ဟင်းလင်းပွင့်နေသော သေမင်းခံတွင်းများ

ဧပြီ၁ ရက်နေ့ မနက်အိပ်ရာထ ကော်ဖီသောက်အပြီးတွင် ညီငယ်တစ်ယောက်က ‘‘ဆရာ ... မက်ဆင်ဂျာမှာ မက်ဆေ့ခ်ျပို့ထား ထယ်။ ဖွင့်ကြည့်လိုက်ပါဦး’’ဟု ဖုန်းဆက်လာသည်။ ဖွင့်ကြည့် လိုက်တော့ တံတားကျိုးတစ်ခု၏ ဓာတ်ပုံများကို တွေ့ရသည်။ ‘မြောင်းမြ ကြိုးတံတား ကျိုးကျ၊ လူနှစ်ဦးပျောက်ဆုံး’ဟု စာတန်း ထိုးထားသည်ကို တွေ့ရသည်။ ငါ့ကိုတော့ ဧပြီဖူးလ် လုပ်ပြန်ပြီ ဟု တွေးရင်း ပြုံးမိသည်။ သို့သော် မက်ဆေ့ခ်ျများကို စစ်ကြည့်သည့် အခါ အခြားမက်ဆေ့ခ်ျများတွင် လည်း ထိုပုံများပို့ထားသည်ကို တွေ့မြင်ရသည်။ ဒါလောက်တူ နေတဲ့မက်ဆေ့ခ်ျတွေက ဧပြီဖူးလ် လုပ်တာတော့ မဖြစ်နိုင်ဟု စိတ် ထဲ ထင့်သွားမိသဖြင့် အွန်လိုင်း သတင်းများကိုတက်၍ ရှာကြည့် မိသည်။ တွေ့ပါပြီ။ ဆဲဗင်းဒေး ဂျာနယ်၏ အွန်လိုင်းစာမျက်နှာ တွင် ထိုသတင်းကို တင်ထား သည်။ အခြားသတင်းမီဒီယာ စာမျက်နှာ နှစ်ခုတွင်လည်း သ တင်းတိုနှစ်ပုဒ်ကို တွေ့ရသည်။သို့နှင့်ပင် ခေါင်းနားပန်းကြီးကာ မြောင်းမြမှ မိတ်ဆွေများထံ ဖုန်း ဆက်၍ သတင်းမေးရသည်။

မိတ်ဆွေများ၏ ပြောပြချက် အရ ရွေးမြစ်ဖြတ်ကူး မြောင်းမြ ကြိုးတံတားသည် ယနေ့နံနက်က ကျိုးကျသွားခဲ့ကြောင်း၊ တံတား ကျိုးကျခဲ့ရာတွင် တံတားပေါ်မှ ဖြတ်သန်းနေသည့် ကုန်တင် ယာဉ်တစ်စီးနှင့် ယာဉ်ပေါ်ပါသူ များ မြစ်ထဲသို့ကျသွားခဲ့ကြောင်း၊ ထိုကုန်တင်ယာဉ်မှာ မြောင်းမြမြို့ နတ်စင်လမ်းမှ ဦးအောင်ကြီး၏ ကုန်တင် ခြောက်ဘီးယာဉ်ဖြစ်ပြီး ယာဉ်မောင်း မဲကြီး (ခ) သန့်ဇော် ထိုက်နှင့် ယာဉ်နောက်လိုက်တစ် ဦးတို့ပါ ကားနှင့်အတူ မြစ်ထဲသို့ ကျသွားခဲ့ပြီး ပျောက်ဆုံးနေ ကြောင်း သိရပါသည်။ မြစ်ထဲသို့ ကျသွားခဲ့သူများကို မီးသတ်ရေ ယာဉ်တစ်စီးနှင့် စက်လှေတို့ဖြင့် လိုက်လံ ရှာဖွေနေသော်လည်း ယခုအချိန်အထိ မတွေ့ရသေး ကြောင်း၊ သတင်းရသည်နှင့် ဧရာ ဝတီတိုင်းဝန်ကြီးချုပ် လာရောက် ပြီး ကိုယ်တိုင် ကြပ်မတ်ဆောင် ရွက်နေကြောင်း၊ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ် တောက်မှုမရှိစေရန်နှင့် ကုန်စည် စီးဆင်းမှု ပြတ်တောက်မှု မရှိစေ ရန် ရေလမ်းကြောင်းမှ ဇက်ရေ ယာဉ်များ အသုံးပြု ပို့ဆောင်ပေး ရန် အရေးပေါ် စီစဉ်နေကြောင်း သိရပါသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ လပွတ္တာ-မြောင်းမြ-အိမ်မဲ- ကျောင်းကုန်း-ကျုံပျော် ကား လမ်းမပေါ်ရှိ ရွေးမြစ်အား ဖြတ် ကူး တည်ဆောက်ထားသည့် မြောင်းမြမြို့အဝင် ကြိုးတံတား သည် နဝတအစိုးရ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ (၁/၉၄) ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက်အရ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ထို စဉ်က နဝတ အတွင်းရေးမှူး (၂) ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးတင်ဦး၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ် စောထွန်း၊ ဧရာဝတီတိုင်း တဝတ ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့် တင်တို့က ဖွင့်လှစ်ပေးခဲ့သည်ဟု စိုက်ထူထားသည့် ကမ္ပည်းစာတွင် တွေ့ရှိရပါသည်။ သို့ဖြစ်ရာ တံ တားတည်ဆောက်ပြီး ဖွင့်လှစ်ခဲ့ သည့် အချိန်မှစ၍ ယခုပြိုပျက် သွားသည့်အချိန်တွင် တံတား၏ သက်တမ်းမှာ ၂၂ နှစ်သာရှိပါ သေးသည်။ ထိုမျှသော သက် တမ်းကာလ တစ်ခုအတွင်း တံတားတစ်စင်း ပြိုကျပျက်စီးခဲ့ရ သည်ဆိုသည်မှာ အလွန်ပင် အံ့သြဖွယ်ရှိလှသည်။

