လသားအရွယ်ကလေးများ အူစွပ်ခြင်းဖြစ်ပါက ကုသမှုအမြန်ဆုံးခံယူရန်လို

 လသားအရွယ် ကလေး ငယ်များ ၀မ်းမသွားဘဲ ဆက်တိုက်အန်နေပါက အူစွပ်ခြင်း လက္ခဏာတစ်ရပ်ဖြစ်နိုင်ပြီး အန္တ ရာယ်ရှိသဖြင့် အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ကြောင်း ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်လွင်က ပြောသည်။


အူစွပ်ခြင်း (Intussuscep-tion)သည် ကလေး၊ လူကြီးမရွေး ဖြစ်နိုင်သော်လည်း အသက်ငါးလမှ ၁၀ လအရွယ် ကလေးများတွင် ပို၍အဖြစ်များတတ်သည်။ ကုသမှု ချက်ချင်းမခံယူပါက အူပုပ်ပြီး အူတွင်းရှိ ပိုးမွှားများ တစ်ကိုယ်လုံးသို့ပြန့်ပြီး အသက်အန္တရာယ် ရှိသည်ဟုဆိုသည်။

‘‘အူစွပ်တာက လသားနဲ့ နှစ် သားအရွယ် ကလေးငယ်တွေမှာ ဖြစ်တတ်တယ်။ အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ဖြစ်တတ်တယ်။စောစောသိရင် ခွဲစိတ်ဖို့မလိုပေ မယ့် သိတာနောက်ကျရင် အူပုပ် တာကြောင့် ခွဲစိတ်ကုသမှုလုပ်ရ တာလည်းရှိတယ်’’ဟု ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြင့်လွင်က ပြောသည်။

အူစွပ်ခြင်းဆိုသည်မှာ အူ၏ အစိတ်အပိုင်းတစ်နေရာက ယင်းနှင့်ကပ်လျက်ရှိသည့် ရှေ့အပိုင်း ထဲသို့ စွပ်ဝင်ခြင်းဖြစ်သည်။ အူမကြီးအစပိုင်းနေရာထဲသို့ အူသိမ်အဆုံးပိုင်းဝင်တတ်ပြီး အူသိမ်ထဲသို့ အူသိမ်ဝင်သည်လည်း ရှိနိုင်သည်ဟု ဆိုသည်။

ကလေးငယ် ၁,၀၀၀ လျှင် တစ်ဦးမှ လေးဦးအထိ ယင်းရောဂါဖြစ်တတ်ပြီး ရောဂါဖြစ်ရသည့် အကြောင်းရင်းကို သေချာမသိရကြောင်း ဆရာဝန်ကြီးများက ဆိုသည်။ သို့သော် ၀မ်းချုပ်တတ် သည့် ကလေးငယ်များနှင့် အသက်ခြောက်လမတိုင်မီ ဖြည့်စွက်စာစောစောကျွေးသည့် ကလေးငယ်များတွင် အူစွပ်ခြင်းဖြစ်နိုင်သည့် အခြေအနေ ကြုံနိုင်သည်ဟု ဆရာဝန်ကြီးများက သုံးသပ်သည်။

လသားအရွယ် ကလေးငယ် များတွင် အူစွပ်ခြင်းခံစားရပါက ရုတ်တရက်ဗိုက်နာပြီး ငိုကျွေးခြင်း၊ ဒူးကို ရင်ဘတ်သို့ ကုတ်ဆွဲ တင်ပြီး ငိုခြင်း၊ ဗိုက်ဖောင်းလာ ခြင်း၊ အန်ခြင်း၊ ဗိုက်နာသည့်အချိန် စိပ်လာခြင်း၊ အန်သည့်အချိန်တွင် စိမ်းဝါရောင်အရည် (သည်းခြေရည်)များပါလာခြင်း၊ ကလေးငယ်သည် အားနည်းလာပြီး သွေးဖိအားကျ၍ နှလုံးခုန်မြန်လာကာ ရှော့ခ်ရသည်အထိ ဖြစ်လာနိုင်ကြောင်း အထွေထွေရောဂါကု  ဆရာဝန် ဒေါက်တာတင့်ဆွေက ၎င်း၏ဖေ့စ်ဘွတ်ခ် ကျန်းမာရေးစာမျက်နှာတွင် ရေးသားထား သည်။

‘‘အစ်မကလေး ငါးလကျော် မှာ ကလေးက နို့စို့ပေမယ့် ၀မ်းမ သွားဘူး။ နှစ်ရက်လောက်ရှိတော့ အန်တယ်။ ပထမအ၀ါရောင်အ ရည်တွေ၊ နောက်စိမ်းဝါရောင် တွေ၊ နောက်ပိုင်းကျအစိမ်းရောင် အရည်တွေအန်တယ်။ ဗိုက်ကလည်း တဖြည်းဖြည်းနဲ့ ဖောင်းလာတယ်။ အဲဒါအရေးပေါ်ခွဲစိတ်လိုက်ရတယ်’’ဟု တောင်ကြီးမြို့နေ မနွယ်မွန်က ၎င်းအတွေ့အကြုံကိုပြောသည်။

အူစွပ်ခြင်း အခြေအနေကို သိရှိနိုင်ရန် ဓာတ်မှန်ရိုက်ခြင်း၊ ၀မ်း ဗိုက်ကို အာထရာဆောင်းရိုက် ခြင်းများ ပြုလုပ်နိုင်ပြီး ရောဂါဖြစ် နေသည့်အခြေအနေပေါ် မူတည် ၍ လိုအပ်မှသာ ခွဲစိတ်ကုသရ ကြောင်း ဒေါက်တာမြင့်လွင်က ဆိုသည်။

 ‘‘ကလေးတွေမှာ ဗိုက်အောင့်တယ်၊ အန်တယ်ပေါ့၊ အစာမှားလို့ အန်တာရော၊ အစာမကြေလို့ အန်တာရောက ၀မ်းသွားတတ်တယ်။ ၀မ်းလုံးဝမသွား ဘဲ ဆက်တိုက်အန်နေရင် သတိသာထားတော့ ဆရာဝန်နဲ့ အမြန် ဆုံးပြရမယ်’’ဟု ဒေါက်တာမြင့် လွင်က အကြံပြုသည်။