတွက် UN ရဲ့ဘတ်ဂျက်ဟာ ၂၀၁၆ မှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိဖြစ်လာပြီး သုံးဆ နီးပါး တိုးလာတာဖြစ်ပါတယ်။ အဲဒီလို မြန်မာနိုင်ငံအပေါ် အလှူ ရှင်တွေရဲ့ စိတ်ဝင်စားမှုတွေ တိုး ပွားလာခဲ့ပြီးတဲ့နောက်ပိုင်း အခုအ ချိန်မှာတော့ မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးနေတဲ့အကူအညီတွေဟာ အပြောင်းအလဲသိပ်မရှိဘဲ တန့် နေတာကို တွေ့ရပါတယ်။

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အခုအစိုးရနဲ့ အရင်အစိုး ရ ဘယ်အစိုးရက ပိုအဆင်ပြေ တယ်လို့ ထင်ပါသလဲ။ လူကြီးမင်း ရဲ့အမြင်ကို သိပါရစေ။

ကျွန်တော်တို့အနေနဲ့ အရင် အစိုးရနဲ့ရော လက်ရှိအစိုးရနဲ့ပါ အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ပြုလုပ်နေပါတယ်။ ကျွန် တော်တို့ကို ပေးအပ်လာတဲ့ အခွင့် အလမ်းတွေအပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ ဥပမာ မနှစ် က နိုဝင်ဘာနဲ့ ဒီဇင်ဘာတွေမှာ အစိုးရကနေပြီး ကလေး ၁၃ ဒသမ ၅ သန်းကို ဂျပန်ဦးနှောက် ရောင်ရောဂါကာကွယ်ဆေးထိုး ပေးတဲ့အစီအစဉ်မှာ ကျွန်တော်တို့ ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။ အဲဒီ ကာကွယ်ဆေးထိုးစီမံချက်ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်ဖူးသမျှ အကြီးမားဆုံး ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ချက်တွေထဲက တစ်ခု ပါ။ ပြည်နယ်တိုင်း၊ တိုင်းဒေသကြီး တိုင်းမှာ ဆောင်ရွက်ခဲ့တာပါ။ အဲဒါ ဟာ စစ်မှန်တဲ့ မိတ်ဖက်ပြုပူးပေါင်း မှုနဲ့ အသင်းအဖွဲ့အလိုက် ဆောင် ရွက်မှုရဲ့သာဓကတစ်ခုပဲ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံးကို အကျိုးပြုမယ့် အဲဒီလိုစီမံချက်မျိုး တွေ ထပ်မံဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ကူညီပေးဖို့ အဆင် သင့်ပါပဲ။

အားလုံးသိကြတဲ့အတိုင်း မြန်မာ နိုင်ငံဟာ အကူးအပြောင်းကာလမှာ ရှိနေဆဲဖြစ်ပြီး စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်နေရပါတယ်။ ဒါအပြင် တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကလည်း သိပ်မကောင်းပါဘူး။ UN ရဲ့အတွေ့အကြုံတွေအရ ဒီတိုင်းပြည်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာဖြစ်နိုင်မလဲဆိုတာ ပြောပြပေးပါဦး။

ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ ကူးပြောင်းမှု၊ တပ်မတော်အုပ်ချုပ် ရေးမှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှု၊ တံခါးပိတ်စီးပွားရေးကနေ တံခါး ဖွင့်စီးပွားရေးစနစ်ဆီသို့ ကူး ပြောင်းမှု။ ကျွန်တော်တို့ဟာ ဒီကူး ပြောင်းမှုသုံးခုစလုံးကို အာရုံစိုက် ပြီး ဆက်လုပ်သွားရမှာပဲ ဖြစ်ပါ တယ်။ အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေးဆောင် ရွက်နေတာဟာ လျော်ကန်သင့်မြတ်လှပါတယ်။ နိုင်ငံမှာ ပဋိပက္ခဖြစ်ပွားနေတာဟာ နှစ်ပေါင်း ၇၀ ရှိခဲ့ပါပြီ။ ဒါဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို နည်းလမ်းအမျိုးမျိုးနဲ့  ပိတ်ပင်တားဆီးနေတဲ့ အဟန့်အ တားတစ်ခုဖြစ်ပါတယ်။ ဒီအဟန့် အတားကို ကျော်လွှားဖို့ အရေးတ ကြီး လိုအပ်နေပါတယ်။ ပဋိပက္ခကနေ ငြိမ်းချမ်းရေးကို ကူးပြောင်းဖို့ အရေးတကြီး လိုအပ်နေပါပြီ။