မြောင်းမြမြို့နယ်ရှိ လူဦးရေ သုံးသိန်းအတွက် သာမက လပွတ္တာမြို့နယ်အတွင်းရှိ လူဦး ရေ နှစ်သိန်းကျော်အတွက်ပါ သွားရေးလာရေး၊ ကုန်စည် သယ် ယူပို့ဆောင်ရေးအတွက် အရေးပါ သည့် တံတားတစ်စင်းဖြစ်ပြီး တံတား၏ တန်ဖိုးမှာ ထိုခေတ် ငွေကြေးတန်ဖိုးဖြင့် ကျပ်ငွေ သိန်း ပေါင်း ၄,၇၀၀ နှင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်း အကုန် အကျခံ၍ တည်ဆောက်ခဲ့ရသည့် တံတားတစ်စင်းသည် သက်တမ်း ၂၂ နှစ်မျှသာ အာမခံချက်ရှိသည် လော။

စတင်တည်ဆောက်ချိန်က တံတား၏ ဖြတ်သန်းခွင့်ပြု အလေးချိန်သည် တန် ၆၀ ဖြစ် သော်လည်း နာဂစ်ကာလတွင် အရေးပေါ် အခြေအနေကြောင့် တံတား၏ ခွင့်ပြုတန်ချိန်ထက် ပို မိုသည့် အလေးချိန်ဝန်များကို ဖြတ်သန်းခွင့်ပြုခဲ့ရသဖြင့် တံတား မှာ ယိုယွင်းခဲ့ရကြောင်း၊ သို့ဖြစ်၍ ယခုနှစ်များတွင် မူလဝန်ချိန် အစား တန် ၂၀ ခန့်သာ ဖြတ်သန်း ခွင့်ပြုနိုင်တော့ကြောင်း၊ တံတား ပေါ်တွင် နှစ်လမ်းသွားအစား ကားတစ်စီးစီသာ ဖြတ်သန်းခွင့် ပြုတော့ကြောင်း၊ တံတား အောက်တွင် လှေ၊ သင်္ဘောများ စွာ နေ့စဉ်ဖြတ်သန်း၍နေပြီး ယင်းမှာ အလွန်အန္တရာယ်ရှိသော အခြေအနေဖြစ်ကြောင်း သိရှိရ ပါသည်။ ယခု တံတားကျိုးကျချိန် တွင် တံတားပေါ်မှာ ၁၆ တန်ကုန် ချိန်ရှိသော ခြောက်ဘီးကုန်တင် ကားတစ်စီး ဖြတ်သန်းစဉ် ကျိုးကျ ခဲ့ခြင်းဖြစ်ရာ တံတား၏အခြေ အနေမှာ လွန်စွာ ဆိုးရွားနေသည်။ မည်သည့် ကုန်တင်ယာဉ်၊ မည် သည့်အလေးချိန်တွင်မှ စိတ်ချ လက်ချ ဖြတ်ကူးနိုင်ခြင်းမရှိဟူ သည့်သဘော ရှိပါသည်။ ဤသို့ အခြေအနေရှိသော တံတားကို မည်သို့ ပြုပြင်ထိန်းသိမ်းမှု ပြုခဲ့ ကြလေသနည်း။

