သင်္ကြန်ပိတ်ရက် အိမ်အပြန်ကားလက်မှတ်အခက်အခဲနှင့် ပြည်သူ့အသံ

ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ကားလက်မှတ်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် နေရပ်ပြန်မည့်သူများကို ယမန်နေ့က တွေ့ရစဉ်။(ဓာတ်ပုံ − အောင်ကျော်ဇင်)

ယခုနှစ်သင်္ကြန်ပိတ်ရက်ကို ငါးရက်သာစတင်သတ်မှတ်ခံစားစေခဲ့ရာ တရားဝင်ရုံးပိတ်ရက်များသည် ဧပြီ ၁၃ ရက်တွင်စတင်ပြီး ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)အထိဖြစ်သည်။ ယင်းရက်များတွင် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများမှ နယ်ဝေးသို့ပြန်မည့်ပြည်သူများ ကားလက်မှတ်ရရှိရန် နှစ်စဉ်အခက်အခဲများကြုံတွေ့နေရသည်။ ဧပြီ ၇ ရက်ကလည်း ရန်ကုန်မှနယ်ဝေးသို့အသီးသီးပြန်ကြမည့်ခရီးသွားပြည်သူများသည်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း လူတန်းရှည်ကြီးများဖြင့် တန်းစီနေရပြီးရဲတပ်ဖွဲ့ဝင်အချို့ပင် လာရောက်ထိန်းသိမ်းခဲ့ရသည်။ ထို့ကြောင့် ပိတ်ရက်ရှည်ကာလနေရပ်သို့ ပြန်မည့်သူများ၏အခက်အခဲကို ပြည်သူ့အသံအဖြစ် စုစည်းဖော်ပြလိုက်ပါသည်။

ကိုခွန်သက်အောင်စိုး
(သီလ၀ါစီးပွားရေးဇုန် ၀န်ထမ်း၊ တောင်ကြီးမြို့သို့  ပြန်မည့်သူ)
လက်မှတ်လာဖြတ်တာ ဒါနဲ့ဆိုသုံးကြိမ်မြောက်ပေါ့။ ပထမအကြိမ် လာဖြတ်တုန်းက ကားလက်မှတ်တော့မရခဲ့ဘူး။ နေပူထဲမှာလာဝယ်ရ တော့ အပူလျှပ်ပြီးဖျားပါဖျားသွားတယ်။ နောက်တစ်ခေါက်မနက်အစော ကြီးတစ်ခါလာဝယ်တော့လည်း တန်းတောင်မစီရသေးဘူး။ ဂိတ်ကလက် မှတ်က ကုန်သွားပြီဆိုတော့ ပြန်လာခဲ့ရတယ်။ ဒီတစ်ခေါက်လာတော့ လည်း အဝေးကြီးကနေလာရတာ။ အစောကြီးကားဂိတ်ရောက်နေပေ မယ့်လည်း ဂိတ်ကဟိုနေရာမှာရောင်းမလို၊ ဒီနေရာမှာရောင်းမလိုနေရာရွှေ့တော့ အခုတော့နောက်ဆုံးမှာ တန်းစီနေရတယ်။ အကုန်လုံးကိုတော့ မှန်မှန်ကန်ကန်ပဲဖြစ်စေချင်တယ်လေ။ လူတိုင်းက ကိုယ့်နေရပ်ပြန် ချင်ကြတာပဲလေ။ အဲဒီအပေါ်မှာ အမြတ်မထုတ်စေချင်ဘူး။ ကိုယ်ချင်းစာတတ်စေချင်တယ်။ ကားတွေက တော့ ပုံမှန်အချိန်မှာ လုံလုံလောက်လောက်ရှိပေမယ့် သင်္ကြန်ကာလအတွက်တော့ မလုံလောက်ဘူးဖြစ်နေ တယ်။ ဒီအတွက် အဆင်ပြေအောင်တစ်ခုခုလုပ်ပေးစေချင်တယ်။

