အိန္ဒိယရထားတစ်စီး စက်ခေါင်းတွဲပြုတ်ပြီး ၁၂ ကီလိုမီတာခန့် နောက်ပြန်လိမ့်

 ခရီးသည် ၁,၀၀၀ ခန့် တင်ဆောင်လာသော ၂၂ တွဲပါ ရထားတစ်စင်းသည် စက် ခေါင်းတွဲမှ ပြုတ်ထွက်ပြီး မရပ်တန့်မီ မိုင်အနည်းငယ် နောက် ပြန်လိမ့်ပြီးနောက် ထိတ်လန့် တုန်လှုပ်ဖွယ်အဖြစ်အပျက်ကို သီသီလေး ရှောင်လွှဲနိုင်ခဲ့ကြောင်း အိန္ဒိယရထားသယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနက ပြောသည်။


ဂူဂျာရတ်မှ ဩဒိသပြည်နယ် သို့ ခုတ်မောင်းလာသော ယင်း မီးရထားသည် မီးရထားဝန်ထမ်း များက ရထားသံလမ်းပေါ်တွင် ကျောက်တုံးကျောက်ခဲများဖြင့် ခုပြီး မရပ်တန့်နိုင်မီ ၁၂ ကီလို မီတာခန့် နောက်ပြန်လိမ့်ခဲ့သည်။

ဧပြီ ၈ ရက်ညက ဖြစ်ပွားခဲ့ သော ယင်းအဖြစ်အပျက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှ မရှိပေ။

သို့သော် လုပ်ငန်းစဉ်များကို လိုက်နာခြင်းမရှိသည့် မီးရထား ဝန်ထမ်းခုနစ်ဦးကို လက်ရှိတာဝန် များမှ ဆိုင်းငံ့ခဲ့ပြီး ရထားတွဲများ စက်ခေါင်းတွဲမှ မည်ကဲ့သို့ ပြုတ် ထွက်ခဲ့သလဲဆိုသည်ကို စုံစမ်းစစ် ဆေးနေကြောင်း ရထားသယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူ ဂျေပီမစ်ဟရာက ပြောသည်။

ရထားတွဲများကို စက်ခေါင်း တွဲနှင့် တွဲစဉ် (သို့မဟုတ်) ဖြုတ် စဉ်တွင် အသုံးပြုသော ဘရိတ် များကို စနစ်တကျအသုံးပြုခြင်း မရှိခဲ့ (သို့မဟုတ်) သတိမပြုမိဘဲ ဖြစ်ခဲ့သည်ဟု အာဏာပိုင်များက ယူဆထားသည်။

‘‘ထိတ်လန့်တုန်လှုပ်ဖွယ် တစ်ခုခုဖြစ်တော့မယ့်ဆဲဆဲမှာ သတိရှိတဲ့ ဝန်ထမ်းတွေက အဲဒါ ကို တားဆီးနိုင်ခဲ့ပါတယ်။ လုံခြုံ ရေးနဲ့ပတ်သက်ရင် အလျှော့ပေး လို့ မရနိုင်ပါဘူး။ ရထားသယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနမှာရှိတဲ့ သူတိုင်း ကြောက်လန့်တုန်လှုပ်ခဲ့ ပါတယ်’’ဟု မစ်ဟရာက ပြော သည်။ အိန္ဒိယနိုင်ငံတစ်ဝန်း နေ့ စဉ်နှင့်အမျှ ခရီးသည် ၂၂ သန်း ကျော်သည် ရထားအစီးရေ ၉,၀၀၀ ကို အသုံးပြုကာ ခရီးသွား လာနေသည်။

ကိုလိုနီခေတ်က ဖောက် လုပ်ခဲ့သော အိန္ဒိယနိုင်ငံရှိ ရထားလမ်းကွန်ရက်သည် အိုဟောင်းနေပြီဖြစ်ပြီး ၂၀၁၂ က ထုတ်ပြန်သော အစိုးရအစီရင်ခံစာအရ နှစ်စဉ် မီးရထားလမ်းများပေါ်တွင် လူ ၁၅,၀၀၀ ခန့်သည် နည်းအမျိုးမျိုး ဖြင့် သေဆုံးနေသည်။

—Ref: AFP