လူသေမပုပ်အောင် သုံးသည့် ဆေးရည် မှားထိုးမိရာမှ ရုရှားတွင် အမျိုးသမီးတစ်ဦး သေဆုံး

ရုရှားတွင် လူသေမပုပ်အောင် အသုံးပြုသည့်ဆေး မှားယွင်း ထိုးသွင်းခံရသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 


အသက် ၂၇ နှစ်အရွယ်ရှိ အီကာတာနီရာ ဖက်ဒ်ယာအီဗာသည် ကြောက်မက်ဖွယ် ဆေးပညာ အမှားအယွင်း တစ်ရပ်ကြောင့် ဆိုးရွားစွာ သေဆုံးသွားခဲ့ကြောင်း The Sun သတင်းစာက ဆိုသည်။ 

သူမကို ထိုးသွင်းပေးရမည့် ဆေးနှင့် မှားယွင်းပြီး လူသေများကို မပုပ်သိုးအောင် ဆေးစီရင်သည့် ဖော်မယ်လ်ဒီဟိုက်ဒ် အခြေပြု ဆေးရည်တစ်မျိုး ထိုးပေးလိုက်ရာမှ ဖက်ဒ်ယာအီဗာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။ “ဒါဟာ လူသတ်မှုပါပဲ။ အဲဒီ မှားယွင်းမှုကြောင့် ကျွန်မသမီးရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကနေ ပြောင်းလဲ ဖောက်ပြန်မှုတွေ စဖြစ်လာတာပါ”ဟု သူမ၏ မိခင်ဖြစ်သူ ဂါလီနာ ဘရက်ရှ်နီကိုဗာက The Sunသို့ ပြောကြားခဲ့သည်။

ဖက်ဒ်ယာအီဗာသည် ခွဲစိတ်မှုတစ်ခု ခံယူရန်အတွက် ယူရယ်လ်နိုဗက်စ်ခ်ရှိ ဆေးရုံတစ်ခုသို့ ပြီးခဲ့သည့်လတွင် စတင် တက်ရောက်ခဲ့သည်။ သူမကို ကုသနေသည့် လုပ်ငန်းစဉ်အတွင်း ဆရာဝန်များက ဆေးရည်မှားယွင်းပြီး ထိုးသွင်းမိခဲ့ခြင်းဟု သိရသည်။

အမျိုးသမီး အနေဖြင့် မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာကို နှစ်ရက်မျှ ခံစားခဲ့ရပြီးနောက် ကိုမာဝင်ကာ အသိမဲ့ မေ့မျောသွားကြောင်း၊ ထိုအချိန်ကျမှ မော်စကိုမြို့တော်ရှိ ဆေးရုံသို့ ကတိုက်ကရိုက် ပို့ဆောင်ခဲ့သော်လည်း လက်လျှော့ခဲ့ရကြောင်း မိခင်ဖြစ်သူက ဖွင့်ဟခဲ့သည်။

“သမီးရဲ့ ခြေထောက်တွေက တဆတ်ဆတ် အကြောဆွဲနေတယ်။ တစ်ကိုယ်လုံး တုန်ရင်နေတာပါ။ သူ့တစ်ကိုယ်လုံးပါပဲ။ သူ့ကို ကျွန်မ စောင်လည်း ခြုံပေးထားတယ်။ ဒါပေမဲ့ တုန်နေတာ မရပ်ဘူး။ သူခံစားနေရတဲ့ ပုံစံကို ကျွန်မ ပြောတောင် မပြတတ်ဘူး”ဟုလည်း ဘရက်ရှ်နီကိုဗာက ပြောကြားခဲ့သည်။

ကနဦးတွင် ဆရာဝန်များ အနေဖြင့် အမှားအယွင်းတစ်ခု ရှိခဲ့သည်ကို သတိပြုမိခဲ့သော်လည်း သမီးဖြစ်သူကို အကူအညီပေးရန် ငြင်းဆိုခဲ့သည်ဟုလည်း ဘက်ရှ်နီကိုဗာက စွပ်စွဲခဲ့သေးသည်။ “သူတို့ ဆေးမှားသွင်းလိုက်မှန်း သိပါတယ်။ ဒါပေမဲ့ ချက်ချင်း အရေးယူ တုံ့ပြန်ရမယ့် ကိစ္စတွေ ဘာမှ မလုပ်ခဲ့ဘူး။ ကျွန်မ သူတို့ကို တောင်းပန်တယ်။ ဒါကျွန်မရဲ့ တစ်ဦးတည်းသော သမီးပါလို့ ပြောခဲ့တယ်”ဟုလည်း သူမက ဆိုသည်။ ထို့နောက်တွင်မှ ဆရာဝန် တစ်ဦးက ၎င်းတို့သည် လူသေ မပုပ်အောင် အသုံးပြုသည့် ဆေးရည်နှင့် မှားယွင်း အသုံးပြုမိခဲ့ကြောင်း ဘရက်ရှ်နီကိုဗာထံ ဝန်ခံခဲ့ခြင်း ဖြစ်သည်။

ဖက်ဒ်ယာအီဗာ၏ ရုပ်အလောင်းကို ဧပြီ ၇ ရက်က မြှုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။ သေမှုသေခင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်နေပြီဟုလည်း ဆိုသည်။ 

အခင်းဖြစ်ပွားရာ ဆေးရုံ၏ အမည်နှင့် ဖက်ဒ်ယာအီဗာ အနေဖြင့် အဘယ်အကြောင်းကြောင့် ခွဲစိတ်မှု ခံယူရန် စီစဉ်ခဲ့သည်ဆိုသော အခြေအနေများကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

Ref: The Sun