ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

 လေထုမတည်မငြိမ် ဖြစ်စဉ်ကြောင့် မိုးကြိုးနှင့် လေပြင်းများတိုက်ခတ်၍ လူသေဆုံးထိ ခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ဆက်တိုက်ရင်ဆိုင်နေစဉ်  ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ ကုန်းကလေးရွာတွင် ဧပြီ ၄ ရက် ညနေက မိုးအနည်းငယ်ရွာသွန်းကာ မိုးကြိုးပစ်သည့် ဖြစ်စဉ် ကြောင့် တောင်ယာ၌ အလုပ် လုပ်နေသော အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ သေဆုံးသူအတွက် ထောက်ပံ့ကြေး ကျပ်သုံးသိန်းကို ကျန်ရစ်သူမိသားစုထံ အစိုးရက ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့သည်။

နွေရာသီတွင် ဖြစ်ပေါ်နေကျ လတ်တလောရာသီဥတုအခြေအနေကြောင့် မြန်မာနိုင်ငံဒေသအချို့၌ မိုးကြိုးပစ်ခြင်း မကြာခဏဖြစ်ပေါ်နေသည်။ မတ်လ ၂၃ ရက်မှ ဧပြီ ၄ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် သုံးဦး၊ ကရင်ပြည်နယ်တွင် တစ်ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင်  နှစ်ဦးမိုးကြိုးထိမှန်သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

နွေရာသီ၌ လေထုမတည်မ ငြိမ်မှုကြောင့် ဖြစ်လာသည့် မိုးတိမ်တောင်ကြောင့် လေပြင်းနှင့် မိုး ကြိုးအန္တရာယ် သတိပြုနေထိုင် ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနက သတိပေးချက်ထုတ် ပြန်ထားသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံအနှံ့တွင် ဧပြီနှင့် မေလအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ မွန်းလွဲ၊  ညနေတို့၌ ဖြစ်ပေါ်တတ်သည့် မိုးတိမ်တောင်များရွေ့လျားရာဒေသများတွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းတို့  ဖြစ်ပေါ်နိုင်၍ အထူးဂရုပြုနေထိုင်ရန်   သတိပေးထားသည်။ မိုးတိမ်တောင် လက္ခဏာသည် ညနေ၌ ရုတ်တရက်ဖြစ်ပေါ်ခြင်းဖြစ်ပြီး ယခုရက်ပိုင်း ရင်ဆိုင်ရသော  လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းတို့သည် ညနေ ၄ နာရီမှ ညနေ ၆ နာရီအတွင်း ဖြစ်ပေါ်ခဲ့သည်။