ဒူးဒဏ်ရာရခဲ့သည့် ကျော်ကိုကို ရာသီကုန်အထိ နားရဖွယ်ရှိဟု ချင်းရွိုင်အသင်းထုတ်ပြန်

ထိုင်းလိဂ်ပြိုင်ပွဲ ပတ္တရား အသင်းနှင့်ပွဲတွင်  ဒူးဒဏ်ရာရရှိ သည့်  မြန်မာ့လက်ရွေးစင်တိုက် စစ်မှူးကျော်ကိုကိုသည်   ရာသီ ကုန်အထိ  နားရဖွယ်ရှိကြောင်း ချင်းရွိုင်အသင်းက  ယမန်နေ့တွင် ထုတ်ပြန်သည်။

ဧပြီ ၇ ရက်က ချင်းရွိုင်အ သင်း အိမ်ကွင်း၌ ယှဉ်ပြိုင်သည့် ထိုင်းလိဂ်-၁ ပွဲစဉ် (၉) ချင်းရွိုင် အသင်းနှင့် ပတ္တရားအသင်းတို့ပွဲ တွင် ပွဲချိန် ၇၆ မိနစ်၌ ကျော်ကိုကိုသည် ပြိုင်ဘက်အသင်း နောက်ခံလူနှင့် ထိခိုက်မိကာ ညာဘက်ဒူးဒဏ်ရာရရှိခဲ့သည်။ 

ယင်းပွဲတွင် ချင်းရွိုင်အသင်းက ပတ္တရားအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

အဆိုပါ ဒူးဒဏ်ရာကြောင့် ကျော်ကိုကိုအနေဖြင့် ကာလရှည် အနားယူရနိုင်ပြီး ၂၀၁၈ ဘောလုံး ရာသီကုန်အထိ ပြန်လည်ပါဝင် နိုင်ရန် မသေချာတော့ကြောင်း ချင်းရွိုင်အသင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

‘‘လောလောဆယ်တော့ လမ်းလျှောက်လို့တော့ရတယ်။ ဒါပေမဲ့ နည်းနည်းနာတယ်။ အခု တော့ ဆေးရုံမှာ MRI ရိုက်ထားပါ တယ်။ ရလဒ်ကတော့ မသိရသေး ပါဘူး။ ဒီနေ့ (ဧပြီ ၉ ရက်)မှ အတိအကျသိရမှာပါ။ ကာလရှည် နား ရမယ်ဆိုရင် အသင်းမှာပဲ ဆက် ကုမလား၊ မြန်မာပြည်ပြန်မလား ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ရလဒ်အဖြေကို စောင့်ကြည့်ပါဦး မယ်’’ဟု ကျော်ကိုကိုက ၎င်း၏ ဒဏ်ရာနှင့်ပတ်သက်၍ ပြော သည်။

မြန်မာ့လက်ရွေးစင် တိုက် စစ်မှူး ကျော်ကိုကိုသည် ယခုနှစ် ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက်မှ ထိုင်းလိဂ် -၁ ကလပ် ချင်းရွိုင်အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

သို့သော် ကျော်ကိုကိုသည် ချင်းရွိုင်အသင်းတွင် ပွဲထွက်ခွင့် ရရန် ရုန်းကန်နေရပြီး ထိုင်းလိဂ် ပွဲစဉ် (၉)အထိ ပွဲထွက်ကစားသမားဖြင့် ပါဝင်ခွင့်မရသေးဘဲ လူစား ဝင်ကစားသမားအဖြစ်သာ ပါဝင် ခဲ့ရသည်။

ထိုင်းလိဂ်-၁ ပွဲစဉ် (၉)အပြီးတွင် ချင်းရွိုင်အသင်းက လေးပွဲ နိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံးရလဒ် ဖြင့် ရမှတ် ၁၃ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် (၁၁)နေရာ၌ ရပ်တည်နေသည်။