တောင်ဇလပ်မြေကိုသွားမယ်ဆိုရင်

နတ်မတောင်ရေရှည်တည်တံ့ရေးအတွက် တောင်ဇလပ်ပန်းမခူးရန်အပါအ၀င် စည်းကမ်းချက်များ ထုတ်ပြန်ထားသည် (ဓာတ်ပုံ−MZW)

အကွေ့အကောက်များသော တောင်ပေါ်လမ်း များကို ဖြတ်သန်းပြီး နောက် တောင်စောင်းများပေါ် တွင် တည်ဆောက်ထားသော အိမ်တစ်လုံးစနှစ်လုံးစကို ဦးစွာမြင်ရသည်။ အိမ်များသည် သစ်သားအိမ်ဖြစ်ပြီး တောင်စောင်း ပေါ်တွင် မေးတင်ဆောက်ထား ခြင်းဖြစ်သည်။ အိမ်ရှေ့တွင်တော့ ရေနွေးကြမ်းပန်းကန်လုံးအရွယ် ခန့်ရှိသည့် အနီရောင်နှင်းဆီ ပန်းများနှင့် ပန်းဖျော့ရောင်နှင်း ဆီများက လှပစွာ ဖူးပွင့်နေသည်။ အချို့အိမ်များရှေ့တွင်မူ အဝါ၊ အဖြူ စသည့် ရောင်စုံ သစ်ခွပန်း များစိုက်ပျိုးထားသည်။ အထူးခြား ဆုံးသည် ထောပတ်သီးပင်များ ဖြစ်သည်။ တောင်စောင်းပေါ်မှ အိမ်ကလေးများ၏နောက်ဘက် တွင် ထောပတ်သီးပင်ကြီးများက ထိုးထိုးထောင်ထောင်ရှိနေပြီး  အစိမ်းနုရောင်ထောပတ်သီးများ သီးနေပုံသည် အိမ်အနောက်တွင် မီးသီးလေးများချိတ်ဆွဲထားသည့် နှယ် ကဗျာဆန်လွန်းလှသည်။

မြို့ပြတွင် မတွေ့ရသည့် မြင်ကွင်းများကို ကားပေါ်မှ လှမ်း ကြည့်နေစဉ် ကလေးငယ်ကို စောင်ဖြင့် ကျောသိုင်းရင်း ကား ဘေးမှ ဖြတ်သွားသော အမျိုးသမီးကြီးတစ်ဦးကို တွေ့ရသည်။ ယင်း အမျိုးသမီးကြီး၏မျက်နှာကို မြင် လိုက်ရသည့်အခါ ချင်းပြည်နယ် ကို ရောက်ပြီဟု သေချာသွားစေ သည်။ အကြောင်းမှာ အဆိုပါ အမျိုးသမီးကြီး၏ မျက်နှာတွင် ပါးရဲ (ဆေးမင်ကြောင်) ထိုးထား ခြင်းကြောင့်ဖြစ်သည်။ ချင်းပြည် နယ်ဟု ဆိုလိုက်သည်နှင့် ပါးရဲထိုး အမျိုးသမီးများကိုလည်း တွဲမြင် တတ်ကြသည်မဟုတ်ပါလား။

ခရီးသွားခြင်းအနုပညာတွင် ပါဝင်စီးမျောတတ်လာသော မြို့ပြ နေသူတို့သည် ယခင်က မြန်မာ နိုင်ငံ၏အဓိကခရီးသွားဒေသများ ဖြစ်သော မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ပုဂံတို့လောက်သာ သွားရောက်လည်ပတ်ကြသော် လည်း ယခုနောက်ပိုင်းတွင် သဘာဝအခြေခံခရီးသွား ဒေသများ ဘက်သို့ ခြေဦးလှည့်လာသည်။ မြို့ပြ၏မွန်းကျပ်မှုများကို ဖြေ လျှော့ရန် သဘာဝရှိရာအရပ်သို့ မျက်နှာမူလာသည်။ ထိုအခါ စိမ်းလန်းသော တောင်တန်းများ ရှိရာ၊ သစ်ပင်ပန်းမန်များစုံလင် ရာ၊ ရှားပါးကျေးငှက်များကျက် စားရာ ချင်းပြည်နယ်သည် ခရီးသွားများအတွက် ဆုံမှတ်တစ်ခု ဖြစ်လာသည်။

