နွေတွင် သတိပြုရမည့် ကျန်းမာရေးပြဿနာများ

အစားအသောက်များ ပြုလုပ်ရာတွင် လက်နှင့်တိုက်ရိုက်မထိတွေ့ရန် အရေးကြီးသည်။ (ဓာတ်ပုံ-ကျော်ဇင်သန်း)

ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ အစားအစာနှင့် ရေမသန့်ရှင်းမှုကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို နှစ်စဉ်လိုလို ကြုံတွေ့လာရသည်။

အစားအစာနှင့် ရေမသန့်ရှင်း မှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ် ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အသည်းရောင်အသားဝါ A ပိုးကူးစက်ခြင်းနှင့် အူရောင်ငန်းဖျား (တိုက် ဖွိုက်)ဖြစ်ခြင်းတို့ အဖြစ်များပြီး မကြာခဏကြုံတွေ့နိုင်ပေသည်။ ယင်းရောဂါများ၏ ကူးစက်ပုံနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများ ဖော်ပြလိုက်ပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ

မြန်မာနိုင်ငံတွင် ရာသီမရွေးဖြစ် ပွားလေ့ရှိပြီး မသန့်ရှင်းသော အစားအစာနှင့်သောက်သုံးရေတို့ မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။ ဝမ်းပျက်ဝမ်း လျှောခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ် ခန့် အများစုတွင် ဖြစ်ပေါ်ခံစားရ လေ့ရှိသည်။ ယင်းရောဂါဖြစ်ပွား လျှင် နှစ်ရက်၊ သုံးရက်ခန့် ခံစားရ လေ့ရှိသည်။

 သာမန်ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားလျှင် စိုးရိမ်စရာမရှိသော် လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေသည့် ကာလဝမ်း ရောဂါဖြစ်လျှင်မူ အချိန်မီမကုသ ပါက အသက်ဆုံးရှုံးနိုင်သည်။ ကာလဝမ်းရောဂါ(Cholera)သည် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွား ပြီး ရောဂါပြင်းထန်သဖြင့် ယင်း ရောဂါဖြစ်ပွားလျှင် နီးစပ်ရာ ကျန်းမာရေးဌာနများ၌ အချိန်မီ ကုသမှု ခံယူရန် လိုအပ်သည်။

‘‘ကျွန်တော်တို့နည်းနည်းဂရု စိုက်ရမှာက ပြင်းထန်ဝမ်းပျက်ဝမ်း လျှောပေါ့။ အဲဒါက အရေးကြီးတဲ့ ဟာတစ်ခုပေါ့နော်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်လာပြီ ဆိုရင် သေချာဆေးကုသမှုခံယူဖို့ လိုတယ်။ အကယ်၍ ကိုယ့်ပတ်ဝန်း ကျင်မှာ အများစု အဲဒီလိုဖြစ်ပြီ ဆိုရင်တော့ သက်ဆိုင်ရာကျန်းမာ ရေးဌာနတွေ၊ အုပ်ချုပ်ရေးဌာန တွေကို အဆင့်ဆင့် သတင်းပေးဖို့ လိုပါတယ်’’ ဟု အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာကျော်စွာဦး က အကြံပြုသည်။

 ကလေးသူငယ်များတွင် ဖြစ်ပွားသော ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်လေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ထိရောက်ပြည့်စုံသော ကုသမှုခံယူရန် လိုအပ်သည်။ လတ်တလော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချို့တွင် ရောက်ရှိလာသော ကလေးလူနာများ၌ ဝမ်းပျက် ဝမ်းလျှောခံစားရ၍ ရောက်လာသူများရှိကြောင်း ပါရမီဆေးရုံ မှ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းက ပြောကြားသည်။

 ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက် ခြင်း၊ အစာမစားမီအချိန်၊ လူနာ ကို ကိုင်တွယ်ပြီးချိန်၊ ကလေးကို ပြုစုပြီးချိန်နှင့် အိမ်သာအသုံးပြုပြီး ချိန်များ၌ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ စင်ကြယ်စွာ ဆေး ကြောရန်၊ အစားအစာများကို ပူပူနွေးနွေးစားသောက်ရန်၊ ယင် နားစာများ မစားသုံးရန်၊ ပတ်ဝန်း ကျင်သန့်ရှင်းရေးဆောင်ရွက်ရန် နှင့် ယင်လုံအိမ်သာသုံးစွဲရန် လို အပ်ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက နှိုးဆော်ထား သည်။

အစာအဆိပ်သင့်ခြင်း

နွေရာသီတွင် သတိပြုရမည့် ရောဂါတစ်ခုသည် အစာအဆိပ် သင့်ခြင်းဖြစ်ပြီး ယင်းသည်လည်းနှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလေ့ ရှိသည့် ကျန်းမာရေးပြဿနာ ဖြစ်သည်။ များသောအားဖြင့် ဗက် တီးရီးယားပိုးများကြောင့် အစာ အဆိပ်သင့်မှုဖြစ်နိုင်ပြီး ယင်းပိုး သည် ပူလောင်ပြီး စိုထိုင်းဆအခြေ အနေကို ကြိုက်နှစ်သက်သည်။

အသားစိမ်း၊ ငါးစိမ်းများ၊ မကျက်တကျက် ချက်ပြုတ်ထား သော အသားနှင့် ပင်လယ်စာများ၊ အမှည့်လွန်အသီးများနှင့် မသန့် ရှင်းသော အိုးခွက်ပန်းကန်များ၊ မသန့်ရှင်းသော လက်ဖြင့် အစား အစာချက်ပြုတ်ပြင်ဆင်ခြင်းများ သည် ရောဂါပိုးဝင်ရောက်၍ အစာ အဆိပ်သင့်စေသည်။

အစားအသောက်ချက်ပြုတ် ကိုင်တွယ်သူ၏တစ်ကိုယ်ရေသန့် ရှင်းရေးနှင့် လက်သန့်ရှင်းရေး သည်လည်း အရေးကြီးလှသည်။ တောရွာများတွင် အလှူမင်္ဂလာပွဲ လုပ်ပါက မိသားစုအားလုံးကို မီးခိုး တိတ်ကျွေးမွေးကြသည်။ သို့သော် အစားအစာ ပြင်ဆင်ချက်ပြုတ် သည့် ပုံစံ၌ လက်အိတ်၊ ခေါင်း ဆောင်းမပါဘဲ ချက်ပြုတ်ပြင်ဆင် လေ့ရှိသည်။ ထိုသို့ အစားအ သောက်ချက်ပြုတ်ရာတွင် မသန့် ရှင်းသည့် အကျိုးဆက်ကြောင့် လူရာနှင့်ချီပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။

ထို့အပြင် လမ်းဘေးအစားအ စာများ၏သန့်ရှင်းမှုအားနည်းခြင်း သည်လည်း အစာအဆိပ်သင့် ခြင်း၊ အန္တရာယ်ကို လက်ယပ်ခေါ် ယူနေပြန်သည်။ ချက်ပြုတ်ရောင်း ချရာတွင် အသုံးပြုသည့် ပစ္စည်း များ၏အရည်အသွေးနှင့် ဓာတု ဆိုးဆေးကင်းစင်မှု၊ ကိုင်တွယ် ချက်ပြုတ်ရောင်းချသူ၏ရောဂါ ကင်းရှင်းမှု၊ အသုံးပြုမည့်ရေ၏ သန့်ရှင်းမှု စသည့် အချက်များက ကျန်းမာရေးနှင့်ညီညွတ်မှုကို မေး ခွန်းထုတ်နေသည်။