ထိုမြောင်းမြတံတားကို တံ တားကျိုးမကျမီ ရက် ၂၀ ခန့်က လမ်းတံတားဦးစီးဌာနက ပြုပြင်ခဲ့ သည်ဟု သိရသည်။ ပြုပြင်ရာ တွင် အသေးစား ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ တံတား၏မြင်သာ သော အစိတ်အပိုင်းကိုသာ ပြု ပြင်ခဲ့ခြင်းဖြစ်ကြောင်း တံတား အထူးအဖွဲ့ တာဝန်ရှိသူက ပြော ဆိုခဲ့ကြောင်း သိရသည်။ အလွန် အန္တရာယ်ရှိနေပါသည်ဟု လွှတ် တော်တွင်ပင် အဆိုတင်သွင်းခဲ့ပြီး သော တံတားတစ်စင်းကို အသေး စားပြုပြင်သည်၊ မြင်သာသော အစိတ်အပိုင်းကိုသာ ပြုပြင်ခဲ့သည်ဆိုသည်မှာ အံ့သြဖွယ်ရှိလှသည်။ သို့သော် ယင်းတို့၏ သတင်းထုတ် ပြန်ကြေညာချက်တွင်မူ တံတား ကို ပြင်ဆင်ပြီးဖြစ်၍ ပြည်သူများ လုံခြုံစိတ်ချစွာ ဖြတ်သန်းသွား လာနိုင်ကြောင်း ဖော်ပြထားသည် ကို တွေ့ရပါသည်။ ယခုမူ ထိုသို့ လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာ နိုင်ပါသည်ဟု တံတားအထူးအဖွဲ့ မှ အာမခံထားသော တံတားပေါ် မှ ဖြတ်သန်းရင်းပင် လူနှစ်ဦး၏ အသက် ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။

မြောင်းမြကြိုးတံတား ကျိုး ကျ၍ လူ့အသက်များ ဆုံးရှုံးရပြီး သည့်နောက်တွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်တစ်ရပ် ထွက်ပေါ်လာပါ သည်။ သတင်းထုတ်ပြန်ကြေညာ ချက်တွင်မူ အဆိုပါတံတား တည် ဆောက်စဉ်ကပင် တန်ချိန် ၈,၅၀၀ အလေးချိန်ရှိသော ကွန် ကရစ်ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ် ရှိခဲ့၍ ပြန်လည်ပြင်ဆင်ခဲ့ရသော တံတားဖြစ်ပါသည်ဟု ဖော်ပြ ထားရာ တံတားသည် အရည် အသွေးမပြည့်သော တံတားတစ် စင်း၊ မပြီးခင်ကပင် အန္တရာယ်ရှိ သော တံတားတစ်စင်း ဖြစ်နေ သည်ဆိုသည်ကို အထင်းသား သိ မြင်နိုင်ပါသည်။ ထို့အတွက် မည် သူတို့တွင် တာဝန်ခံမှု၊ တာဝန်ယူ မှု ရှိခဲ့ပါသနည်း။

ထို့အပြင် မြောင်းမြဘက် ကမ်းရှိ ကွန်ကရစ်ကြိုးထိန်းခုံ နိမ့် ကျမှုဖြစ်စဉ်ကြောင့် တာဝါတိုင် သည် မြစ်၏ဆန့်ကျင်ဘက်သို့ ၁၁ လက်မ စောင်းရမည့်အစား မြစ်ဘက်သို့ ၇ လက်မစောင်းနေ၍ တံတားတည်ဆောက် ပြီးစီးချိန်က စ၍ နှစ်စဉ် စောင့်ကြည့် စစ်ဆေး ခဲ့ရပါသည်ဟု ဆိုပါသည်။ သို့ဖြစ် ရာ ထိုတံတားကို တည်ဆောက်ခဲ့ သည့် နည်းပညာများနှင့် အင်ဂျင် နီယာ အတတ်ပညာတို့မှာလည်း အလွန်ပင် လက်ဖျားခါ ချီးမွမ်း ရမည်ဖြစ်ပါသည်။

