အပ်နဖားနှင့် ရုရှားမှာ ထန်းရည်ရှိလို့လား

(တစ်)

ကြီးကျယ်ခမ်းနားသည့် အ ကြောင်းအရာတို့ကိုသာ ကဗျာဖွဲ့ စာဖွဲ့လေ့ရှိသည့် မြန်မာစာပေ ဂန္ထ၀င်လမ်းကြောင်းမှ ခွဲထွက်ကာ သေးသေးမွှားမွှားကိစ္စကလေးများ အပေါ်၌ အာရုံစိုက်၍ခံစားရေးဖွဲ့ သည့်စာပေတစ်ခေတ်ကို ခေတ် စမ်းစာပေဟု သမုတ်ခဲ့ကြပါသည်။

ထိုခေတ်၌ ကဗျာစာဆိုကြီး ဆရာဇော်ဂျီက ကဗျာပေါက်စန ကလေးတစ်ပုဒ်ကို ရေးပါသည်။ ဒွေးချိုး။ အချိုးကဗျာများထဲ၌ အတိုဆုံးအချိုး။ ကဗျာပါအကြောင်းအရာကလည်း တကယ့်သေးသေးကလေး။ အပ်နဖားပေါက်ကလေး၏ အကြောင်း။ သည့်ထက်သေးသည့်အရာတော့ ကဗျာဖွဲ့စရာ ရှိမည်မထင်တော့။ ကဗျာခေါင်းစဉ်ကလည်း ‘အပ်နဖား’ပဲဖြစ်ပါ သည်။

ထိုးသော်တဲ့ ထိုးသော်

ကြိုးချော်လို့သွား။

အမယ်အို အမြင်ကတ်တယ်

အပ်ရွှေနဖား။

နှစ်သက်မှုဖြင့်စကာ ဉာဏ် ပညာတွင် အဆုံးသွားသတ်သည့် ကဗျာကလေးပဲဖြစ်ပါသည်။ အမယ်အိုက အပ်နဖားပေါက်က လေးထဲသို့ အပ်ချည်ကိုအကြိမ် ကြိမ်ထိုးပါသည်။ သို့သော် မ၀င်။ ဤ၌ အမယ်အိုက အမြင်ကတ် ကတ်ဖြင့်ဆဲပါလေသည်။ မည်သည့်အရာကို အမြင်ကတ်သည်  ထင်ပါလိမ့်။ ဪ...အပ်နဖား ပေါက်ကလေးကို အမြင်ကတ် သည်ဆိုပါ့လား။ အပ်နဖားပေါက်က ကျဉ်းလွန်းလေသတဲ့။ အမယ်အို၊ အဘွားအိုတို့၏ ဓလေ့ဆဲဆို မြည်တွန်လို့ပင် နေလေရော့သလား။

ဆရာဇော်ဂျီက လူတွေကို ကဗျာဖြင့် ဝေဖန်ရေးလုပ်လိုက် ခြင်းပင်ဖြစ်ပါသည်။ အပ်နဖား ပေါက်က အပ်နဖားပေါက်ပဲဖြစ်ပါသည်။ ယခင်ကလည်း ယခုအရွယ်။ ယခုလည်း ယခုအရွယ်။ ဘာမှမပြောင်းလဲ။ ပြောင်းလဲသွား သည်က မိမိ၏အမြင်အာရုံ။ မကြည်လင်တော့။ မပြတ်သား တော့။ မသဲကွဲတော့။ မှုန်ပြီ။  တကယ့်တကယ်အပြစ်တင်ရမှာက မိမိ၏မျက်စိ။ အပ်နဖားမဟုတ်။

တစ်ခါတလေ ကျွန်တော်တို့ ကဗျာထဲက အမယ်အိုလိုများဖြစ် နေကြလေရော့သလားဟု မကြာခဏအတွေးဝင်မိပါသည်။ ကိုယ့်ချို့ယွင်းအားနည်းမှုကို သတိမေ့ကာ ဘေးပတ်ဝန်းကျင်ကို အပြစ်ရှာနေမိသည့်အဖြစ်များ။