ဒီမိုကရေစီကူးပြောင်းမှုမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ အရေး ကြီးတဲ့ သမိုင်းမှတ်တိုင်ပဲ ဖြစ်ပါ တယ်။ ၂၀၂၀ ရွေးကောက်ပွဲတွေ ကတော့ ဒီမိုကရေစီစနစ်ပိုမိုခိုင်မာ အားကောင်းရေးအတွက် အဓိက ကျတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာပါ လိမ့်မယ်။ ဒါပေမဲ့ အစိုးရအဖွဲ့တစ် ရပ်လုံးမှာ ဒီမိုကရေစီရဲ့ အခြေခံမူ တွေကို လက်တွေ့ကျင့်သုံးနိုင်ဖို့ လုပ်ဆောင်ရမယ့်အရာတွေ အ များကြီးရှိနေသေးပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးအ သွင်ကူးပြောင်းမှုမှာ အောင်မြင်မှု တွေ အများအပြားရရှိထားပါ တယ်။ စီးပွားရေးအသွင်ကူး ပြောင်းမှုကြောင့် နှစ်အနည်းငယ် အတွင်းမှာ ကြီးမားတဲ့ စီးပွားရေး တိုးတက်မှုတွေရရှိဖို့ အထောက် အကူဖြစ်ခဲ့ပါတယ်။ ရလဒ် ကောင်းတစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဆင်းရဲမှု သတ်မှတ်ချက်မျဉ်းရဲ့အောက်ကို နိုင်ငံ့လူဦးရေရဲ့ ၄၈ ဒသမ ၁ ရာခိုင်နှုန်းကနေ ၃၂ ဒသမ ၁ ရာခိုင်နှုန်း အထိ လျော့ကျသွားတာကို မြင် တွေ့ရမှာဖြစ်ပါတယ်။