ကိုမင်းမင်းဦး
(ကိုမင်းမင်းကားလက်မှတ်အရောင်းဌာန)
ရန်ကုန်-မန္တလေးက ပြောသလောက်မခက်ဘူး။ ကားဂိတ်တွေက နည်းနည်းချင်းခွဲရောင်းပေးနေတဲ့အပြင် ကားလိုင်းလည်းများတယ်။ ထွက်တဲ့ကားလည်းများတော့ အဲဒီလမ်းကြောင်းက သိပ်မကျပ်ဘူး။ အဓိကအခက်အခဲဖြစ်နေတာက နယ်တွေပြန်မယ့် ခရီးသည်တွေပဲ။ အလုပ် က ၁၂ ရက်နေ့မှ ပိတ်မယ့်အတွက်ကြောင့် ကားလက်မှတ်ခက်ကုန်တယ်။ နယ်အထိုင်မဟုတ်တဲ့ကားတွေက နယ်တွေအတွက်တစ်ကြောင်းတည်းနဲ့ မသွားချင်ကြဘူး။ နောက်ပြီး လိုင်းတော်တော်များများမှာ သင်္ကြန်တွင်း စီးလုံးငှားဖို့ လိုက်ကြမယ့်ဟာတွေရှိတော့ ကားနည်းသွားတာလည်းပါတယ်။ အစိုးရအနေနဲ့ကတော့ နယ် ထွက်ရမယ့်ကားတွေအတွက် အပြန်လူမပါဘဲ ပြန်လာရမယ့်ဟာကို သင့်တင့်တဲ့ဈေးနှုန်းတစ်ခုသတ်မှတ်ပေးပြီး ဆွဲခိုင်းစေချင်တယ်။ အစိုးရအနေနဲ့ ယာဉ်လိုင်းတွေနဲ့တွေ့ဆုံပြီး သင်္ကြန်မတိုင်ခင်နောက်ဆုံးနေ့အထိ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဥပမာ ရန်ကုန်-ပခုက္ကူယာဉ်လိုင်း ၂၀ ရှိရင်တစ်လိုင်းကို အနည်းဆုံးနှစ်စီးပြေးဆွဲဖို့ ဆွေးနွေးသင့်တယ်။ နောက်ပြီးအစိုးရက သူတို့ကားတွေကို ထုတ်ပြီးဆွဲပေးရင်တော့ အဆင်ပြေဆုံးပေါ့။

ဦးအောင်ကိုကို
(အရောင်းအ၀ယ်၊ မြင်းခြံမြို့သို့ပြန်မည့်သူ)

မြင်းခြံဘက်ကိုပြန်ဖို့အတွက် လက်မှတ်သွားဖြတ်တယ်။ ဂိတ် ပေါင်းစုံက ရောင်းလို့ကုန်ပြီလို့ပြောတယ်။ တချို့က ၄ လပိုင်း ၁ ရက်နေ့မှရောင်းမယ်လို့ပြောတယ်။ အဲဒီနေ့ထပ်သွားတော့ မြင်းခြံလက်မှတ် မရဘူး။ မိတ္ထီလာလက်မှတ်ပဲရမယ်ပြောတယ်။ မိတ္ထီလာမှာပြန်ပြောင်း စီးရမယ့်ပုံစံပေါ့။ အတည်တကျမရှိဘူး။ ဟိုနေ့ရောင်းမယ်၊ ဒီနေ့ရောင်း မယ်ချိန်းပြီး တကယ်သွားတော့ မရဘူး။ အခက်အခဲတွေအများကြီးရှိတာပေါ့။ လက်မှတ်ဈေးလည်း ပုံမှန်ထက်ပိုပေးရတယ်။ ပိုက်ဆံပိုပေး ရပြီးတော့ သွားချင်တဲ့နေရာကွက်တိမရောက်ဘူး။ မိတ္ထီလာဘက်ကိုဆက်သွားရင်  ဟိုဘက်မှာတစ်ဆင့် ပိုက်ဆံကထပ်ကုန်ဦးမယ်။ ပိုက်ဆံပိုပေးရရင်တော့ လိုတဲ့ခရီးကိုရှောရှောရှူရှူရောက်ချင်တာပေါ့။ လက်မှတ်ကိုလည်း အဝေးပြေးဂိတ်မှာ ခဏခဏလာဝယ်ရတယ်။ ဒီလိုအဖြစ်အပျက်က နှစ်တိုင်းဖြစ်နေတာ ပြည်သူတွေအားလုံးလည်းသိတယ်။ ဒီလိုဒုက္ခတွေက ကြုံနေတာကိုသက်ဆိုင်ရာအကြီးအကဲတွေက ထိထိရောက်ရောက်ဖြေရှင်းပေးစေချင်တယ်။