(နှစ်)

စာရေးဆရာကြီး သော်တာ ဆွေက မြန်မာစာပေလောက၌ ထင်ရှားပါသည်။ ၀တ္ထုတိုရှည်များ ဘ၀အတွေ့အကြုံ ရေးခြစ်တင်ပြ မှုများဖြင့် အလွန်ထင်ရှားသည့်စာ ရေးဆရာကြီးဖြစ်ပါသည်။ ဆရာ က ပေါင်းတည်မြို့နယ်ကြို့ပင်ရွာ ဇာတိ။

၁၉၆၃ တွင် ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် ဆရာသော်တာ ဆွေပြည်ပသို့ ခရီးနှင်ပါသည်။ ဆို ဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ။ နိုင်ငံအမည်များကို ကြည့်ရုံနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု အ သံလွှင့်ထားသည့် မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံနှစ်ခုက ၀ါဒဖြန့် သည့်အနေနှင့် မြန်မာစာရေးဆ ရာတို့ကို ခေါ်ကြောင်း ရိပ်စားမိနိုင် ပါသည်။

ဆရာသော်တာဆွေ ပြန်လာသည့်အခါ ဆိုဗီယက်ရုရှားကို တော်တော်ကလေးသဘောကျ လာခဲ့ပုံရပါသည်။ ရောက်ရာအရပ်၌ ဆိုဗီယက်ယူနီယံချီးမွမ်းခန်း ဖွင့်ပါလေတော့သည်။ အထူးသ ဖြင့် သူ့ဇာတိကြို့ပင်ရွာသို့ရောက် သည့်အခါ မစားရ၀ခမန်း အာသာငမ်းငမ်းဖြစ်နေသည့် သူ့ငယ် ပေါင်းတို့ကို ဆိုဗီယက်အတွေ့အကြုံတွေ ဖောက်သည်ချပါလေ၏။

လမ်းတွေဘယ်လိုကောင်းမွန်တာ၊ ပလက်ဖောင်းတွေဘယ် လိုလှပသေသပ်တာ၊ မီးရထား တွေ ဘယ်လိုငြိမ့်ညောင်းတာ၊ လျှပ်စစ်မီးတွေဘယ်လို လုံ လောက်တာ၊ တောင်းရမ်းစား သောက်သူတို့ကင်းရှင်းတာ၊ ရုရှား ဗော်ဒဂါအရက်ဘယ်လိုကောင်း တာ၊ နှင်းတွေက ဘယ်လိုလှတာ၊ လူနေမှုအဆင့်ဘယ်လိုမြင့်တာ၊ ဘတ်စ်ကားစနစ်ဘယ်လိုကောင်း မွန်တာစသည် စသည်ဖြင့်ဆိုရှယ်လစ်စနစ်အောက်က ရုရှားနိုင်ငံ ကြီး၏ကောင်းမွန်ပုံများကို သူ့နံ ဘေးတွင်ဝိုင်းနေသည့် ရွာသားများအား အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေခြင်းလည်းဖြစ်ပါ သည်။

ဆရာသော်တာဆွေစကားစနည်းနည်းပြတ်သွားသည့်အခါ ချက်ကောင်းကိုစောင့်၍ ဟာကွက်ကိုလှမ်းထိုးလိုက်သည့် လက်ဝှေ့သမားလို ရွာသားတစ်ယောက်က မေးခွန်းတစ်ခုမေးထည့်လိုက်ပါ လေသည်။ နာမည်အရင်းကိုခေါ် ကာ မေးခြင်းဖြစ်ပါ၏။

‘‘ကဲပါကွာ...ကြင်ဆွေရာ

ထားပါ ...မင်းပြောတဲ့

ဆိုဗီယက်ယူနီယံ

ကောင်းတယ်ဆိုလို့

ငါတစ်ခုမေးမယ်

အဲဒီ ရုရှားမှာ

ထန်းရည်ရှိလား

ကဲ ....ပြော’’