ဒါတွေကို ကြည့်ရင် နိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပြီဆိုတာ သိနိုင်ပါ တယ်။ ဒါပေမဲ့လည်း လုပ်စရာတွေ ကတော့ အများကြီးကျန်နေပါ သေးတယ်။ အသွင်ကူးပြောင်းမှု တွေဟာ ပြီးဆုံးခြင်း မရှိသေးပါ ဘူး။ အသွင်ကူးပြောင်းမှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ လိုအပ် သလို တစ်ပြိုင်နက်တည်း ဆောင် ရွက်သွားဖို့ လိုအပ်ပါတယ်။ ကူး ပြောင်းမှုသုံးခုစလုံးကို အတူတကွ လုပ်ဆောင်မှသာလျှင် အောင်မြင် မှုတွေရနိုင်မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အစိုးရ အနေနဲ့ အလေးထားဆောင်ရွက် ဖို့ လိုတဲ့ ရခိုင်ပြည်နယ်အကျပ်အ တည်းကလည်း ရှိနေပါတယ်။ ဒီ အကျပ်အတည်းကို ဖြေရှင်းနိုင် မယ့် နည်းလမ်းတွေ ရရှိဖို့အတွက် အစိုးရဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြု ချက်တွေကို အသိအမှတ်ပြုအ ကောင်အထည်ဖော်နေပါတယ်။ အဲဒီအကြံပေးချက်တွေအကုန်လုံး   ကို အကောင်အထည်ဖော်နိုင် အောင် ကူညီပံ့ပိုးပေးဖို့အတွက် UN က အမြဲအဆင်သင့်ရှိနေပါ တယ်။ အစိုးရအနေနဲ့ လတ်တ လော တုံ့ပြန်ဆောင်ရွက်ပေးရမယ့် အရာတွေကတော့ ပြည်သူတွေ အားလုံးရဲ့ ဘေးကင်းရေးနဲ့ လုံခြုံ ရေး၊ လူသားချင်းစာနာထောက် ထားမှုလုပ်ဆောင်သူတွေကို ဝင် ရောက်လုပ်ကိုင်ဆောင်ရွက်ခွင့်ပြု ရေးနဲ့ ကုလသမဂ္ဂအထွေထွေ အ တွင်းရေးမှူးချုပ်က အလေးထား ပြောကြားခဲ့တဲ့အတိုင်း နေရပ်စွန့် ခွာသူတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက် ရေးတို့ပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာနိုင် ငံဟာ ဆိုင်ကလုန်းနဲ့ ရေကြီးရေလျှံ မှုတွေကစလို့ မြေငလျင်အထိ သဘာဝဘေးအမျိုးမျိုးကျရောက် နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ သဘာဝ ဘေးတွေ ကျရောက်လာရင် နိုင်ငံ အနေနဲ့ တုံ့ပြန်ဆောင်ရွက်ပေးနိုင် ရေး အဆင်သင့်ဖြစ်နေဖို့ လိုပါ တယ်။ အစိုးရရဲ့တုံ့ပြန်ဆောင် ရွက်ပေးရေးစနစ်တွေ လုံလောက် အားကောင်းအောင် လုပ်ဆောင် တဲ့နေရာမှာ ကျွန်တော်တို့တွေ ကူညီပံ့ပိုးပေးနေတယ်ဆိုတာကို လည်း ဝမ်းမြောက်ဝမ်းသာအသိ ပေးပြောကြားလိုပါတယ်။ ဥပမာ ဖေဖော်ဝါရီက နေပြည်တော်မှာ ကျွန်တော်တို့ဟာ မြေငလျင်နဲ့ ပတ်သက်လို့ သဏ္ဌာန်တူလေ့ကျင့် မှုတစ်ခုကို အစိုးရနဲ့အတူ ပူးပေါင်း ပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။

ရခိုင်အရေးကိစ္စဖြစ်ပြီးမှ လူကြီး မင်းက မြန်မာနိုင်ငံကို ရောက်လာ တာဖြစ်တဲ့အတွက် အဓိကစိန်ခေါ် မှုတွေက ဘာတွေဖြစ်မလဲ။ လူကြီးမင်းရဲ့အတွေ့အကြုံတချို့ကို မျှ ဝေပေးနိုင်ပါ့မလား။ လူကြီးမင်း ဒီမှာလုပ်ကိုင်ရတာ အဆင်ပြေပါရဲ့လား။

