ဆီးရီးယားတွင် စစ်ဘက်သုံး လေဆိပ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

ဆီးရီးယားတွင် စစ်ဘက်သုံး လေဆိပ်တစ်ခု တိုက်ခိုက်ခံရပြီး သေဆုံးသူအချို့ ရှိခဲ့ကြောင်း အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။


ဧပြီ ၉ ရက် မနက်အစောပိုင်းတွင် ဟွမ်းစ်မြို့ရှိ T4 လေဆိပ်ဟု လူသိများသော တိုင်ယက်စ် လေဆိပ်သို့ ဒုံးကျည်အချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဆီးရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။ သို့သော် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်မှု မရှိခဲ့ချေ။

ဆီးရီးယား စစ်ဘက်သုံး လေဆိပ်ကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဆိုသော ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း အမေရိကန်ဘက်က ငြင်းချက်ထုတ်ထားခဲ့သည်။ မည်သည့် အဖွဲ့အစည်းကမှလည်း ယင်းတိုက်ခိုက်မှုအတွက် တာဝန်ခံ ကြေညာခြင်း မရှိချေ။

ဆီးရီးယားမြို့တော် ဒမတ်စကက် ဆင်ခြေဖုံးရှိ သူပုန်များ နောက်ဆုံးလက်ကျန် ထိန်းချုပ်ထားရာ အရှေ့ဂူတား ဧရိယာတွင် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ထောင်ချီ သေဆုံးကြောင်း သတင်းများ ထွက်ပေါ်အပြီးတွင် ဆီးရီးယား စစ်ဘက်သုံး လေဆိပ်သို့ ယခုလို ဒုံးကျည်များ ကျရောက်လာခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကမူ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှု ကိစ္စနှင့် ပတ်သက်၍ ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်ကို သားရိုင်းတိရစ္ဆာန်ကြီး တစ်ကောင်နှင့် နှိုင်းယှဉ် ရှုတ်ချခဲ့သလို အာဆတ်၏ မဟာမိတ် ရုရှားနှင့် အီရန်တို့ကိုလည်း အပြစ်တင်ထားသည်။

ထရမ့်ကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဝေဖန်မှု ပြုလုပ်ထားသည့်တိုင် လေဆိပ်ကို တိုက်ခိုက်မှုမှာမူ ၎င်းတို့နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ငြင်းဆိုထားသည်။ “အဲဒီအချိန်တုန်းက ကာကွယ်ရေး ဝန်ကြီးဌာနဟာ ဆီးရီးယားမှာ စစ်ဆင်ရေး ဆင်နွှဲနေတာ မရှိပါဘူး”ဟု ပင်တဂွန် စစ်ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆီးရီးယား အစိုးရ သတင်းဌာနက အစောပိုင်းတွင် အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုသည် အမေရိကန် လက်ချက်ဟု ယုံကြည်ရကြောင်း ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင်မူ အမေရိကန်၏ အမည်ကို ပြန်လည် ဖယ်ရှားထားခဲ့ကြောင်း သိရသည်။

Ref: BBC