ကားတစ်စီး အရှိန်လွန်ပြီး လက်ဖက်ရည်ဆိုင်အတွင်းဝင်၊ ငါးဦးဒဏ်ရာရ

အခင်းဖြစ်ပွားရာနေရာသို့ ယာဉ်ထိန်းရဲများ လာရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ - ဇွဲဉာဏ်)

 တာမွေမြို့နယ် ၁၆၂ လမ်းနှင့် ၁၅၇ လမ်းထောင့်ရှိ ထွန်းတောက်ဝင်း လက်ဖက်ရည် ဆိုင်အတွင်း ကိုယ်ပိုင်ယာဉ်တစ် စီး အရှိန်လွန်ကာ ၀င်ရောက်သွား သဖြင့် သားအမိသုံးဦး အပါအ ၀င် လူငါးဦး ဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့ရှိသူ ကိုသက်လွင် က ပြောသည်။

 ဘယ်လ်တာအမျိုးအစား ကိုယ်ပိုင်ယာဉ်သည် ဧပြီ ၄ ရက် ည ၇ နာရီခန့်က ၁၅၇ လမ်းအတိုင်း မောင်းနှင်လာခဲ့ရာမှ ၁၆၂ လမ်းအတွင်း ချိုးကွေ့စဉ် အဆိုပါလမ်းထိပ်ရှိ ထွန်းတောက်ဝင်းလက်ဖက်ရည်ဆိုင်အတွင်း အရှိန် လွန်ဝင်သွားခဲ့ကြောင်း ၎င်းက ပြောသည်။


‘‘ကားက ၁၆၂ လမ်းထဲကို ၀င်လိုက်တဲ့အချိန်မှာ လက်ဖက် ရည်ဆိုင်ထဲ ၀င်တိုက်တာ။ တိုက် ပြီးတော့ ကားသမားက လန့်ပြီး တော့လားမသိဘူး။ ဘက်ဆုတ် လိုက်တော့ လမ်းပေါ်က အမျိုးသ မီးတစ်ယောက်ကို ထပ်တိုက်မိ တယ်။ ကားက နောက်ကတိုက်ကို ၀င်ပြီးတော့တိုက်တဲ့အချိန်မှာ လူ တစ်ယောက်ပါ ထပ်ညပ်သွား တယ်’’ဟုကိုသက်လွင်ကဆိုသည်။

ယာဉ်တိုက်မှုကြောင့် လက် ဖက်ရည်ဆိုင်အတွင်း ထိုင်နေ သည့် အမျိုးသားတစ်ဦး၊ အမျိုး သမီးတစ်ဦးနှင့် ကလေးတစ်ဦးအပြင် ယာဉ်တိုက်မှုကို လာကြည့် သည့် အမျိုးသမီးနှစ်ဦးတို့ ဒဏ် ရာရရှိကြောင်း မျက်မြင်တွေ့ရှိသူ များကဆိုသည်။

‘‘ကျွန်မလည်း ကြားကြား ချင်း ပြေးလာကြည့်တာ။ မီတော့ မမီလိုက်ဘူး။ ကလေးနှစ်ယောက် (လင်မယားနှစ်ဦး)နဲ့ မြေးဒဏ်ရာ ရလို့ သူတို့အမေကတော့ ဆေးရုံ ကို လိုက်သွားတယ်’’ဟု ကား တိုက်ခံရသူအမျိုးသား၏ အဒေါ် တော်စပ်သူက ဧပြီ ၄ ရက် ည ၈ နာရီခွဲခန့်တွင် ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီ ၄ ရက် ည ၉ နာရီကျော်တွင် တာမွေမြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရဲစခန်းသို့ အမှုလာရောက်တိုင်ကြားခြင်းမရှိ သေးကြောင်း တာဝန်ကျရဲအရာရှိ က ပြန်လည်ဖြေကြားသည်။

More in News Section