စွပ်စွဲထားသည့် အချက်သုံးချက်နှင့် မပတ်သက်ကြောင်း ဒေါက်တာအေးမောင် ငြင်း

နိုင်ငံတော်ကို ပုန်ကန်ခြားနားမည်မဟုတ်ဟုပြော

ရသေ့တောင်မြို့ နယ် စာပေဟောပြောပွဲတွင် ဟော ပြောချက်များနှင့် ပတ်သက်၍ ၎င်းကို စွပ်စွဲထားသည့် အချက်သုံး ချက်နှင့် ပတ်သက်မှုမရှိဘဲ ကင်း လွတ်ကြောင်းနှင့် နိုင်ငံတော်အား ပုန်ကန်ခြားနားမည် မဟုတ်ကြောင်း ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ဒေါက်တာအေးမောင်ကပြောသည်။

 ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ယမန်နေ့က စစ်တွေခရိုင်တရား ရုံး၌ (၈)ကြိမ်မြောက် ရုံးထုတ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ သည်။


‘‘ကျွန်တော်တို့ကို စွပ်စွဲထား တဲ့ အချက်သုံးချက်ဟာလည်းပဲ ဘာမှမပတ်သက်ဘူး။ သုံးမှုစလုံး ကျွန်တော်တို့နဲ့ ကင်းတယ်။ နိုင်ငံ တော်ကို တည်ဆောက်နေတယ်။ နိုင်ငံတော်ကို ပုန်ကန်ခြားနားမှာ  မဟုတ်ဘူး။ နိုင်ငံတော်က လုပ်နေတဲ့ကိစ္စအားလုံးဟာ ကျွန်တော်တို့ လိုလားတဲ့ဥစ္စာပဲ။ အကြည်ညို ပျက်အောင်လည်း ကျွန်တော်တို့ မလုပ်ဘူး။ လက်နက်ကိုင်ပဋိပက္ခ ကို ပြေငြိမ်းအောင် ကျွန်တော်တို့ လုပ်တယ်’’ဟု ဒေါက်တာအေး မောင်က ပြောသည်။

ထို့အပြင် ယခုသင်္ကြန်မတိုင် မီ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် နိုင်ငံတော်သမ္မတကို မေတ္တာရပ်ခံခဲ့သည်။

 ရသေ့တောင်မြို့နယ်တွင် ဇန်န၀ါရီက ပြုလုပ်ခဲ့သော ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား၌ ဟောပြောခဲ့သည့် ဟောပြောချက်အချို့နှင့် စပ်လျဉ်း၍ ဒေါက်တာအေးမောင်နှင့် စာ ရေးဆရာ ဝေဟင်အောင်တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မသုံးခုဖြင့် အစိုးရက ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး၏ နောက်တစ် ကြိမ်ရုံးချိန်းကို ဧပြီ ၁၈ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။