ကုလသမဂ္ဂအဖွဲ့ကြီးဟာ အ ဖွဲ့ဝင်နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံဟာ ၁၉၄၈ ကစလို့ ကုသမဂ္ဂ အဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့ တဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲက တစ်နိုင် ငံဖြစ်ပါတယ်။ ကနေ့ UN ဆိုတာဖြစ်လာဖို့ ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ပါဝင်ကူညီခဲ့တဲ့ အ ကောင်းဆုံး ကုလသမဂ္ဂအထွေ ထွေ အတွင်းရေးမှူးချုပ်တွေထဲက တစ်ဦးဖြစ်တဲ့ ဦးသန့်ကိုလည်း မြန်မာနိုင်ငံက ကျွန်တော်တို့အ တွက် ပေးအပ်ခဲ့ဖူးပါတယ်။ မြန် မာနိုင်ငံဟာ UN ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်သလို UN ဟာလည်း မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ပါ။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် ဆောင်နေကြတာပါ။ မြန်မာနိုင်ငံ ရဲ့စိန်ခေါ်မှုတွေဟာ ကျွန်တော်တို့ ရဲ့ စိန်ခေါ်မှုတွေပါပဲ။ ကျွန်တော် တို့ရဲ့ စိတ်ထဲမှာ ကူးပြောင်းမှုသုံးခု စလုံးအတွက် အမြဲပဲ ထည့်သွင်း စဉ်းစားပေးနေတာပါ။ မကြာသေး မီက UN ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှု  အကူအညီပေးရေးမူ ဘောင်တစ်ခုကို ကျွန်တော်တို့ အစိုးရထံ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမူဘောင်ဟာ မြန်မာနိုင်ငံက သဘောတူထောက်ခံခဲ့တဲ့ စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေကို အခြေခံထားပါ တယ်။ ကျွန်တော်တို့ဟာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ  တုံ့ပြန်ဆောင်ရွက်ပေးရေးအစီအ စဉ်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့တာ မကြာသေးပါဘူး။ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အ ကြံပြုချက်တွေကို အကောင်အ ထည်ဖော်တဲ့နေရာမှာလည်း ကျွန် တော်တို့ ကူညီပံ့ပိုးနေပါတယ်။ အဲဒီလိုလုပ်ငန်းတွေကို လုပ် ဆောင်နေတာဟာ မြန်မာပြည်သူ တွေ၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းတွေနဲ့ အစိုးရက ကြိုးပမ်း လုပ်ဆောင်နေတဲ့ နိုင်ငံ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှာ ပါဝင်ကူညီပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရင် ဆိုင်နေရတဲ့ ပြဿနာတွေအားလုံး ကို တစ်ပြိုင်နက်တည်းဖြေရှင်းဖို့  ဆိုတာက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကလည်း နည်းနည်း နောနောမဟုတ်ပါဘူး။ အသွင် ကူးပြောင်းမှုသုံးမျိုး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိန် ခေါ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေ ရှိနေပါ တယ်။ တစ်ခုကို ခဏထားပြီး နောက်တစ်ခုကို အရင်အာရုံစိုက် ပြီး လုပ်မယ်ဆိုတာမျိုးလည်း လုပ် လို့မရပါဘူး။

ဒီမှာ အလုပ်လုပ်ခဲ့ဖူးကြတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ကောင်းမွန်တဲ့ အမှတ်တရတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ကြတဲ့အတွက် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ခွင့်ရရေးဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ရှိခဲ့တဲ့ အိပ်မက်တစ်ခုပါ။ မြန်မာနိုင်ငံဟာ အလားအလာကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံလို့ ကျွန်တော် အစဉ်အမြဲ ယုံကြည်ယူဆခဲ့ပါတယ်။ ဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ  ရှာဖွေတဲ့ နေရာမှာ ပါဝင်ခွင့်ရတဲ့ အတွက်၊ ဒီနိုင်ငံမှာ ရှိနေတဲ့ ကြီးမားတဲ့အခွင့်အလမ်းတွေကို အသုံးချနိုင်ဖို့ ကူညီပေးခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။

UN က ရခိုင်ပြည်နယ်ကို အကူအ ညီတွေပေးအပ်ရာမှာ ဘင်္ဂါလီလူ မျိုး၊ မွတ်စလင်အသိုင်းအဝိုင်းကို ပဲ ပေးတယ်။ ရခိုင်တွေအတွက် မပါဘူးလို့ တချို့ပြည်သူတွေက ယူဆကြပါတယ်။