ကိုလင်းလင်းမောင်
(မုံရွာမြို့)

သင်္ကြန်ဆိုတော့ ကိုယ့်နယ်ကိုပြန်ချင်ကြတဲ့လူချည်းပါပဲ။ ပြန်ချင် ကြပေမယ့် ပြန်ဖို့ကားလက်မှတ်ကအခက်တွေ့နေတာပါ။ ကားလက် မှတ်တွေ ကြိုဝယ်ထားပြန်တော့လည်း ကားဂိတ်တွေကပေးမရောင်းဘူး လေ။ ဘယ်နေ့မှလာခဲ့ဆိုတာချည်းပဲ။ သူတို့လာခိုင်းတဲ့ရက်သွားတော့ သတ်မှတ်ထားတဲ့ဈေးထက်ပိုသွားပြီ။ သက်ဆိုင်ရာဌာနတွေကတော့ ပြောကြတာတော့ စုံနေတာပဲ။ ပိုရောင်းရင် အရေးယူမှာဘာတွေပေါ့။ တကယ်တမ်းအလုပ်မလုပ်နိုင်ခဲ့ဘူး။ ပြည်သူတွေအတွက် အခက်အခဲကို မဖြေရှင်းပေးနိုင်ပါဘူး။ နှစ်တိုင်းလည်း အခုလိုမျိုးကြုံရဦးမှာပါ။ ကားလက်မှတ်ကလည်း သင်္ကြန်နားနီးရင် လက်မှတ်ကျပ်မယ်၊ ဈေးတက်မယ်လေ။ ထုံးစံလိုဖြစ်နေတော့ သင်္ကြန်နားနီးလို့ နယ်ပြန်ရင်အခက်အခဲဆိုတာကို ယဉ်ပါးနေပါပြီ။

ကိုသန့်ကုဋေအောင်
(ဆေးကုမ္ပဏီဝန်ထမ်း၊ ပြည်မြို့သို့ ပြန်မည့်သူ)

ပြည်ပြန်ဖို့အတွက် ကားလက်မှတ်က တခြားဂိတ်တွေမှာတော့ မရှိ တော့ဘူး။ ဈေးပိုမယူဘဲ ပုံမှန်ဈေးနဲ့ရောင်းပေးတဲ့ဂိတ်မှာကျတော့ လူ တွေကအရမ်းများလာပြီး ဂိတ်ကအစီအစဉ်တကျရောင်းဖို့အခက်အခဲ ဖြစ်လာတယ်။ လက်မှတ်ဝယ်တဲ့သူတွေကလည်း ရချင်ဇောနဲ့အတင်းတိုး ကြိတ်ဝယ်ကြတယ်။ တန်းစီပြီးစနစ်တကျလေးလုပ်ပေးနိုင်ရင် နှစ်ဦးနှစ်ဖက်ပိုအဆင်ပြေမယ်။ လူတွေအများကြီးစုပြုံတိုးတော့ ကိုယ့်အတွက်ရမယ်၊ မရဘူးတောင်မသေချာဘူး။ တချို့ကားဂိတ်တွေက ပြည်ဘက် လမ်းကြောင်းကို မဆွဲပေးတော့ဘူးလို့လည်းကြားရတယ်။ အားလုံးပြေးဆွဲပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အရင်ကတော့ နယ်ပြန်မယ့်သူတွေအတွက် YBS တွေနဲ့ပြေးဆွဲပေးမယ်လို့လည်း ကြားရတယ်။ အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဂက်စ်ကားတွေဆိုတော့ ဂက်စ်မလောက်တာတို့လိုမျိုး အဆင်မပြေဖြစ်မှာလည်း စိုးတယ်။ ဖြစ်နိုင်ရင်တော့ ကားများများရှိစေချင်တယ်။ ကားထွက်တာနည်းတဲ့နယ်ဘက်က လူတွေကျတော့ ပြန်ဖို့အခက်အခဲပိုကြုံရတယ်။