ဆရာသော်တာဆွေအကျပ် ရိုက်သွားပါသည်။ မရှိ။ ဟုတ်ပါသည်။ ရုရှားတွင်ထန်းရည်မရှိ။ သူ့ရွာသားတွေက ထန်းရည် ရှိ၊ မရှိ ဟူသောပေတံဖြင့် ရုရှားကိုတိုင်းပါ ပြီ။ ဘာတွေဘယ်လောက်ကောင်း တယ်ပဲ မင်းလျှောက်ပြောနေ ပြောနေ ထန်းရည်မှမရှိဘဲကွာဆို သည့် အပေါက်ဖြင့် လှမ်းထောက်လိုက်သည့်မေးခွန်း။

ထိုမေးခွန်းကို မေးသူမှသာ မဟုတ်ပါ။ ကျန်ဝိုင်းဖွဲ့နားထောင် နေသူရွာသားတွေကလည်း ဟုတ်တယ်၊ ဒါချက်ကောင်းပဲ မေးတတ်လိုက်တာ ဖြေပေတော့ဆိုသည့် မျက်နှာပေးများနှင့်။

ဆရာသော်တာဆွေက အေး မင်းတို့ပြောတဲ့ ထန်းရည်တော့ ရုရှားမှာမရှိဘူးကွာဟုလေသံပျော့ ပျော့ကလေးနှင့်ပြန်ဖြေသည့်အခါ အားလုံးက ဟာခနဲပြိုင်တူမြည် တမ်းကာ ထန်းရည်ကလေးတောင် မရှိမှတော့ကွာ မင်းပြောတဲ့ဆိုဗီ ယက်ဆိုတာကြီးက ဘာများတိုးတက်တာပါလိမ့်ဆိုသည့် အဓိပ္ပာယ်များနှင့်တဲ့။ ဆရာသော်တာဆွေထန်းရည်ပေတံကို မမီနိုင်ပါလေတော့။

မည်မျှပင် ရှေ့သို့ရောက်၍ နေပါစေ ထန်းရည်ရှိ၊ မရှိစံဖြင့် လှမ်းတိုင်းသည့်အခါ ထန်းပင်မရှိ သည့် အရပ်ကလူတွေဘာလုပ်ရမှန်း မသိပါလေတော့။

(သုံး)

ကျွန်တော် ဂျက်ကွမ်းခြံကုန်း ကလောင်ဖြင့် သရော်စာကလေး တစ်ပုဒ်ရေးဖူးပါသည်။ ‘ခုန်နိုင် တယ်ခင်ဗျ’ ဟူသည့် သရော်စာ။

ရွာတစ်ရွာက ကျေးရွာပေါင်းစုံအမြင့်ခုန်ပြိုင်ပွဲကျင်းပပါသည်။ ကျေးရွာပေါင်းစုံက လာပြိုင်ကြရာ လက်ရွေးစင်ရွာသားတို့ ၀င်ဝင်ပြီး ခုန်လိုက်ကြသည်မှာ ငါးပေတွေ ရော၊ ခြောက်ပေတွေရော၊ ခုနစ် ပေတွေရော။ အစုံ။

