ဖားကန့်တွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်မှုများရှိဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့်  ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိ ခိုက်သေဆုံးမှုရှိကြောင်း KIA နှင့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

 မြစ်ကြီးနား - ဖားကန့်လမ်း တံတားညီနောင်ရှိ တပ်မတော် လုံခြုံရေးစခန်းကို KIA တပ်ရင်း (၆) က ဧပြီ ၆ ရက် နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။ ထို့နောက် တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘တပ်မတော်ဘက်ကလည်း နည်းနည်းအထိနာတယ်လို့ ပြော ကြတယ်။ အဲဒါကြောင့် ပြန်ပြီး တော့ စစ်ဆင်ရေးပြန်လုပ်ရင် တော့ တိုက်ပွဲက ဆက်ဖြစ်နိုင်တဲ့ အခြေအနေတော့ ရှိပါတယ်’’ဟု KIA ပြောရေးဆိုခွင့်ရှိသူက ဆို သည်။ အဆိုပါတိုက်ပွဲနှင့်ပတ် သက်၍ အသေးစိတ်အချက်အ လက်များ အတိအကျမသိရဟု ၎င်းက ဆက်ပြောသည်။


 အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ထံ ဧပြီ ၇ ရက်က ဆက်သွယ်ရာ ဖုန်းအဆက်အသွယ်မရရှိပေ။ ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ဧပြီ ၇ ရက် ည ၈ နာရီခန့်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးဇော်ခင်အောင်က ‘‘တိုက်ပွဲဖြစ်တာ  မှန်ပါတယ်။ တိုက်ပွဲဖြစ်ချိန်က ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ ကြာတယ်ပြော တယ်။ ဒါပေမဲ့ ၃ နာရီလောက် အထိ လမ်းကြောင်းပိတ်လိုက် တယ်။ အကျအဆုံးအထိအခိုက် တော့ တို့တွေမသိဘူး’’ဟု ပြော သည်။

ဖားကန့်ဒေသ၌ ဧပြီ ၆ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပြီးနောက် ညတွင် မိုးကောင်းမြို့အနီး၌ လက်နက်ကြီးပစ်ခတ်သံများ  ကြားရကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၆ ရက် နံနက်အစော ပိုင်းက ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်၍ ဧပြီ ၇ ရက် ည ၈ နာရီခန့်အထိ တပ်မတော်က သတင်း မထုတ်ပြန်သေးသော်လည်း တပ် မတော်မှ အရာရှိအချို့အပါအဝင် တပ်သားအချို့ ကျဆုံးကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

တပ်မတော်နှင့် KIA သည် မတ်လကုန်နှင့် ဧပြီလဆန်းက မံစီမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

တပ်မတော်နှင့် KIA တို့ မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အ ထိ မံစီမြို့နယ်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ဧပြီ ၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်၊ မံစီ၊ တနိုင်း၊ ဗန်းမော်နှင့် ဆွမ်ပ ရာဘွမ်၊ ပူတာအိုဒေသတို့၌ တပ် မတော်နှင့် KIA အကြား စစ်ရေး တင်းမာနေပြီး အချိန်မရွေးတိုက် ပွဲဖြစ်ပွားနိုင်ကြောင်း KIA က ဆို သည်။

တနိုင်းဒေသတွင် လှုပ်ရှား နေသည့် KIA တပ်ရင်း(၁၄)ကဧပြီ ၅ ရက်၌ သတိပေးစာထုတ် ပြန်ထားရာ ဧပြီ ၁၀ ရက်က စတင်ပြီး တနိုင်းဒေသအတွင်း ပြောက် ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင် ရေးလုပ်ဆောင်မည်ဟု ဖော်ပြခဲ့ သည်။