ကိုတင်အောင်မိုး
(ကားပြုပြင်ရေး၊ မကွေးမြို့သို့ ပြန်မည့်သူ)

မတ်လ ၃၀ ရက်လောက်က ဂိတ်ကိုလက်မှတ်လာဝယ်တယ်။ မရှိ တော့ဘူးလို့ပြောလို့ပြန်လာရတယ်။ ဂိတ်ကဘယ်ရက်ပြန်လာခဲ့၊ အဲဒီနေ့ ရောင်းမယ်လို့ ပြောတယ်။ သူတို့ပြောတဲ့နေ့ လက်မှတ်သွားဖြတ်တယ်။ အဲဒီနေ့ကျလည်း မရောင်းသေးဘူးပြောလို့ ပြန်လာရပြန်ရော။ ဧပြီ ၇ ရက်နေ့တစ်ခေါက်ပြန်လာဝယ်တော့မှ လက်မှတ်ကရတယ်။ ဒါတောင်  ဘုရားဖူးကားတစ်စီးကို အောက်ဆိုက်ဆွဲပေးလို့ရတာ။ ဈေးကတော့  အ ရင်ဈေးမဟုတ်ဘူး။ နှစ်သောင်းနှစ်ထောင်ပေးရတယ်။ အရင်ထက်တစ်သောင်းလောက်ပိုများတယ်။ ဈေးပို ယူတဲ့အတွက် ဖြစ်နိုင်ရင်တော့တိုင်ချင်တယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်းမဖြစ်မနေပြန်ရမှာဆိုတော့ ဘယ် လိုပြောရမှန်းမသိတော့ဘူး။ အခက်အခဲတွေတော့ နှစ်တိုင်းကြုံရတယ်။ အဓိကကတော့ ကားပိုင်ရှင်တွေ၊ ကားအသင်းတွေက ခရီးသည်တွေကိုအဆင်ပြေအောင်လုပ်ပေးစေချင်တယ်။ နယ်ရောက်ပြီးရင် ရန်ကုန် ပြန်ဖို့ ချက်ချင်းလက်မှတ်ဖြတ်ရတယ်။ အဲဒီလိုမှမဟုတ်ရင် အပြန်လက်မှတ်လည်းရဖို့မလွယ်ဘူး။ အသွား ရော၊ အပြန်ရော ဒုက္ခရောက်တာပါ။

ကိုဗညားအောင်
(ဂျပန်စာသင်တန်းဆရာ)

လက်မှတ်ဝယ်ဖို့ အိမ်ကနေ မနက် ၄ နာရီလောက်ကတည်းက ထပြီး ကားဂိတ်ကိုလာရတယ်။ ဒီကိုအစောကြီးရောက်နေပေမယ့်လည်း လက်မှတ်ဝယ်တဲ့သူတွေက စနစ်တကျတန်းမစီကြတော့ အခက်အခဲ တွေဖြစ်တယ်။ လူတွေက စည်းကမ်းမရှိဘူး။ ကျော်တက်ပြီးနေရာလုကြ တယ်။ ကျန်တဲ့ဂိတ်တွေအားလုံးက ဧပြီ ၆ ရက်နေ့လောက်ကတည်းက လက်မှတ်အကုန်ကုန်သွားကြပြီ။ တခြားဂိတ်တွေမှာတော့ ပုံမှန်ထက်လေးငါးထောင်လောက်ပိုပေးရတယ်။ လက်မှတ်ကုန်သွားလို့မရတာက အခက်အခဲတစ်ခု။ လက်မှတ်ရတော့လည်း စနစ်တကျတန်းမစီလို့ အဆင်မပြေပြန်ဖြစ်ရတယ်။ ရောင်းတဲ့ ဂိတ်တွေဘက်ကလည်း သေချာတန်းလေးတွေလုပ်ပြီး စီစဉ်ပေးရင် ပိုအဆင်ပြေမယ်။