ပြည်တွင်းခရီးသွားလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးလာသည်နှင့်အမျှ ခရီးစဉ်များကို လူမှုကွန်ရက်များမှ သော်လည်းကောင်း၊ သတင်းစာ များမှသော်လည်းကောင်း ကြော် ငြာရောင်းချရာတွင် ချင်းပြည် နယ်ခရီးစဉ်သည်လည်း ထိပ်ဆုံးမှ ပါဝင်သည်။ ချင်းပြည်နယ်ခရီးစဉ် ရောင်းချရာတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းခရီးစဉ်ဟူ၍ ခွဲခြား ရောင်းချလေ့ရှိသည်။

ချင်းပြည်နယ်တောင်ပိုင်း တွင် ရှိနေသော ခေါ်နူးစုမ်တောင် (နတ်မတောင်)ကို ခရီးသွားများ အလွန်စိတ်ဝင်စားသည်။ ဧက တစ်သိန်းခုနစ်သောင်းကျော် ကျယ်ဝန်းပြီး ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်အတွင်း ကျရောက်နေသော၊ အာဆီယံအ မွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ် ခံထားရသော နတ်မတောင်သို့ ယခင်က ပြည်ပခရီးသွားများသာ လာရောက်လေ့ရှိသော်လည်း  ယခုနောက်ပိုင်းနှစ်များတွင်တော့ ပြည်တွင်းခရီးသွားများပါ လာ ရောက်ခဲ့သည်။

ကန်ပက်လက်မြို့သို့ လာ ရောက်လည်ပတ်ရာတွင် ပြည် တွင်းခရီးသွားလုပ်ငန်းများဖြင့် ချိတ်ဆက်လာရောက်နိုင်သလို အပင်ပန်းခံနိုင်ပြီး စွန့်စားသွားလာ မှုကို ကြိုက်သော၊ ကုန်ကျစရိတ် သက်သာစွာဖြင့် သွားရောက်လို သော လူငယ်များအနေဖြင့် ကိုယ့် အစီအစဉ်နှင့်ကိုယ် လာရောက် လည်ပတ်နိုင်သည်။

ကားဘယ်လိုစီးမလဲ

ကန်ပက်လက်သို့ လာမည် ဆိုလျှင် နှစ်သက်ရာ အဝေးပြေး ယာဉ်လိုင်းဖြင့် ချောက်မြို့သို့ ဦး စွာစီးရသည်။ ည ၈ နာရီကားဖြင့် ထွက်ပါက နောက်တစ်နေ့နံနက် ၆ နာရီခန့်တွင် ရောက်ရှိမည်ဖြစ် သည်။ ချောက်သို့ရောက်လျှင် ကန်ပက်လက်သို့ သွားသော လူ ၁၂ ဦးစီးကားများရှိပြီး ထို ကားများသည် နံနက် ၆ နာရီခွဲခန့် တွင် ထွက်သဖြင့် အဆင်သင့် တက်လိုက်သွားရုံပင်။ အကြောင်း ကြောင်းကြောင့် ချောက်သို့ အဝင်နောက်ကျလျှင်လည်း ကန်ပက် လက်သို့ သွားမည့် ကားက စောင့်ပေးသဖြင့် စိတ်ပူစရာ မလိုပေ။