ရွာတစ်ရွာကမူ ခပ်ညံ့ညံ့ရွာသားတို့ဖြစ်ရာ လေးပေထက်ပို၍ မခုန်နိုင်ကြ။ ဒါကိုသူကြီးကမကျေနပ်။ ရွာသားများကိုမဟုတ်။ ထိုပြိုင်ပွဲကျင်းပသည့်ရွာက ပေတံကို။ သို့ဖြင့် မကျေမနပ်ဖြင့်ရွာသို့ ပြန်လာကြပါသည်။ သူကြီးက ကျေးရွာလူထုကို အစည်းအဝေး ခေါ်ကာ မိန့်ခွန်းပြောပါသည်။ မိမိ တို့အမြင့်ခုန်ပြိုင်ပွဲ၌ မအောင်မြင် ကြရခြင်းမှာ ညံ့၍မဟုတ်ကြောင်း၊ ထိုရွာရှိပေတံက ကြီးလွန်းနေ၍ ဖြစ်ကြောင်း၊ ယခုမကြာမီ မိမိစိတ် တိုင်းကျပေတံတစ်ချောင်းကို လုပ် ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထို ပေတံဖြင့်ကိုယ့်ရွာထဲမှာ ကိုယ်ခုန် ကြမည်ဖြစ်ကြောင်း စသည် စသည်။

သူကြီးက ပေတံကိုချုံ့လိုက်ပါသည်။ စကေး (Scale)ကို တစ် ၀က်လျှော့လိုက်ရာ သူ့တစ်ပေကသူများရွာမှာ ခြောက်လက်မသာရှိပါသည်။ ကိစ္စမရှိ။ လူဆိုသည်မှာ ကိုယ့်စံနှင့်ကိုယ်။

သို့ဖြင့်ရွာသားတို့ ထိုပေတံ ဖြင့် အမြင့်ခုန်အစွမ်းပြကြရာ ရှစ် ပေတွေ၊ ကိုးပေတွေ၊ ဆယ်ပေ တွေဖြစ်ကုန်ပြီး တစ်ရွာလုံးလက်ခုပ်ဩဘာပေးသံများဖြင့် သော သောညံ၍ မဆုံးပါလေတော့။ သူကြီးနှင့်တကွရွာသားတို့နှုတ်မှ ထွက်လာသည့်စကားက တွေ့တယ်မဟုတ်လား၊ ကိုယ့်ပေတံ နဲ့ကိုယ်ကျတော့ မထင်မှတ် လောက်အောင်ကို ခုန်နိုင်ကြတာဟူ၏။

(လေး)

ရုပ်ရှင်လောက၊ ဂီတလောက၊ စာပေလောက၊ ပညာရေး လောက၊ အားကစားလောက၊နိုင် ငံရေးလောကစသည်ဖြင့် လောကအသီးသီး၏အားမလို အားမရ ဖြစ်စရာများကို ရှုမျှော်သုံးသပ်အကဲဖြတ်ကြသည့်အခါ မျက်စိကြီး နားကြီးသူများက ထောက်ပြလာသည်များကို မကျေမနပ်ဖြစ်ကာ သေးသေးသိမ်သိမ်ပြန်လည် နှုတ်လှံထိုးသူတို့ရှိတတ်ပါသည်။

ကိုယ့်မျက်စိကို ကိုယ်အပြစ်မဆို၊ အပ်ပေါက်ကိုအပြစ်ဆိုသူ များ၊ ထန်းရည်ရှိ၊မရှိ ပေတံက လေးနှင့်လှမ်း၍တိုင်းတတ်သူများ၊ ပေတံကို တိုပစ်ကာ ကိုယ့်စံချိန် နှင့်ကိုယ် ခြေဖျားထောက်နေသူ များလောက၌ ရှိတတ်ပါသည်။

ထိုသူတို့ကား အဖြေမှန်မထွက်နိုင်သည့်နည်းဖြင့် ပုစ္ဆာကို တွက်နေသူများပင် ဖြစ်ပါသည်။ ထိုသူတို့သည် သူတို့၏လောကကို မည်သို့သောအခါတွင်မှ ရှေ့သို့ ရောက်အောင်ဆွဲခေါ်သွားနိုင်မည့် သူများလည်းမဟုတ်ကြလေပါ။ အနင်းခံနိုင်သည့် စပါးသန်လေသတဲ့။ နည်းနည်းကလေးမှ အနင်းမခံနိုင်သော် ထိုစပါးကို ကျော်လွှားကာ ချန်ထားရစ်ခဲ့ရုံသာ။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)