တစ်ကမ္ဘာလုံးမှာ UN ဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံ သားဖြစ်မှု၊ မဖြစ်မှု ဒါမှမဟုတ် တခြား ဘယ်သတ်မှတ်ချက်မှ မထားဘဲ အလိုအပ်ဆုံးလူတွေကို ဦးစားပေးဆောင်ရွက်နေတယ်ဆို တဲ့ အချက်ကို နားလည်သိရှိဖို့ အ ရမ်းအရေးကြီးပါတယ်။ ရခိုင်ကိစ္စ မှာဆိုရင်လည်း UN ဟာ တောင် ပိုင်းရော၊ အလယ်ပိုင်းရော မြောက်ပိုင်းမှာပါ ပြည်နယ်တစ်ခုလုံးအတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက တချို့ နေရာတွေမှာ UN ကို သွားရောက် ခွင့်မပြုဘဲ ကန့်သတ်ထားပါတယ်။  ကန့်သတ်ထားတဲ့ နေရာအများစု က ပြည်နယ်မြောက်ပိုင်းက နေရာ ဒေသတွေဖြစ်ပါတယ်။ ဥပမာ ရခိုင်ပြည်နယ်အလယ်ပိုင်းမှာဆိုရင် လူ မှုအသိုင်းအဝိုင်းတွေအားလုံးအ တွက် ကျန်းမာရေးဝန်ဆောင်မှု တွေ ပေးနိုင်ဖို့ စစ်တွေဆေးရုံကို အသစ်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးနေ ပါတယ်။ ပြည်နယ်တောင်ပိုင်းမှာ ဆိုရင်လည်း လူမှုအသိုင်းအဝိုင်း တွေအားလုံးအတွက် ဖွံ့ဖြိုးမှုအစီ အစဉ်တွေကို ဆောင်ရွက်ပေးနေ ပါတယ်။

နေရပ်စွန့်ခွာရွှေ့ပြောင်းနေ ထိုင်ကြသူတွေကိုလည်း UN က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပါတယ်။ ရခိုင် ပြည်နယ်အလယ်ပိုင်းမှာဆိုရင် အစိုးရက ဖွင့်လှစ်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေ ထိုင်နေတဲ့ နေရပ်စွန့်ခွာလာသူ အများစုဟာ မွတ်စလင်တွေဖြစ်ပါ တယ်။ အစိုးရက ကျွန်တော်တို့ကို တောင်းဆိုခဲ့တာကြောင့် အဲဒီလူ တွေအတွက် စားနပ်ရိက္ခာ၊ ဆေး ကုသစောင့်ရှောက်မှုနဲ့ တခြား အကူအညီတွေကို ကျွန်တော်တို့ ပေးနေတာဖြစ်ပါတယ်။

တချို့ဒေသခံတွေက ရခိုင်ပြည် နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်မှာ INGO တွေ၊ NGO တွေ ပါဝင်ပတ်သက်နေတယ်လို့ ယုံ ကြည်ယူဆထားကြပါတယ်။ အဲဒီ အပေါ် လူကြီးမင်းရဲ့အမြင်ကို လည်း သိပါရစေ။

အဲဒီလို ကောလာဟလတွေ ဖြန့်နေတာနဲ့ပတ်သက်ပြီး သတိ ထားဖို့ ကျွန်တော်ပြောချင်ပါတယ်။  ဖွံ့ဖြိုးမှုအဖွဲ့အစည်းတွေနဲ့ လူသား ချင်း စာနာထောက်ထားမှုအဖွဲ့အ စည်းတွေအတွက် အလုပ်လုပ်ပေး နေတဲ့လူတွေအများကြီးနဲ့ ကျွန် တော်တွေ့ဖူး၊ ဆုံဖူးပါတယ်။ သူ တို့ဟာ သူတို့အလုပ်ကို နှစ်မြှုပ် အားထုတ်ပြီး ကြိုးစားလုပ်နေတဲ့ ကျွမ်းကျင်အတတ်ပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းလုပ်အားပေး တွေပါ။ သူတို့တွေဟာ  မြန်မာနိုင်ငံ အတွက် အကောင်းဆုံးဖြစ်မယ့် အရာတွေကိုပဲ လိုလားကြတဲ့သူ တွေပါ။