ချောက်မှ ကန်ပက်လက်သို့ သွားရာတွင် ဆိပ်ဖြူ-ဆော-ကန် ပက်လက်လမ်းအတိုင်း သွားရ မည်ဖြစ်သည်။ ဆိပ်ဖြူမြို့ကို ဖြတ် ချိန်တွင်တော့ တမာပန်းရနံ့သင်း သင်းလေးက ဆီးကြိုနေသည်။ အစိမ်းနုနုတမာတန်းဘေးတစ် ဖက်တစ်ချက်တွင် လယ်ကွင်းပြင် များရှိသလို အိမ်ဝိုင်းလေးများ လည်း ရှိသည်။ သစ်ပင်တွင် နွားကို ကြိုးဖြင့် ချည်ကာ ဆွတ်ပြီး သား ကြက်သွန်နီများကို ဖြန့်လှန်း နေသော မြင်ကွင်းများ၊ ကြက်သွန် နီဖော်နေသော မြင်ကွင်းများက အညာကျေးလက်အသွင် ထင် ဟပ်နေသည်။ ဆိပ်ဖြူမြို့သည် ကြက်သွန်နီထွက်ရာ မြို့တစ်မြို့ လည်းဖြစ်ပြီး ဆိပ်ဖြူကြက်သွန်နီ သည် မြန်မာပြည်တွင် နာမည်ကြီး သည်။

ဆိပ်ဖြူမြို့ဧရိယာကျော်ပါ က ဆောမြို့သို့ ရောက်မည်ဖြစ် သည်။ ချောက်-ကန်ပက်လက် ကားများသည် အများအားဖြင့် ဆောမြို့တွင် နေ့လယ်စာ စားရန်ရပ်နားလေ့ရှိသည်။ ဆောမြို့ရှိ မြန်မာထမင်းဆိုင်များရှိ လက်ရာများက ပုံမှန်စားနေကျ လက်ရာများနှင့် မတူကွဲပြားသည်။ နွားနောက်သား ဟင်း၊ ဝက်အူချောင်း၊ ကြက်သား ဟင်း၊ ချေသားဟင်း၊ ငါးလေးကြော် စသဖြင့် ရရှိနိုင်ပြီး အဓိကဟင်းတစ်မျိုးမှာပါက ဟင်းရံများ စုံလင်စွာချပေးသည်။ ဂေါ်ရခါး ရွက်၊ ဆူးပုပ်ရွက်၊ ဘူးရွက်တို့ ရောချက်ထားသော အရွက်စုံ ချက်၊ ချဉ်ပေါင်ရွက်ဟင်းချို၊ ပဲနှပ်၊ ဘူးသီးချက်၊ ရုံးပတီသီး ကြော်၊ ခရမ်းချဉ်သီးငါးပိချက်နှင့် လတ်ဆတ်စိမ်းစိုနေသော တို့စရာ အစုံအလင်ချပေးသောကြောင့် ဟင်းရံများဖြင့်ပင် ထမင်းစားမြိန် စေနိုင်သည်။

 

ဆောမြို့တွင် နားပြီးနောက် အကွေ့အကောက်များသော၊ မြင့် မားမတ်စောက်သော တောင် တက်လမ်းများကို နှစ်နာရီမျှ ဖြတ် သန်းကာ ခရီးဆုံး ကန်ပက်လက် မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်မှ ချောက်သို့ ၄၀၉ မိုင်ကွာဝေးပြီး ကားစီးချိန် ကိုးနာရီခန့် ကြာမြင့်သည်။ ချောက်မှ ကန် ပက်လက်သို့ ၈၅ မိုင်ကွာဝေးပြီး  ကားစီးချိန်ပျမ်းမျှ ငါးနာရီခန့်ကြာ မြင့်သည်။