အကယ်၍ အစာစားသုံးပြီး နောက် မိနစ်ပိုင်းမှ ရက်ပိုင်းအ တွင်း အစာအဆိပ်သင့်ခြင်းလက္ခ ဏာခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွား ရောက်ကုသရန် လိုအပ်သည်။ အစာအဆိပ်သင့်ပါက မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အ ရည်ဝမ်းသွားခြင်း၊ ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာဝေခြင်း စသည့် လက္ခဏာများခံစားရတတ်သည်။

‘‘အစာအဆိပ်သင့်တာကနေ သွေးဆိပ်တက်တဲ့အထိ ကူးပြောင်းသွားမယ်ဆိုရင် အပူကြီးမယ်။ သွေးပေါင်ကျ သတိလစ်ပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်’’ ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်သက်စိုးက ဆိုသည်။

ထို့ကြောင့် သွေးပေါင်ချိန်ကျ ခြင်း၊ တက်ခြင်း၊ ချွေးထွက်များ ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သဖြင့် ယင်းလက္ခဏာဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်း မာရေးဌာနများတွင် ချက်ချင်းဆေး ကုသမှုခံယူသင့်သည်။

အစာအဆိပ်သင့်ဖြစ်ပွားမှု ကာကွယ်ရန် သန့်ရှင်းလတ်ဆတ် သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အသားများကို ရွေးချယ်စားသုံး သင့်ပြီး ရက်လွန်အစားအစာများ၊ ပုပ်သိုးနေသည့် အစားအစာနှင့် အမှည့်လွန်နေသည့် သစ်သီးများ၊ သံချေးတက်ပုံပျက်နေသော စည်သွတ်ဘူးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန်၊ အိမ်သာအသုံးပြု ပြီးချိန်နှင့် အစားမစားမီ၌ လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြော ရန်၊ အသီးအရွက်နှင့် သားငါးများကို ကျက်အောင် ချက်ပြုတ်စား သောက်ရန်၊  လတ်တလော မစား ဖြစ်သေးပါက ရေခဲသေတ္တာတွင် အပူချိန် ၅ ဒီဂရီအောက်၌ သိမ်းဆည်းသိုလှောင်ထားရန်နှင့် ပြန်လည်စားသုံးမည်ဆိုပါက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အထက်၌ ပြန်နွှေး၍ စားသုံးရန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထား သည်။

ထို့အပြင် ကြွက်နှင့် ယင်များ မခိုအောင်းနိုင်စေရန် မီးဖိုချောင် ကို သန့်ရှင်းသပ်ရပ်စွာ ထားသင့် ပြီး စားကြွင်းစားကျန်များထည့် ထားသော အမှိုက်ပုံးကို သန့်ရှင်း သပ်ရပ်စွာ ထားရန် လိုအပ် ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရော ဂါလူနာများအနေဖြင့် အစားအစာ များ ကိုင်တွယ်ချက်ပြုတ်ခြင်းမပြု ရန်နှင့် အမျိုးအမည်မသိသော၊ မစားသောက်ဖူးသော မှို၊ သစ်သီး သစ်ဖုနှင့် ပင်လယ်စာများကို သတိ ထား၍ စားသောက်သင့်ကြောင်း သတိပေးထားသည်။

အူရောင်ငန်းဖျားရောဂါ (ခေါ်) တိုက်ဖွိုက်ရောဂါ

အဆိုပါရောဂါသည် Sam-monella Typhi ဟုခေါ်သော ဗက် တီးရီးယားပိုးကြောင့် ဖြစ်ပွား သည်။ အူရောင်ငန်းဖျားရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် လူလေးဦးလျှင် တစ်ဦးနှုန်း အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင် သဖြင့် ယင်းသည်လည်း အရေးကြီးသော ရောဂါတစ်ခုဖြစ်သည်။