မခင်သီရိဝင်းရွှေ
(NGO ၀န်ထမ်း၊ ပြည်မြို့သို့ပြန်မည့်သူ)

နှစ်တိုင်း သင်္ကြန်အတွက်ကားလက်မှတ်က အခက်အခဲအမြဲကြုံရ တယ်။ ကားလက်မှတ်တွေက ကျန်တဲ့တခြားဂိတ်တွေမှာ မရှိတော့ဘူး။ ရှိတဲ့နေရာကျတော့ ၉ နာရီရောင်းမယ်ဆိုလို့ ၇ နာရီကတည်းက မိသားစုနဲ့အတူတူလာစောင့်တာ။ လက်မှတ်ကလည်း ပြည်အတွက် ၂၉ စောင်ပဲရှိတော့တယ်တဲ့။ တခြားသူတွေရဖို့၊ မရဖို့တောင် မသေချာတော့ ဘူး။ သင်္ကြန်တွင်းဆိုတော့ အားလုံးလည်းနားချင်ကြမယ်လေ။ ကားဂိတ် တွေကလည်း ဒီကာလလေးအတွက်ပဲ ကားတွေလေး၊ ငါးစီးလောက်ထပ်သွင်းရင် တခြားအချိန်တွေဆိုရင် လူကသိပ်ပုံမှန်အတိုင်းပဲဆိုတော့ ဂိတ်တွေရဲ့အခက်အခဲရှိတာကို လည်းနားလည်တယ်။ နှစ်ဦးနှစ်ဖက်ကြည့်ရင်တော့ ဒီလိုအခက်အခဲမျိုးက ဆက်ရှိနေဦးမှာပဲ။ Famous ကား လိုင်းလိုမျိုး လက်မှတ်ကိုပုံမှန်ဈေးအတိုင်းရောင်းပေးတာမျိုးဖြစ်စေချင်တယ်။ လူတွေအရမ်းများတဲ့အတွက်  ဂိတ်ဘက်ကလည်း လက်မှတ်ဝယ်တဲ့နေရာမှာ စနစ်တကျလေးဖြစ်အောင်စီစဉ်ပေးစေချင်တယ်။ အခုတော့ တိုးကြကြိတ်ကြ၊ အော်ကြဟစ်ကြနဲ့ ရဲလာထိန်းမှ နည်းနည်းအဆင်ပြေသွားတယ်။ မနက်ကတည်းက လာစောင့်ရတာဆိုတော့ ပါလာတဲ့မိသားစုတွေအားလုံးဗိုက်လည်းဆာနေပြီ။ လက်မှတ်က ဘယ်အချိန်ရမှန်း မသိတော့ ဆက်စောင့်ရဦးမယ်။

ကျော်ကျော်
(ရန်ကုန်မြို့)

နှစ်စဉ်နှစ်တိုင်းဒီလိုဖြစ်နေတာကို အစိုးရတာဝန်ရှိသူတွေက ခရီး သွားပြည်သူတွေ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးစေချင်ပါ တယ်။ သင်္ကြန်တွင်းလည်းဖြစ်၊ ရုံးပိတ်ရက်ကလည်း တူနေကြတော့ လူ တိုင်းကိုယ့်အိမ်ကိုယ်ပြန်ချင်တာပေါ့။ ဒါတွေကို သေသေချာချာစိစစ် ဆောင်ရွက်ပေးစေချင်ပါတယ်။