တည်းခိုစရာနေရာလေးတွေ

ကန်ပက်လက်သို့ ရောက်ပြီ ဆိုလျှင် ဟိုတယ်နှင့် တည်းခိုခန်း များကိုလည်း မိမိစိတ်ကြိုက် တတ်နိုင်သော ငွေနှင့်ချိန်၍ ရွေး ချယ်နိုင်သည်။ ခရီးသွားများ ပြားလာခြင်းကြောင့် ကန်ပက် လက်မြို့တွင်း၌ တည်းခိုခန်းအ သစ်များ ဆောက်လုပ်လာပြီး လူတန်းစားမရွေး တတ်နိုင်သော နှုန်းထားများဖြစ်၍ ငွေကုန်ကြေး ကျများမည်ကို စိုးရိမ်စရာမလိုပေ။ မြို့တွင်းတွင် ၂၄ နာရီ မီးရသလို စားသောက်ဆိုင်များသို့သွားမည် ဆိုပါက ဆိုင်ကယ်ကယ်ရီငှား သွားနိုင်သည်။ တောရိပ်တောင် ရိပ်တွင် အေးအေးလူလူတည်းခို ချင်သူများကမူ ခေါ်နူးစုမ်တောင် ခြေတွင်ရှိသော ဟိုတယ်များ၌ တည်းခိုနိုင်သည်။ ထင်းရှူးပင် များကြားတွင် ဆောက်လုပ်ထား သော ဟိုတယ်များဖြစ်ပြီး ကုန်း မြင့်ပေါ်၌ တည်ရှိ၍ ရှုခင်းကြည့် လိုသူများ စိတ်ကြိုက်ဖြစ်သည်။ ဟိုတယ်နှင့် တည်းခိုခန်းဈေးနှုန်း နှင့် ဝန်ဆောင်မှု ကွာခြားသော် လည်း နှစ်ခုစလုံး တူညီသည့် အချက်သည် တိတ်ဆိတ်အေး ချမ်းမှုပင် ဖြစ်သည်။

ကိုလောင်ရေတံခွန်

ကန်ပက်လက်သို့ ရောက်သူ အများစုသွားရောက်လေ့ရှိသည့် ရေတံခွန်ဖြစ်သည်။ ဆိုင်ကယ် ဖြင့်သာ သွား၍ရပြီး လူသူအ ရောက်အပေါက်နည်းသော တော အတွင်းတည်ရှိသည်။ ရေတံခွန် သို့ သွားလိုသူများသည် ဆိုင်ကယ် ကယ်ရီငှားသွားနိုင်ပြီး အသွားအပြန် ကျပ်တစ်သောင်းခွဲခန့် ပေးရသည်။ ရေတံခွန်သို့သွားရာ လမ်းတွင် တောင်စောင်းပေါ် မေးတင်ဆောက်ထားသော ချင်းအိမ်လေးများကို တွေ့ရမည်ဖြစ် ပြီး တောင်စောင်းတစ်လျှောက် ပွင့်နေသော တောပန်းလေးများ နှင့် တောတောင်ရှုခင်းများက ဆိုင်ကယ်စီး၍ ပင်ပန်းမှုများကို ပြေလျော့စေနိုင်သည်။ ၄၅ မိနစ် မျှ ဆိုင်ကယ်စီးရပြီး ကြိုးတံတား တစ်ခုကို ဖြတ်သန်းပြီးပါက ကို လောင်ရေတံခွန်သို့ ရောက်ရှိ မည်ဖြစ်သည်။ စိမ်းလန်းသော တောအုပ်အတွင်း သဘာဝအတိုင်း မပျက်မစီးတည်ရှိနေသော ရေတံခွန်သည် အပင်ပန်းခံသွားရကျိုးနပ်အောင်ပင် သာယာလှပလွန်းသဖြင့် ကန်ပက်လက်သို့ လာရောက်သူများ သွားဖြစ်အောင်သွားသင့်သည့် နေရာတစ်ခုဖြစ်သည်။

ခေါ်နူးစုမ်(နတ်မတောင်)

