တပ်မတော်နှင့် KNU တပ်မဟာ (၅) ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်ဟုဆို

စစ်ဘေးရှောင်များနှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသူများကို အကာအကွယ်ပေးရန် အစိုးရခေါင်းဆောင်များထံ MEAT တောင်းဆို

တပ်မတော်နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)အကြား ဖာပွန်ခရိုင် အတွင်း ပစ်ခတ်မှု မကြာခဏ ဆက်လက်ဖြစ်ပွားနေကြောင်း ဖာပွန်ခရိုင်အရေးပေါ်  ကူညီ ထောက်ပံ့ရေးအဖွဲ့(MEAT) တာ ၀န်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

ဖာပွန်ခရိုင် လယ်မူပလော ဒေသ၌ မတ်လပထမပတ်တွင် တပ်မတော်က လမ်းဖောက်လုပ် ခြင်းအပေါ် KNU တပ်မဟာ(၅) က ကန့်ကွက်ရာမှ  စတင်တိုက်ပွဲဖြစ်ပွားရာ ဧပြီ ၉ ရက်အထိ မကြာခဏ ပစ်ခတ်မှုများရှိနေကြောင်း KNU အတွင်းရေးမှူးဟောင်း လည်းဖြစ်သူ ပဒိုမန်းမန်းကဆို သည်။ ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်မှုများရှိသည်ဟု ၎င်းက ပြောသည်။

‘‘တပ်တွေလည်း အခုထက် ထိ ပြန်မဆုတ်သေးပါဘူး။ သူတို့ရဲ့ တပ်အင်အား ခြောက်ရာလောက် ရှိနေတုန်းပဲ ဖြစ်တယ်။ လမ်းရဲ့ ဘယ်ညာဝန်းကျင်မှာ တပ်စခန်း ချထားတာတွေ၊ တိုက်ကင်းလှည့် တာတွေ လုပ်နေတုန်းပဲ ရှိပါသေး တယ်။ လမ်းဖောက်တာတော့ မရှိ တော့ဘူး။ ဒါပေမဲ့ တပ်တွေပြန် မဆုတ်တော့ နှစ်ဖက်က သူပစ် ကိုယ်ပစ် ကြိုးကြား ကြိုးကြားတော့ နေ့တိုင်းလိုလို  ဖြစ်နေတုန်းပါ။ ကြီးကြီးကျယ်ကျယ် တိုက်ပွဲကြီး မဟုတ်ပေမယ့် နေ့တိုင်းလိုလို ဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်’’ ဟု ပဒိုမန်းမန်းကဆိုသည်။

KNU တာဝန်ရှိသူများ၊ ဒေ သတွင်းကူညီရေးအဖွဲ့များ ပါဝင် ဖွဲ့စည်းထားသည့် MEAT အနေဖြင့် ဧပြီ  ၉ ရက်တွင် သတင်းတစ်ရပ် ထုတ်ပြန်ခဲ့ရာ တပ်မတော်နှင့် KNU တို့  ဖာပွန်ဒေသတိုက်ပွဲကြောင့် တိမ်းရှောင်နေသည့်  စစ်ဘေးဒုက္ခသည်ပြည်သူများနှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသူများကို အကာအကွယ်ပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ထံမေတ္တာရပ်ခံခဲ့သည်။

ဧပြီ ၅ ရက်က ကူညီရေးအဖွဲ့ဝင် အသက် (၄၂)နှစ်အရွယ် လယ်မူပလောရွာသားတစ်ဦး လယ်မူပလောဒေသသို့  အပြန် ခရီးတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း MEAT ၏ ကြေ ညာချက်၌ ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ ပြည်ထောင်စုအဆင့်ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) မှ တပ်မတော်ကိုယ် စားလှယ် ဗိုလ်မှူးကြီး ၀ဏ္ဏအောင် ထံ ဆက်သွယ်မေးမြန်းရာ အ ဆက်အသွယ်မရရှိပေ။

တပ်မတော်နှင့် KNU တပ် မဟာ (၅)တို့အကြား တိုက်ပွဲများ ကြောင့် အဆိုပါဒေသရှိ ကျေးရွာ များမှ ဒေသခံနှစ်ထောင်ခန့် စစ် ဘေးတိမ်းရှောင်ရပြီး  စားဝတ် နေရေးအခက်အခဲများ ဖြစ်ပေါ် နေသည်ဟု KNU က ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ် သက်ပြီး JMC ယန္တရားမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းနေသော်လည်း ပြေလည်မှု မရသေးပေ။ ထို့ပြင် မတ်လကုန်က ကျောက်ကြီးမြို့ နယ်၌ တပ်မတော်နှင့် KNU တပ် ပိုင်းဆိုင်ရာ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်သော် လည်း KNU ဘက်က တပ်မဟာ (၅)တပ်မဟာမှူးမတက်ရောက် ၍ဆိုကာ တွေ့ဆုံပွဲကို တပ်မတော်ဘက်က ရွှေ့ဆိုင်းထား သည်။

KNU သည် ၂၀၁၂ တွင် အ စိုးရနှင့် အပစ်ရပ်စဲရေးစတင်ပြီး နောက် တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှုများကို သိသာစွာလျှော့ချနိုင်ခဲ့သည်။ ၂၀၁၅အောက်တိုဘာတွင် KNU သည်အခြားတိုင်းရင်းသား လက်နက် ကိုင် ခုနစ်ဖွဲ့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့သည်။