ထိုတံတားကို သက်တမ်း နှစ် (၂၀) ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ်မှစ၍ လစဉ်စစ်ဆေးမှု များ ပြုလုပ်ခဲ့ပါသည်။ စစ်ဆေး ရာတွင် တံတားကြမ်းခင်းများ၊ မူလီများ၊ Expansion Joint များ၊ Suspender Rod များမကောင်း လျှင် လဲလှယ်မှုများ ချက်ချင်းပြု လုပ်ခဲ့ပါသည်။ ယခုဖြစ်စဉ်ကို စစ်ဆေးရာတွင် ကွန်ကရစ် ကြိုး ထိန်းခုံ၏အတွင်းပိုင်း ကွန်ကရစ် ထဲတွင်ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြည့်ပြီး ကြိုးပြတ်၍ တံတားကျိုးကျပျက် စီးခဲ့ကြောင်း တွေ့ရှိရပါသည်ဟု သတင်းထုတ်ပြန်ချက်တွင် ထည့် သွင်းဖော်ပြထားရာ မြန်မာနိုင်ငံ တွင် ထိုကဲ့သို့ တည်ဆောက်ထားသည့် တံတားများသည် မမြင်နိုင် သည့် အတွင်းပိုင်းအစိတ်အပိုင်း များ ဆွေးမြည့်ခြင်း၊ ဒဏ်ခံနိုင်မှု မရှိခြင်းတို့ကြောင့် အချိန်မရွေး ပြတ်ကျပျက်စီးနိုင်သည်ဟု ထင် မြင်ယူဆဖွယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တည် ဆောက်ပြီးစီးသော တံတားများ အား နှစ်တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါသည်။ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်း ပြုလုပ်အပြီး ပြန် လည်ဖြတ်သန်းခွင့် ပြုချိန်တွင် ရက် ၂၀ အတွင်း တံတားကျိုးကျ တတ်သလားဟု မေးလျှင် သက် ဆိုင်ရာလူကြီးမင်းတို့ ဒေါမနဿ ဖြစ်ကြမည်ထင်၏။

ကြိုးတံတားများမှာ မြောင်း မြတံတားအပါအဝင် စုစုပေါင်း အစင်း ၃၀ရှိပြီး အဆိုပါကြိုးတံ တားများကို ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်စေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အသေး စိတ် စစ်ဆေးမှုများကို ချက်ချင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကြိုးတံတားများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဂျပန် အင်ဂျင်နီယာ ပညာရှင်များနှင့် လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးအစီအစဉ်ဖြင့် တရုတ်အင်ဂျင်နီယာ ပညာရှင် များနှင့်လည်းကောင်း အတူပူး ပေါင်းပြီး တံတားများ၏ ကြံ့ခိုင် ရေးအခြေအနေများအား စစ် ဆေးသွားမည်ဖြစ်ပါသည်။ ပြည် သူများအနေဖြင့် လက်ရှိ အသုံးပြု လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကြိုးတံ တား ၂၉ စင်းကို စိုးရိမ်မှုမရှိကြပါ ရန်နှင့် အဆိုပါတံတားများ ရေ ရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက်ရှိ ပါသည်ဟု သတင်းထုတ်ပြန် ကြေညာထားသည်ကို တွေ့ရပါ သည်။ စိုးရိမ်ပူပန်မှု မရှိကြစေရန်  ဝန်ကြီးဌာနက၏ သတင်းထုတ် ပြန်ကြေညာချက်ကြောင့် အနည်း ငယ်တော့ စိတ်အေးရပါသည်။ သို့သော် တံတားကျိုးကျသည့် ဖြစ်စဉ်များနှင့် ကြုံတွေ့ရသော အခါမှာ မြောင်းမြတံတား စစ် ဆေးခဲ့သည့် တံတားအဖွဲ့ကဲ့သို့ မြင်ရသော အစိတ်အပိုင်းကိုသာ စစ်ဆေး ပြင်ဆင်ခဲ့ခြင်းဖြစ်ပါ သည်ဟု ကြေညာချက်များ ထွက် ပေါ်လာဦးမည် ဆိုပါမူကား ယုံ စားမိ ကိုယ့်အမှားဟုပင် တေးချင်း ကလေး ညည်းရလိမ့်မည်ထင်ပါ သည်။