ပင်လယ်ရေမျက်နှာပြင်အ ထက် အမြင့်ပေ တစ်သောင်းနှစ် ရာကျော်ရှိသော နတ်မတောင် တွင် နို့တိုက်သတ္တဝါများ၊ တွား သွားသတ္တဝါများ၊ လိပ်ပြာမျိုးစုံနှင့် အလွန်ရှားပါးသည့် ဇာမဏီငှက် အပါအဝင် ငှက်မျိုးပေါင်း ၁၅၀ ကျော် နေထိုင်ကျက်စားပြီး အပင် မျိုးစိတ်ပေါင်း ၂,၅၀၀ ခန့် ရှိ ကြောင်း သုတေသနပညာရှင် များက ခန့်မှန်းထားသည်။ ထို့ အပြင် ရှားပါးသည့် ဒေသရင်းမျိုး စိတ်ဖြစ်သည့် တောင်ဇလပ်ဝါ၊ တောင်ဇလပ်ဖြူ၊ ပိုတင်တီလာ နှင့် မြေကပ်ပန်းများ ရှင်သန်ပေါက်ရောက်သလို နှစ်ချို့သစ်ပင်ကြီးများ၊ သစ်ပင်များတွင် ကပ်ပေါက်နေသည့် သစ်ခွပန်းများလည်း တွေ့မြင်ရမည်ဖြစ် သည်။

နတ်မတောင်ကို ၁၉၉၇ တွင် အမျိုးသားဥယျာဉ်အဖြစ် အဆိုပြု ခဲ့သည်။ ယင်းမတိုင်မီ ၁၉၃၆ ကတည်းက ဘောလီမိုးကြိုးဝိုင်း အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ တွင် အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုဖွဲ့စည်းပြီး ၂၀၁၂ တွင် အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

နတ်မတောင်သို့ တက်မည် ဆိုလျှင် ကန်ပက်လက်မြို့မှ ကား ဖြင့်သော်လည်းကောင်း၊ ဆိုင် ကယ်ဖြင့် သော်လည်းကောင်း ဆယ်မိုင်စခန်း (ခေါ်နူးစုမ်အမျိုး သားဥယျာဉ်ထိန်းသိမ်းရေးစခန်း) သို့ သွားရောက်နိုင်သည်။ ဆယ်မိုင် စခန်းမှ နတ်မတောင်ထိပ်သို့ ယခင်က ကားဖြင့် တက်ခွင့်ပြုခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ကားဖြင့် တက်ခွင့် တားမြစ်ထား သည်။ တောင်တက်ခြင်းကို ဝါသနာပါသူများ၊ တောတွင်း လမ်းလျှောက်ခြင်းကို နှစ်သက်သူ များအနေဖြင့် ဆယ်မိုင်စခန်းမှ တောင်ထိပ်သို့ လမ်းလျှောက် တက်နိုင်သည်။

တောင်တက်လမ်းတစ် လျှောက်တွင် တောင်ယာမခုတ် ရန်၊ တောမီးမရှို့ရန်၊ အမဲမပစ်ရန် နှင့် တောင်ဇလပ်ပန်းများ မခူးရန် တားမြစ်ထားသည့် ဆိုင်းဘုတ်  အများအပြား တွေ့ရသည်။ တောင်စောင်းများတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါက်နေသော တောင်ဇလပ်ပင်များက မြေပြန့်မှ သစ်ပင်များ ပေါက်သည့် ပုံစံနှင့် တစ်မူကွဲပြားနေပြီး ဘွန်ဆိုင်းပင်ကလေးများကဲ့သို့ ဖြစ်နေသည်မှာ အလွန်ချစ်စဖွယ်ကောင်းသည်။

တောင်ပေါ်သို့ လမ်း လျှောက်တက်ပါက သုံးနာရီ ကျော်ခန့် ကြာမြင့်နိုင်ပြီး အဆင်း တွင် သုံးနာရီသာ ကြာမြင့်သည်။

