သထုံမြို့ သင်္ကြန်ပွဲတော်တွင် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ပထမအကြိမ် ကျင်းပမည်

 ယခုနှစ် သထုံသင်္ကြန်တွင် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ပထမဆုံးအကြိမ်  ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သထုံခရိုင် ရခိုင်တိုင်းရင်းသားများ သာရေး၊ နာရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောသည်။

၂၀၁၆ က စတင်ကာ သထုံ သင်္ကြန်ဖွင့်ပွဲတွင် ရခိုင်ရိုးရာနံ့သာ သွေးပွဲ ထည့်သွင်းကျင်းပပြီး ယခုနှစ်၌ ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း သည့် အနေဖြင့် သင်္ကြန်ကျင်းပ ရေးကော်မတီနှင့် ပူးပေါင်းကာ ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘အရင် ၂ နှစ်မှာတော့ ပြိုင် ပွဲအနေနဲ့တော့ မလုပ်ဘူး။ တိုင်း ရင်းသားတွေနဲ့အတူ နံ့သာသွေးပွဲ ပဲ လုပ်ခဲ့တာပါ။ ဒီနှစ်မှာတော့ မြို့မိ၊ မြို့ဖတွေက ပြိုင်ပွဲလုပ်ချင် တာနဲ့ ရခိုင်သာရေး၊ နာရေးအ သင်းက သင်္ကြန်ကျင်းပရေးကော် မတီနဲ့ ပူးပေါင်းပြီး ပထမဆုံးအ ကြိမ် ကျင်းပတာဖြစ်တယ်’’ ဟုဦးခင်မောင်ကျော်က ပြောကြားသည်။

ရခိုင် တိုင်းရင်းသားများ သည် နှစ်ဟောင်းက အညစ်အ ကြေးများကို ဆေးကြောသည့်အ နေဖြင့် သင်္ကြန်အကြိုနေ့တွင် နံ့ သာသွေးပွဲပြုလုပ်ကာ နံ့သာရည် များဖြင့် မြတ်စွာဘုရား ရုပ်ပွား တော်မြတ်များအား ပက်ဖျန်းပူဇော်ပြီးမှ အတာသင်္ကြန်ပွဲတော်ကို ဆက်လက်ကျင်းပဆင်နွှဲသည့် အစဉ်အလာရှိကြောင်း သထုံမြို့ခံ ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

‘‘ပြိုင်ပွဲမှာ ဆုရတဲ့အဖွဲ့တွေ ကိုတော့ ကျင်းပရေးကော်မတီက ဆုချီးမြှင့်သွားမှာဖြစ်သလို ပြိုင်ပွဲ ကျင်းပရေးစီစဉ်တဲ့ အပိုင်းကို တော့ ရခိုင်သာရေး၊ နာရေးအ သင်းကပဲ တာဝန်ယူဆောင်ရွက် သွားမှာပါ’’ဟု ဦးခင်မောင်ကျော် က ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် ကရင်၊ ပအိုဝ်း၊ ရခိုင်၊ ဗမာတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်နှင့် လူမှုရေးအသင်းအ ဖွဲ့များ၏ ယဉ်ကျေးမှုအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ပြီးနောက် မြို့ကျက်သရေဆောင် လေးဆူဓာတ်စံရွှေ စာရံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပူဇော်မည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။