ဒါပေမဲ့လည်း ရခိုင်ပြည်နယ် မှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေ အများကြီးဖြစ်ပေါ်ခဲ့တယ်ဆို တာ ထင်ရှားပါတယ်။ မေးစရာ မေးခွန်းတွေနဲ့ မျက်မြင်သက်သေ  တွေရဲ့ထွက်ဆိုချက်တွေ အများ အပြားရှိနေပါတယ်။ ပြစ်မှုကျူး လွန်သူတွေဟာ  ဘယ်လိုလူတွေပဲ ဖြစ်ပါစေ သူတို့ကျူးလွန်ခဲ့တာ တွေအတွက် တာဝန်ခံလာအောင်  လုပ်ဆောင်ရပါမယ်။ ဒါကြောင့် စွပ်စွဲချက်တွေအားလုံးကို ပြန် လည်သုံးသပ်စိစစ်နိုင်ဖို့အတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှုနဲ့ အဖြစ်မှန်ဖော်ထုတ်ရေး မစ်ရှင်တစ်ခုကို ဆောင်ရွက်ဖို့ UN  က တိုက်တွန်းနေတာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရခိုင်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်း တာနဲ့ ပတ်သက်ပြီး အစိုးရကို အ ပြစ်တင်ကြပါတယ်။ တချို့ဆိုရင် ပိတ်ဆို့မှုတွေကိုပါ လုပ်လာပါ တယ်။ တချို့ကလည်း မြန်မာအစိုး ရအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ ပြင် ဆင်နေကြပါတယ်။ ရခိုင်အရေး ကိစ္စကြောင့် မြန်မာနိုင်ငံနဲ့သက် ဆိုင်တဲ့ UN ရဲ့ မူဝါဒပြောင်းလဲ သွားမယ်လို့ ထင်ပါသလား။

ရခိုင်အကျပ်အတည်းမှာ ဖြစ် ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် UN အနေနဲ့ စိုးရိမ်ပူပန်မှုတွေ အ များကြီးရှိခဲ့ပြီး UN ကနေ အစိုးရ ကို ပြင်းထန်တဲ့ သတိပေးမှု ဒါမှ မဟုတ် ဝေဖန်မှုတချို့ ပြုလုပ်ခဲ့ပါ တယ်။ ဒါပေမဲ့ ဒါဟာ ကောင်းမွန် တဲ့ အပြောင်းအလဲတွေ ဖြစ်လာ စေဖို့အတွက် စိတ်ရင်းစေတနာမှန်  နဲ့ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံကို အကူအညီပေးဖို့ UN က အလွန်ပဲ အလေးအနက်ထားပါတယ်။ မြန် မာနိုင်ငံမှာ UN ရောက်ရှိနေတာ ဟာ ၆၁ နှစ်ရှိပါပြီ။ နောက်ထပ် နှစ်တွေအများကြီးထပ်ပြီး ရှိနေဖို့ လည်း အစီအစဉ်ရှိပါတယ်။