တောင်ခြေဆယ်မိုင်စခန်း သို့ ကားဖြင့် တက်လိုသူများအနေ ဖြင့် ကားစင်းလုံးငှားပြီး သွားနိုင် သည်။ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် လာမည်ဆိုလျှင် ဟိုတယ်၊ တည်း ခိုခန်းများမှတစ်ဆင့် ကားငှားနိုင် သည်။ လူနည်း၍ ကားငှားရန် အဆင်မပြေလျှင် ဒေသခံ ဆိုင် ကယ်ကယ်ရီသမားများက လိုက် ပို့ပေးမည်ဖြစ်သည်။ ကယ်ရီခသည် တောင်ထိပ်အရောက် အသွားအပြန် ကျပ်နှစ်သောင်းခွဲ ဖြစ်သည်။

ယခုနောက်ပိုင်း ကန်ပက် လက်သို့ ခရီးသွားကုမ္ပဏီများဖြင့် လာရောက်သလို ကိုယ့်အစီအစဉ် နှင့် ကိုယ်လာပြီးမှ ဒေသခံဧည့် လမ်းညွှန်များကို ချိတ်ဆက်ခြင်း များလည်း ရှိလာကြောင်း ကန်ပက်လက်ဒေသခံ ဧည့်လမ်းညွှန် ကိုအန်ထော်နီက ပြောသည်။

‘‘ကျွန်တော်တို့ဆီကို Pack-age နဲ့ လာလည်းရတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာလည်း ရ တယ်။ ဒီမှာက အားလုံးအဆင်ပြေ အောင် လုပ်ပေးပါတယ်။ လာတဲ့ သူတွေလည်း များလာပါတယ်’’ ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ခရီးသွားလုပ်ငန်းအတွက် နတ်မ တောင်ကို အဓိကမှီခိုနေရသဖြင့် သစ်တောပြုန်းတီးစေမည့် လုပ် ရပ်များကို သစ်တောဦးစီးဌာနက အသိပေးတားမြစ်ကာ တောမ ပြုန်းစေရန် ထိန်းသိမ်းနေသည်။ သို့သော် နတ်မတောင်ရေရှည် တည်တံ့ရေး သစ်တောဦးစီးဌာန တစ်ခုတည်းမဟုတ်ဘဲ အားလုံး ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ် ကြောင်း ကန်ပက်လက်ရှိ Moun-tain Oasis ဟိုတယ် မန်နေဂျာ ဦးအောင်လင်းထန်ကပြောသည်။

‘‘ဒီတောကြီးပြုန်းသွားရင် ဘယ်သူမှ လာမှာမဟုတ်တော့ဘူး လေ။ အဲဒါကြောင့် တောင်ယာ မခုတ်ဖို့၊ တောမီးမရှို့ဖို့ စာတွေ ကပ်တာထက် ဘာကြောင့် တော မီးမရှို့သင့်လဲ၊ ဘာကြောင့် အပင် တွေ မခုတ်သင့်လဲဆိုတာကို ကွင်း ဆင်းပြီး အသိပညာပေးတာမျိုး တွေ လုပ်စေချင်တယ်’’ ဟု ဦးအောင်လင်းထန်က ပြောသည်။ မကြာမီ သင်္ကြန်ပိတ်ရက် ရောက်တော့မည်ဖြစ်၍ မြို့ပြနေ သူများ နတ်မတောင်သို့ လာ ရောက်အပန်းဖြေဦးမည် ဖြစ် သည်။ သင်္ကြန်ပိတ်ရက်များအ တွက် ဟိုတယ်အခန်းများ ပြည့် နေပြီဖြစ်ကြောင်း ဦးအောင်လင်း ထန်က ဆိုသည်။

သင်္ကြန်ကာလအတွင်း အပူ ရှောင်လိုသူများ၊ စိတ်အပန်းဖြေ လိုသူများ၊ မြို့ပြလူနေမှုမှ ခေတ္တ ထွက်ပြေးလိုသူများအတွက် ချင်း တောင်တန်းသည် သဲကန္တာရထဲမှ အိုအေစစ်တစ်ခုသဖွယ်ပင်ဖြစ်ပါ သည်။