ရောဂါပိုးများပါဝင်နေသော ရေထဲ၌ အစားအစာများထားခြင်း၊ မြေသြဇာအသုံးပြုထားသော ဟင်း သီးဟင်းရွက်များကို ရေစင်အောင်မဆေးဘဲ၊ သေချာမချက်ပြုတ်ဘဲ စားသုံးမိခြင်း၊ ရောဂါပိုးရှိနေသော နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံး မိခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ယင်းရောဂါသည် ပတ်ဝန်းကျင် သန့်ရှင်းမှုအားနည်းသည့် နေရာ များ၊ သောက်သုံးရေသန့် လုံ လောက်စွာ မရှိသည့် နေရာများ တွင် အဖြစ်များလေ့ရှိသည်။

မကြာသေးမီ မတ်လက ရန် ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့နယ် ဗဟိုသားဖွားသင်တန်းကျောင်းတွင် ကပ်ရောဂါအသွင်ဖြင့် အူရောင်ငန်ဖျားရောဂါ ဖြစ်ပွားခဲ့သည်။

‘‘ရေမကောင်းတာ။ သုံးတဲ့ ရေမကောင်းတာ။ ရေပိုက်နဲ့ မိလ္လာပိုက်နဲ့ နည်းနည်းပူးသွားတော့ ပိုက်ပေါက်ပြီးတော့ ဖြစ်သွားတာ။ အဓိကက ရေက ဖြစ်သွားတာပါ’’ ဟု ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန သဘာဝဘေးနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။

ယင်းရောဂါပိုးဝင်ရောက်ပြီး ရောဂါလက္ခဏာပြရန် ဆယ်ရက်မှ ဆယ့်လေးရက်ခန့် ကြာတတ် သည်။ လက္ခဏာများသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ကလေးငယ်များတွင်မူ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ် ပေါ်၍ ဝမ်းဗိုက်နှင့် နောက်ကျော တို့တွင် အနီစက်များပေါ်ခြင်း၊ အဖျားဆက်တက်နေခြင်း၊ အချို့ လူများတွင် ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးလျှံခြင်းများ ဖြစ်ပေါ် တတ်သည်။

နောက်ဆက်တွဲ ဘေလုံးကြီး ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်တင်းခြင်း များဖြစ်ပေါ်တတ်ပြီး သေချာမကု သပါက နောက်ဆက်တွဲ ဆိုးကျိုး များအနေဖြင့် အူပေါက်ခြင်း၊ အူ အနာများမှ သွေးယိုစီးခြင်း၊ ဝမ်း အမည်းသွားခြင်း၊ အရိုးအဆစ် ရောင်ခြင်း၊ ဦးနှောက်အမြှေး ရောင်ခြင်း၊ သည်းခြေအိတ်ရောင် ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းနှင့် အ သက်သေဆုံးသည်အထိ ဖြစ်ပွား နိုင်သည်။

ထို့ကြောင့် တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ခြင်း၊ အစာ မစားမီနှင့် စားပြီးချိန်များတွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ ယင်လုံအိမ်သာ သုံးစွဲခြင်းနှင့် အပြင်စာ(လမ်းဘေး စာ)တို့ကို ရှောင်ကြဉ်ခြင်းများပြု လုပ်ရန် လိုအပ်ပေသည်။ ယင်း ရောဂါလက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရမည် ဖြစ်သည်။

သတိပြုရမည့်အသည်းရောင်အသားဝါ A ပိုး

နှစ်စဉ် မတ်လဆန်းက စ၍ ဇွန်လအထိ ကလေးငယ်များတွင် ယင်းရောဂါသည် ကပ်ရောဂါအ သွင်ဖြစ်ပွားလေ့ရှိသည်။ အဆိုပါ ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်၍ အစားအစာနှင့် ရေမသန့် ရှင်းမှုများကြောင့် ကူးစက်ပြီး ရော ဂါပိုးရှိနေသူမှ အခြားသူတစ်ဦးသို့ ကူးစက်ပြန့်ပွားလေ့ရှိသည်။

‘‘ရောဂါလက္ခဏာက တချို့ လည်း ပြတဲ့သူရှိတယ်။ တချို့ကျ တော့လည်း ဘာမှ မပြတာရှိ တယ်။ ကိုယ်ခံအားကောင်းပြီး တော့ ပြန်ပျောက်သွားတာ ရှိပါ တယ်’’ ဟု ဒေါက်တာကျော်စွာဦး က ဆိုသည်။