သြဂုတ် ၂၅ ရက်နေ့က ရဲ ကင်းတွေကို မနှစ်မြို့ဖွယ် တိုက် ခိုက်မှုအပေါ် UN က ပြင်းပြင်းထန် ထန်ရှုတ်ချပါတယ်။ လူပေါင်း ၇၀၀,၀၀၀ လောက် နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးစေတဲ့ မွတ်စ လင်အများစုအပေါ် အချိုးအစား လိုက်လျောညီထွေမှုမရှိတဲ့ တုံ့ပြန် မှုကိုလည်း ကျွန်တော်တို့ဝေဖန်ချင် ပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ် ချက်က ဒီတိုင်းပြည်ကို ဆက်လက် ကူညီပံ့ပိုးပေးသွားဖို့ပါ။ ကျွန်တော် တို့အနေနဲ့ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ် အကူအညီလိုတဲ့သူ ဘယ်သူ့ကိုမ ဆို ဒီထက်ပိုပြီး ကူညီပံ့ပိုးပေးသွား ဖို့ အသင့်ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဒီမိုကရေစီကူး ပြောင်းမှု၊ နိုင်ငံအဆင့် အဖွဲ့အ စည်းတွေရဲ့ စွမ်းဆောင်ရည်မြှင့် တင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူသား ချင်းစာနာထောက်ထားမှုနဲ့ လူ့အ ခွင့်အရေးတွေ အပါအဝင် UN က ကျွမ်းကျင်တဲ့ နယ်ပယ်တွေအား လုံးမှာ ကူညီပံ့ပိုးပေးသွားဖို့ ကျွန် တော်တို့ဘက်က အဆင်သင့်ပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အရေးပေါ်အခြေအနေဖြစ်ပေါ်တဲ့ နေရာတွေကို ဝင်ရောက်ခွင့်ရဖို့ လိုအပ်ပါတယ်။ သြဂုတ်လတိုက် ခိုက်မှုတွေပြီးကတည်းက ရခိုင် ပြည်နယ်မြောက်ပိုင်းကို ကျွန်တော် တို့ သုံးလကြာအောင် ဝင်ရောက် ပံ့ပိုးခွင့်မရခဲ့ပါဘူး။ နိုဝင်ဘာကျမှ WFP က ကန့်သတ်ချက်နဲ့ ဝင် ရောက်ပံ့ပိုးခွင့်ရခဲ့တာပါ။ WFPက ဖေဖော်ဝါရီမှာ လူပေါင်း ၄၉,၀၀၀ ကို စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးခဲ့ပါတယ်။ မတ်လမှာတော့  လူပေါင်း ၆၆,၀၀၀ ကို စားနပ်ရိက္ခာထောက်ပံ့ဖို့ ရည်မှန်းထားပါတယ်။ တခြားအဖွဲ့အစည်းတွေကတော့ ဝင်ရောက်ခွင့်မရကြသေးပါဘူး။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်မောင်တောခရိုင်အတွင်းက လူတွေဟာ စားနပ်ရိက္ခာ၊ ရေ နဲ့ တခြားအခြေခံပစ္စည်းတွေ မရရှိကြပါဘူး။

လူသားချင်းစာနာထောက် ထားမှုနဲ့ဖွံ့ဖြိုးမှုအကူအညီတွေ ရရှိ ဖို့အတွက် ကျွန်တော်တို့ဟာ စဉ် ဆက်မပြတ် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပါတယ်။ သာဓက တစ်ခုအနေနဲ့ တင်ပြရရင် ရခိုင် ပြည်နယ်တစ်ခုလုံးမှာ ဖွံ့ဖြိုးမှုနဲ့ လူသားချင်းစာနာမှုအကူအညီအ ဖြစ်နဲ့ ဝန်ဆောင်မှုအသစ်တွေ၊ ပံ့ပိုးကူညီမှုအသစ်တွေ ဆောင်ရွက် ပေးဖို့အတွက် ဂျပန်အစိုးရနဲ့ သဘောတူညီချက်အသစ်တစ်ခု ကို လက်မှတ်ရေးထိုးခဲ့တာ မကြာ သေးပါဘူး။

အခု လောလောဆယ်မှာ လည်း နေရပ်စွန့်ခွာသူတွေကို ပြန် လည်လက်ခံရေးအတွက် အစိုးရ ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ပါဝင်ကူညီပေးဖို့ ကျွန်တော်တို့တွေ ဆွေးနွေးနေပါတယ်။ အစိုးရနဲ့ အဲဒီလိုပူးပေါင်းဆောင်ရွက်တဲ့ နေ ရာမှာ ဒုက္ခသည်တွေရဲ့ သဘော ဆန္ဒအလျောက် ဘေးကင်းလုံခြုံ စွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် ရေးအတွက်သာမက အနာဂတ်မှာ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်း အားလုံး အတူတကွယှဉ်တွဲနေ ထိုင်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင် ပြည်နယ်ကြီးဖြစ်ဖို့အတွက်လည်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန် တော်တို့ရဲ့ရည်ရွယ်ချက်က ပြည် နယ်တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက် စေဖို့ပဲ ဖြစ်ပါတယ်။

(ရှေ့တစ်ပတ် ဆက်လက်ဖော်ပြပါမည်)