ရန်ကုန်ကွင်းလယ်လူ ကျော်မင်းဦး ဒူးဒဏ်ရာကြောင့် မေလကုန်အထိ နားဖွယ်ရှိ

ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ ကျော်မင်းဦးသည် ဒူးဒဏ်ရာကြောင့် မေလကုန်အထိ အနားယူရဖွယ်ရှိကြောင်း အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

ကျော်မင်းဦးသည် ၂၀၁၆ ဘောလုံးရာသီအစတွင် ဘယ်ဘက်ဒူးဒဏ်ရာရရှိသဖြင့်  တစ်နှစ်ကျော်အနားယူရပြီး ယခုတစ်ဖန်လေ့ကျင့်ရေးကွင်း၌ ညာဘက်ဒူးထိခိုက်မိခြင်း ဖြစ်သည်။ 

ကျော်မင်းဦးသည် ယခုနှစ်ဘောလုံးရာသီတွင် ရန်ကုန်အသင်းအတွက် မတ်လအတွင်း သုံးပွဲသာ ကစားခဲ့ရပြီး ယခုတစ်ဖန်ဒဏ်ရာကြောင့် ထပ်မံအနားယူရခြင်းဖြစ်သည်။

‘‘ကျော်မင်းဦးက ပြန်ကောင်းနေပြီးမှ လေ့ကျင့်ရေးကွင်းမှာ ထပ်ထိသွားတာပါ။ ဒီအပတ်အတွင်း ဆေးရုံမှာ MRI ထပ်ရိုက်ဖို့ လုပ် ထားပါတယ်။ သူက အရင်က ဘယ်ဘက်ဒူးထိပြီး အခုက ညာ ဘက်ဒူးထပ်ထိတာပါ။ ဆရာဝန် ဆေးစစ်ချက်တော့  အတိအကျ မရသေးပါဘူး။ ဒါပေမဲ့ မေလကုန်လောက်အထိတော့ နားရနိုင်ပါ တယ်’’ဟု ဦးမြင့်သိန်းက ပြော သည်။

ကျော်မင်းဦးအပြင် ရန်ကုန် နောက်ခံလူ ဒေးဗစ်ထန်းသည် ညာဘက်ခြေထောက်ကြွက်သား ဒဏ်ရာကြောင့် ဧပြီ ၁၁ ရက်တွင် ယှဉ်ပြိုင်မည့် အေအက်ဖ်စီပွဲစဉ် လွဲချော်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်အသင်းသည် ၂၀၁၈ အေအက်ဖ်စီပြိုင်ပွဲအုပ်စု (ဆ) ငါးပွဲမြောက် ပွဲစဉ်အဖြစ် ဧပြီ ၁၁ ရက်တွင် အင်ဒိုနီးရှားကလပ် ဘာ လီယူနိုက်တက်နှင့် သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင်မည် ဖြစ်သည်။

 အေအက်ဖ်စီပြိုင်ပွဲအုပ်စု (ဆ)တွင် ရန်ကုန်အသင်းသည် လေးပွဲကစား၊ သုံးပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်ကိုးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည်။