 ရောဂါလက္ခဏာများသည် ဖျားနာခြင်း၊ နုံးခွေခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် အသားဝါလာခြင်းတို့ ဖြစ်ပေါ်ပြီး ကလေးငယ်များတွင် အဖြစ်များသည်။ ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအစာများသန့်ရှင်းရန် ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပြီး အိမ်သာ သွားပြီးတိုင်း ဆပ်ပြာဖြင့် စင်ကြယ်စွာ လက်ဆေးရန်၊ အစာမစားမီ လက်ဆေးရန်၊ ယင်နားစာမစား ရန်၊ သန့်ရှင်းသော ရေကို သောက် သုံးရန် လိုအပ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် ရောဂါများသည် နွေကာလတွင် ပိုဖြစ်ပွားလေ့ရှိပြီး အစားအစာနှင့် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားလေ့ရှိသော ရောဂါများဖြစ်ပြီး  ရောဂါတိုင်း အရေးကြီးပြီး ပေါ့ဆ၍ မရပေ။

‘‘ဘယ်ဟာမှတော့ ပေါ့လို့ မရဘူးပေါ့နော်။ အားလုံးကတော့ အရေးကြီးတာပါပဲ။ ဒါပေမဲ့ အများစုဖြစ်နိုင်ခြေရှိတဲ့ ဝမ်းပျက်ဝမ်း လျှောတို့၊ အစာအဆိပ်သင့်တာ တို့ကတော့ ပိုပြီးတော့ ဂရုစိုက် သင့်တာပေါ့လေ’’ ဟု ဒေါက်တာ ကျော်စွာဦးက ဆိုသည်။

အချုပ်ဆိုရသော် အစားအ စာနှင့် ရေသန့်ရှင်းမှုသည် လွန် စွာ အရေးကြီးသဖြင့် မသန့်သော ရေများ သုံးစွဲမိခြင်း၊ မသန့်သော အစာများ စားသုံးမိခြင်းများမှ ရှောင်ကြဉ်နိုင်ရန် လူတိုင်းသတိ ပြုရန် လိုအပ်ပေသည်။

မသန့်ရှင်းသော အစာများ စားသုံးခြင်း၊ မသန့်သော ရေသုံးစွဲခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ကာ တတ်နိုင်သမျှ အပြင်စာ စားသုံးမှုကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။ လက်ကို ဆပ်ပြာဖြင့် သန့်ရှင်းစွာဆေးကြောရန်၊ ဆေးကြောပြီးမှ အစားအစာများကို ကိုင်တွယ်ရန်၊ စားသုံးရန် လိုအပ်ပေသည်။ထို့အပြင် ကျန်းမာရေးဗဟုသုတရှိရန် လိုအပ်ပြီး သိရှိထားသည့် အချက်များကို လိုက်နာကျင့်သုံးရန်လည်း လိုအပ်သည်။

‘‘ဒီရောဂါတွေက သာမန် ဗိုက်နာအော့အန်ဝမ်းပျက်ရုံလေး ပဲ မဟုတ်ပါဘူး။ အခန့်မသင့်ရင် အသက်သေသည်အထိ ဆိုးရွား ပြင်းထန်ပါတယ်။ ဒါကြောင့် ရော ဂါလက္ခဏာတွေ ပြလာရင် မပေါ့ ပါနဲ့။ စပ်ဆေးတွေလည်း မ သောက်ပါနဲ့။ ကိုယ့်သဘောနဲ့ ကိုယ်အန်တာရပ်တဲ့ ဆေးတွေ ဝမ်းပိတ်ဆေးတွေ မသောက်ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် တွေနဲ့ပြသပါ’’ဟု ဒေါက်တာကျော်သက်စိုးက အကြံပြုသည်။