ကိုအောင်အောင်
(ပခုက္ကူမြို့သို့ ပြန်မည့်သူ)
ကားလက်မှတ်က ၀ယ်ရတာခက်တယ်။ လက်မှတ်တွေက များ သောအားဖြင့် ၀ယ်ရတာမရတာများတယ်။ နှစ်တိုင်းပါပဲ။ နှစ်တိုင်းလက် မှတ်ကျပ်တာက ပုံမှန်လိုဖြစ်နေတယ်။ တချို့ကားလိုင်းတွေက ဈေး တက်တယ်။ ၁၁,၀၀၀ ကနေ ၁၇,၀၀၀ လောက်အထိဖြစ်သွားတာရှိ တယ်။ တချို့ကားလိုင်းတွေကလည်း ပုံမှန်ပဲပေါ့။ အစိုးရပိုင်းကဖြေရှင်း ပေးမယ်လို့ ပြောပေမယ့် ခုထိမပြေလည်သေးဘူး။ တကယ်တမ်းလက် မှတ်တွေ ရောင်းတာကပိုဈေးတင်ထားပေမယ့် လက်မှတ်မှာရေးထားတာက ပုံမှန်ဈေးအတိုင်းပဲ။ ပိုမယူထားဘူးလို့ ငြင်းလို့ရနေတယ်။ ခုလိုနှစ်တိုင်းဖြစ်နေတာကို ဖြေရှင်းပေးသင့်တယ်။ ခုထိ လက်မှတ်မရသေးတာတွေလည်းရှိနေတယ်။

ကိုမျိုးကိုကို
(အင်ဂျင်နီယာ၊ မန္တလေးမြို့)

လက်မှတ်ဝယ်ရတာကတော့ နှစ်တိုင်းအခက်အခဲဖြစ်တယ်။ ကြို ကြိုတင်တင်ဝယ်လည်းမရောင်းဘူး။ ရက်ကပ်ပြီးဝယ်ပြန်တော့လည်း မရဘူး။ အဆိုးဆုံးကတော့ ရန်ကုန်ကနေ နယ်ပြန်မယ့်ခရီးသည်တွေအ တွက် ပိုဆိုးတယ်။ တချို့ဆို ကုန်တင်ကားတွေနဲ့ လိုက်ရတယ်လို့တောင် ကြားဖူးတယ်။ ရန်ကုန်-မန္တလေးကတော့ မဖြစ်ဖြစ်အောင်လုပ်ယူလို့ရ တယ်။ ဖြစ်စေချင်တာကတော့  တာဝန်ရှိသူတွေအနေနဲ့ ယာဉ်လိုင်းတွေ ကို မှန်မှန်ကန်ကန်ဖြစ်အောင်ကိုင်တွယ်စေချင်တယ်။ ကားအရေအတွက်နဲ့ ခရီးသည်အရေအတွက်က သိပ်မကွာဘူးလို့မြင်တယ်။ အွန်လိုင်းဘွတ်ခ်ကင်လုပ်တဲ့စနစ်လေးနဲ့ ပွင့်လင်းမြင်သာအောင် ချပြပေးမယ်ဆိုရင်တော့ပိုကောင်းတာပေါ့။ အခုက သူတို့ကမရှိတော့ဘူးကုန်ပြီပြောတယ်။ နောက်ရက်ထပ်သွားတော့ ထပ်ရောင်းနေတယ်။ လက်မှတ်ခကဈေးတက်သွားတယ်။ ဒီပုံစံက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီအချိန်ဆိုရင်ကို လုပ်စားစရာခွင်တစ်ခုလိုဖြစ်နေတယ်။ ယာဉ်လိုင်းတွေကို စည်းကမ်းသတ်မှတ်ထားတဲ့အတိုင်း ကြပ်ကြပ်မတ်မတ်နဲ့ဆောင်ရွက်ပြီး မလိုက်နာရင် ယာဉ်လိုင်းပိတ်တဲ့အထိ အရေးယူစေချင်တယ်။ လိုအပ်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့တွေပါ အကူအညီတွေပေးစေချင်တယ်။