ပြည်လမ်း ဆေးတက္ကသိုလ်-၁ ရှေ့တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှုကို တက္ကသိုလ်ဘက်က ကန့်ကွက်၍ နေရာရွှေ့

ပြည်လမ်းဘေးရှိ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) (လိပ်ခုံးအဆောက်အအုံ)မျက်နှာစာတွင် ပုဂ္ဂလိကသင်္ကြန် မဏ္ဍပ်ဆောက်လုပ်မှုကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသားများကကန့်ကွက်၍ နေရာပြောင်းရွှေ့ဆောက်လုပ်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈ သင်္ကြန် တွင် ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ် ၃၄ ခု ဆောက်လုပ်ခွင့်ချထား ပေးရာ ပြည်လမ်းဘေးရှိ ဆေးတက္ကသိုလ်-၁ မျက်နှာစာ၌ ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်တစ်ခုဆောက်လုပ်ခွင့်ရခဲ့သည်။ Un-derground Revolution 2k18 အမည်ရှိ သင်္ကြန်မဏ္ဍပ်ကို ထိုနေရာတွင် ဧပြီလ ၃ ရက်က စတင်ဆောက်လုပ်ခဲ့ရာ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းမျက်နှာစာရှေ့မဏ္ဍပ် ဆောက်လုပ်မှုကို ကန့်ကွက်ခဲ့သည်။

ဧပြီ ၄ ရက်တွင် ဆေးတက္က သိုလ်-၁ ကျောင်းအုပ်ချုပ်ရေးအ ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တာဝန်ရှိသူများ၊ အဆိုပါ မဏ္ဍပ်ပါမစ်ရရှိထားသူတို့ တွေ့ ဆုံညှိနှိုင်းခဲ့ရာ မူလခွင့်ပြုထား သည့် ဆေးတက္ကသိုလ်-၁ မျက်နှာ စာ၌ မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုတော့ဘဲ ဆေးတက္ကသိုလ်-၁ နှင့် ကပ်လျက်ခြံဝင်းရှေ့တွင် ပြောင်း ရွှေ့ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ သည်။‘‘ကျောင်းရဲ့ မျက်နှာစာဖြစ် နေတယ်။ ကျောင်းဝင်းထဲမှာက လည်း နိုင်ငံတော်ပိုင်ပစ္စည်းတွေ လည်း ရှိနေတယ်။ စာသင်ကြား ရေးအတွက် အသုံးပြုနေတဲ့နေရာ ဖြစ်နေတော့ ဒီဟာနဲ့ အဆင်မပြေ ဘူး။ ကျောင်းသားတွေကလည်း တောင်းဆိုကြတယ်။ ကျွန်တော် တို့ဘက်ကလည်း မျက်နှာစာမှာ အဆင်မပြေဘူးဆိုတော့ သူတို့ ရွှေ့သွားတယ်’’ဟု ဆေးတက္က သိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးကပြောသည်။ ဆေးတက္ကသိုလ်-၁မျက်နှာစာ၌ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခြင်း၊ တက္ကသိုလ်ဝင်း အတွင်း ကားပါကင်နှင့် Food Court ၊ အဖျော်ယမကာအတွက် နေရာများထားရှိခြင်းတို့ကို ဆေး တက္ကသိုလ်-၁ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊  ဆေး တက္ကသိုလ်-၁ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးက သဘောတူညီမှုမရှိဘဲ အေးချမ်းစွာပညာသင်ကြားရ သည့် တက္ကသိုလ်ဝင်းအတွင်း ဤ ကဲ့သို့ပြုမူခြင်းကို မည်သည့်အချိန် အခါကာလတွင်မှ လက်ခံနိုင်ခြင်း မရှိကြောင်း ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ကျောင်းသားသမဂ္ဂက ဧပြီ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

‘‘ကျောင်းဝင်းထဲလည်း ဖြစ် နေတယ်။ စီးပွားဖြစ်မဏ္ဍပ်လည်း ဖြစ်နေတယ်။ အရက်သေစာပါ ပါနေပြီး စီးပွားဖြစ်ဆန်ဆန်လုပ် မှာဆိုတော့ ကျောင်းရဲ့ စည်းကမ်း နဲ့လည်း မညီဘူး။ ကျောင်းသား အားလုံးကလည်း သဘောမတူတဲ့ အသံထွက်လာတဲ့အတွက် ကန့် ကွက်ခဲ့တာပါ’’ ဟု ဆေးတက္က သိုလ်-၁ (ရန်ကုန်) ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုပြည့်ပိုင်ဟိန်းက ပြောကြားသည်။

Underground Revolution 2k18 သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ရန် နေရာသုံးနေရာပါမစ် လျှောက်ထားခဲ့ရာ ပြည်လမ်းဆေးတက္ကသိုလ်-၁ မျက်နှာစာတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ရခဲ့ပြီး ဆေးတက္ကသိုလ်-၁ ၏ ကန့်ကွက်မှုကြောင့် နေရာပြောင်းရွှေ့ ဆောက်လုပ်မည်ဟု အဆိုပါ မဏ္ဍပ်ရှယ်ရာဝင် ကိုအောင်ကောင်းကျော်က ဆိုသည်။

‘‘အရင်ကတော့ ကားပါကင် စီစဉ်ပေးဖို့ လုပ်ထားတယ်။ အခု ဘယ်လိုပြန်လုပ်မလဲဆိုတာတော့ တိုင်ပင်တုန်းပေါ့။ မဏ္ဍပ်ဆောက် ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ နေရာ နည်းနည်းရွှေ့လိုက်ပေမယ့် သိပ် မဝေးတော့ အဆင်တော့ပြေပါ တယ်’’ ဟု ကိုအောင်ကောင်း ကျော်က ပြောသည်။

 ရန်ကုန်တိုင်း  အစိုးရက သင်္ကြန်မဏ္ဍပ်ကြီး တစ်ခုလျှင် အာမခံစပေါ်ငွေကျပ်သိန်း ၂၀၀၊ သန့်ရှင်းရေးဆောင်ရွက်ခ ကျပ် တစ်သိန်း၊ မြေအသုံးပြုခ ကျပ် ခုနစ်သောင်းနှင့် မဏ္ဍပ်အလတ်တစ်ခုလျှင် ကျပ်သိန်း ၁၀၀၊  သန့်ရှင်းရေးဆောင်ရွက်ခ ကျပ်လေးသောင်း၊ မြေအသုံးပြုခကျပ် ငါးသောင်း ပေးသွင်းရန် သတ်မှတ်ထားသည်။