TNLA ဖမ်းဆီးထားသော ဒေသခံ ၂၁ ဦးအနက် အချို့ကို ငွေဖြင့် ပြန်လည်ရွေးယူရဟုဆို

အချို့ဖမ်းဆီးခံရဆဲဖြစ်

ကလေးငယ်များအပါ အဝင် နမ့်ခမ်းမြို့နယ် ဝါရော့ အောက်ရွာရှိ ဒေသခံ ၂၁ ဦးကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)  က မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခံရသဖြင့် ငွေကြေးပေးပြီး ပြန်လည်ရွေးယူရသည်ဟု ဒေသ ခံဦးထွန်းရီက ပြောသည်။


‘‘ငါးယောက်လောက်ကျန် သေးတယ်လို့ ပြောတယ်။ လွတ် လာတဲ့ လူတွေ ပိုက်ဆံပေးရ တယ်။ ကလေးတွေအစောဆုံး လွတ်လာတယ်’’ ဟု ဦးထွန်းရီက ဆိုသည်။

ထိုသို့ ပြန်ရွေးရာ၌ ငွေကျပ် သိန်းဆယ်ဂဏန်းထိ ပေးရသည်ဟု သိရကြောင်း ၎င်းကဆိုသည်။ TNLA တပ်ဖွဲ့ဝင်များ ကျေးရွာ အတွင်း ဝင်ရောက်လာစဉ် ကျောင်းဆင်းချိန်နှင့် တိုး၍ ကျောင်းဆင်းလာသည့် ကလေး ငယ်များပါ ဖမ်းဆီးခြင်းဖြစ် ကြောင်း ပြန်လွတ်လာသည့် က လေးငယ်နှစ်ဦးနှင့် တွေ့ဆုံမေး မြန်းခဲ့သည့် Myanmar Institute for Peace and Security အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြော သည်။

ဒေါက်တာမင်းဇော်ဦးနှင့်အ ဖွဲ့သည် ယင်းဒေသသို့ သုတေသ နပြုလုပ်ရန် ဧပြီပထမပတ်တွင် ရောက်ရှိခဲ့သည်။

‘‘ကလေးမိဘတွေ ပြောတာ ကတော့ ပိုက်ဆံနဲ့ ပြန်ရွေးလာ တာလို့ ပြောတယ်။ တချို့လူတွေ က ပြောတော့လည်း ထွက်ပြေး လာတာလို့ပြောတာ ရှိတယ်။ ကလေးမိဘ ပြောတာက တစ် ယောက်ကို ၃၆ သိန်းပေးရတယ် လို့ ပြောတယ်။ ကျွန်တော်တို့က တော့ Verify တော့ လုပ်လို့မရ ဘူး။ လုပ်လို့မရပေမယ့်ကျွန်တော် တို့ ကလေးတွေနဲ့ စကားပြောခဲ့ တယ်။ ကျွန်တော်တို့စကားပြောခဲ့ ရတဲ့ မိသားစုတွေ၊ ကလေးတွေက တော့ အဲဒီလိုမျိုးပြောတယ်’’ ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။

ကလေး ၁၁ ဦးအပါအဝင် ၁၆ ဦး လွတ်မြောက်ပြီး ငါးဦးကျန် နေသေးသည်ဟု ဒေသခံများက ပြောကြောင်း ၎င်းကဆိုသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝိုင်း ဝန်းဖြေရှင်းပေးရန် TNLA အဖွဲ့ ထံ ဆက်သွယ်မည်ဟုလည်း ဒေါက်တာမင်းဇော်ဦးက ဆို သည်။ ရဲတပ်ဖွဲ့ကလည်း ယင်း ဖြစ်စဉ်ကို စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း ပြောသည်။

နမ့်ခမ်းဒေသခံ ၂၁ ဦးကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံ သည်ဟု ပြောဆိုချက်နှင့် ပတ် သက်၍ TNLA သတင်းနှင့် ပြန် ကြားရေးဌာနတာဝန်ခံ မိုင်းအိုက် ကျော်က ၎င်းတို့အဖွဲ့တွင် ထိုသို့ လူထုအား ဖမ်းဆီးပြီး ငွေတောင်း ခံသည့် မူဝါဒမရှိကြောင်း ပြော သည်။

‘‘အဲဒီဝါရော့က လီရှောရွာ ဖြစ်တယ်။ ဒီလိုဖမ်းဆီးတာတော့ ကျွန်တော်မကြားမိဘူး။ ဖမ်းပြီး ပိုက်ဆံတောင်းတာ မူဝါဒမရှိဘူး။ ဖမ်းလည်းမဖမ်းဖူးဘူး။ တကယ် လို့ ဖမ်းတယ်ဆိုလည်း ဘာအ ကြောင်းနဲ့ ဖမ်းတယ်ဆိုတာ ကျွန် တော်တို့ မသိဘူး။ တစ်ခါတလေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးမှ စစ်ဆေးတာတို့တော့ရှိတယ်။ မူး ယစ်ဆေးဝါးမိရင်တော့ ဖမ်းတာ ရှိတယ်။ အကြောင်းမဲ့ဖမ်းတာ တော့မရှိဘူး’’ ဟု မိုင်းအိုက်ကျော် ကငြင်းဆိုသည်။

အဆိုပါဒေသတွင် ပြည်သူ့ စစ်အဖွဲ့ TNLA နှင့် တပ်မတော် စစ်ကြောင်းများ လှုပ်ရှားသွားလာ မှုရှိသည်ဟု ၎င်းကဆိုသည်။ ယင်း ဒေသတွင် နယ်မြေတည်ငြိမ်မှုမရှိ ၍ ဒေသခံများသည် ကြောက်ရွံ့ ကာ နမ့်ခမ်း၊ မူဆယ်စသည့်မြို့ များသို့ တိမ်းရှောင်မှုများရှိနေ သည်။

တိုက်ပွဲများဖြစ်ပွားနေသော ဒေသများတွင် ဒေသခံတိုင်းရင်း သားများသည် လက်နက်ကိုင်အ ဖွဲ့အစည်းများကြား စိုးရိမ်ထိတ် လန့်စွာ နေထိုင်ကြရကြောင်း နမ့် ခမ်းမြို့နယ်၌ ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ် ဆောင်မှုများသည် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် မကြာ ခဏဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသဖြစ်သော မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာဒေသခံ ၂၀ ဦးကို TNLA က ဖမ်းဆီးခဲ့ပြီး ကိုး ဦးအား ပြန်လွှတ်ပေးသည့်ဖြစ်စဉ် ၂၀၁၇ သြဂုတ်က ဖြစ်ပွားခဲ့သည်။ တပ်သားစုဆောင်းရန် စာရင်း ပေါက်နေသူများဖြစ်၍ ခေါ် ဆောင်ခြင်းဖြစ်ကြောင်း TNLA က ပြောကြားခဲ့သည်။

သိန်းနီမြို့နယ် ဟိုမွန်းရွာ ဒေသခံအမျိုးသား ၁၆ ဦးကိုလည်းကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ပြီးခဲ့သည့် မတ်လ အတွင်း ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။