ကားလက်မှတ်ဈေးနှုန်း ပိုမိုရောင်းချသည့် လက်မှတ်အရောင်း ဂိတ်မှူးတစ်ဦးကို ထောင်ဒဏ် နှစ်လ ချမှတ်

 ကားလက်မှတ်ခ ပိုမိုရောင်းချသည့် ကားလက်မှတ် အရောင်းဂိတ်မှူးကို စည်ပင်သာ ယာအထူးတရားရုံးက ထောင်ဒဏ် နှစ်လချမှတ်ခဲ့ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ တာဝန်ရှိသူများက ပြောကြား သည်။

ဧပြီ ၄ ရက်က မန္တလေးမြို့ သီရိမန္တလာကားထွက်ပေါက်တွင် ခရီးသည် သုံးဦးနှင့် တက္ကစီယာဉ်မောင်းတို့ စကားများနေသည် ကိုတွေ့ရှိသောကြောင့် ခေါ်ယူစစ်ဆေးရာ ၇၇ လမ်း၊ ၃၁×၃၂ လမ်းကြားရှိ ကားလက်မှတ်အရောင်းဂိတ်တစ်ခုမှ မန္တလေး-ပုလဲကားလက်မှတ်ခကျပ် ၃,၀၀၀ ကျသင့်သည်ကို ကျပ် ၁၄,၀၀၀ တောင်းယူ ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အရေးယူခဲ့ကြောင်း စည်ပင်သာ ယာရဲတပ်ဖွဲ့ (မန္တလေး)မှတ်တမ်း များ၌ ဖော်ပြထားသည်။

အဆိုပါကားလက်မှတ်ခပိုရောင်းချသည့် လက်မှတ်အ ရောင်းဂိတ်ကို စည်ပင်သာယာ အထူးတရားရုံးအပြင် အရပ်ဘက် တရားရုံးသို့ တရားစွဲတင်ပို့ထား ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ငြိမ်းချမ်းအောင် က ပြောသည်။

‘‘ဒီဂိတ်ကို နှစ်ကြိမ်အရေးယူ ထားပြီးပြီ။ ဒါကိုမှ ဆက်ဖွင့်နေပြီး ကားလက်မှတ်ခတွေကို ခရီးသည် တွေဆီက  ပိုတောင်းနေတာကို စစ်ဆေးတွေ့ရှိလို့ တတိယအ ကြိမ်မှာ စည်ပင်သာယာတရားရုံး ကို တရားစွဲတင်ပို့ခဲ့ပြီး ထောင် ဒဏ် နှစ်လချမှတ်ခဲ့တယ်။ အရပ် ဘက်တရားရုံးမှာလည်း စည်ပင် သာယာရဲတပ်ဖွဲ့ကပဲ တရားလိုပြု လုပ်ပြီး တရားစွဲဆိုထားတယ်’’ဟု ၎င်းက ပြောသည်။

 ကားလက်မှတ်အရောင်း ဂိတ်တာဝန်ရှိသူကို စည်ပင်သာ ယာဥပဒေပုဒ်မ ၁၁၇ ဖြင့် ပြီးခဲ့ သည့်နှစ် အောက်တိုဘာက ပထမအကြိမ်ဖမ်းဆီးအရေးယူပြီး ဒဏ်ငွေကျပ် ၅၀,၀၀၀ ဒဏ်ရိုက် ခဲ့ကြောင်း၊ နိုဝင်ဘာတွင် အရောင်းဂိတ်ဆက်လက်ဖွင့်လှစ်ထား သည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဒုတိယအကြိမ် ဒဏ်ငွေ ခုနစ်သိန်းခွဲ ဒဏ်ရိုက်အရေးယူခဲ့ကြောင်း စည်ပင်သာယာ ရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲအုပ် သဲဦးလှိုင်က ပြောကြားခဲ့ သည်။

ကားလက်မှတ် အရောင်း ဂိတ်တာဝန်ရှိသူနှင့် တက္ကစီယာဉ် မောင်းတို့ကို ချမ်းအေးသာစံမြို့ နယ်တရားရုံးတွင် စည်ပင်သာယာရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုထား ကြောင်း ၎င်းက ဆိုသည်။