မြန်မာပြည်တွင် နဝတ ခေတ်ကာလက အမြန်ဖောက်ခဲ့ သော လမ်းများနှင့် အမြန်ဖောက် ခဲ့သော တံတားများ ရှိပါသည်။ ‘မြစ်ကိုတွေ့လျှင် တံတားဆင် မည်၊ ပြည်ခွင်သာဖို့ လမ်းခင်းစို့’ ဆိုသည့်ဆောင်ပုဒ်မှာ အလွန်ပင် လှပပါသည်။ သို့သော် ထိုတံတား များ၏ အရေအတွက်ကို ဂုဏ်ယူ စွာ ကြွားဝင့်ခဲ့သူတို့သည် ယင်းတို့ ၏ အရည်အသွေးစံနှုန်းကိုမူ အာ မခံ ပြောကြားခဲ့သည်ကို မတွေ့ရ ပါ။ ယခုတော့ မြောင်းမြကြိုးတံ တားက တံတားကျိုအဖြစ်ဖြင့် ထို ခေတ်ထိုအခါက ဆောက်လုပ်ခဲ့ သော တံတားများ၏ အရည် အသွေးကို သက်သေထုတ်ပြ လိုက်ပြီဖြစ်ပါသည်။

ယခုအတိုင်းသာ ဆိုလျှင် ဖြင့် မြန်မာပြည်အနှံ့အပြား ချောင်းကူးတံတား၊ မြစ်ကူးတံ တား၊ ခုံးကျော်တံတားတို့ပေါ်မှ ဖြတ်သွားနေကြရသည့် ပြည်သူ တို့၏ အသက်အန္တရာယ်တို့ အတွက် စိတ်အေးဖွယ် မရှိလှပါ။ ဘယ်အချိန်တွင် ဘယ်ဆီးသီး ဗန်းမှောက်ခဲ့သည့် တံတားတို့ ကျိုးကျချေဦးမည်နည်း၊ မည် သည့်တံတားတို့က ခရီးသွားပြည် သူတို့ကို ရေအောက်သင်္ချိုင်းသို့ ပို့ဆောင်လေဦးမည်နည်း ဆို သည်ကိုတော့ဖြင့် တွေးကာချင့် ကာ စိတ်ထင့်စိုးနှောင့် ဖြစ်ရပါ သည်။ ပြီးခဲ့သည်တို့က ပြီးခဲ့ပါပြီ။ မြက်ဟောင်းကိုမွှေလျှင် အပုပ်နံ့ ထွက်မည်ဟု ဆရာစိုင်းခမ်းလိတ် က တေးဖွဲ့ခဲ့ပါသည်။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်ပါပြီ။ ဆောက်ခဲ့သူ၊ မှောက်ခဲ့သူတို့အား အပြစ်မဆိုတော့ပါ။ ပြည်သူတို့ အသက်အန္တရာယ်ကင်းစွာ ဖြတ် သန်းသွားလာနိုင်ရေးအတွက် ထို တံတားများ၏ ခိုင်ခံ့ရေး၊ လုံခြုံ စိတ်ချရေးတို့ကို စနစ်တကျ ပြု ပြင်ထိန်းသိမ်းရေး လုပ်ဆောင် ပေးကြရန်သာ လက်ရှိ တာဝန်ရှိ သူတို့အား အလေးအနက် တိုက် တွန်းလိုပါတော့သည်။  

တစ်ချိန်က အိန္ဒိယနိုင်ငံမှ လေကြောင်းခရီးစဉ်များတွင် ပြေး ဆွဲနေသော လေယာဉ်များကို ပျံ သန်းနေသော ခေါင်းတလားများ ဟု သတင်းဆောင်းပါးများတွင် ရေးသားခဲ့ကြသည်ကို အမှတ်ရ မိပါသည်။ ဟောင်းနွမ်းလှပြီဖြစ်၍ အချိန်မရွေး ပျက်ကျနိုင်သော လေယာဉ်များကို  ပျံသန်းနေ သော ခေါင်းတလားများဟု အမည်တပ်လျှင် စည်းကမ်းမဲ့ သေးပေါက်သဖြင့် မူလီပြတ်ထွက် ၍ နိမ့်စောင်းသွားရသည်ဟူသော တံတား၊ ကမ်းကပ်ခုံ မကြာခဏ နိမ့်ကျသွားတတ်သောတံတား၊ အတွင်းတွင် ထည့်မြှုပ်တည် ဆောက်ထားသည့် သံမဏိကြိုး များ ပြတ်တောက်၍ မြစ်အတွင်း သို့ ရေသောက်ဆင်းတတ်သော တံတားများကို ဟင်းလင်းပွင့်နေ သော သေမင်းခံတွင်းများ ဟု အမည်တပ်ရလိမ့်မည် ထင်ပါ သည်။ ထို သေမင်းခံတွင်းများ အတွင်းသို့ ပြည်သူတို့ မသက် ဆင်းရစေရန်မှာကား မည်သူမည် ဝါ မည်သည့်ပုဂ္ဂိုလ်တို့က တာဝန် ခံပါချေမည်နည်း။

(ဖော်ပြပါ  ဆောင်းပါးသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)